အမျိုးသမီး လစဉ်သုံးပစ္စည်း (Pad) နဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အကြောင်းအရာတွေ

Pad တစ်ခုကို အချိန်အကြာကြီးမလဲဘဲ သုံးရာကနေ မိန်းမကိုယ်အနံ့ဆိုးထွက်တာ၊ ယားယံတာ၊ မှိုစွဲတာတွေကို အတွေ့ရများတဲ့အတွက် လစဉ်သုံးပစ္စည်းနဲ့ပတ်သက်လို့ ဆောင်ရန်/ရှောင်ရန်တွေကို ပြောပြပေးလိုက်ပါတယ်နော်။????

Pad တစ်ခုကို ဘယ်လောက်ကြာအောင်ထားရလဲ……. တစ်နေ့ကို ဘယ်နှစ်ခါလဲပေးသင့်လဲ…….

အကြမ်းဖျင်းအားဖြင့် (၄) နာရီခြားတစ်ခါ လဲပေးသင့်ပါတယ်။ အကယ်၍ ကိုယ်က ဓမ္မတာအလာများပြီး (၄) နာရီမပြည့်ခင်မှာ ရာသီသွေးတွေ Pad အပြည့်ဖြစ်သွားမယ်၊ နေမထိထိုင်မသာ ခံစားရမယ်ဆိုရင်တော့ ချက်ချင်းလဲပေးသင့်ပါတယ်။ အဓိက သိမှတ်ထားရမယ့်အချက်က “ရာသီသွေးတွေ Pad အပြည့် လျှံထွက်သွားအောင် လုံးဝမထားသင့်ဘူး” ဆိုတာပါပဲ။

မိန်းမကိုယ်အဝနဲ့ စအိုဝတစ်ဝိုက်မှာ ချွေးတွေ၊ ဘက်တီးရီးယားတွေ နဂိုတည်းက ရှိနေတတ်တဲ့အပြင် Pad သုံးတဲ့အခါ ပိုပြီးလှောင်ပိတ်သွားတာကြောင့် ရာသီသွေးက အနံ့ထွက်လာလေ့ရှိပါတယ်။ အနံ့ပြင်းပြင်းထွက်လာတိုင်းမှာ Pad ကို လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး ချွေးအများကြီးထွက်တဲ့အခါ၊ ရာသီဥတုပူတဲ့အခါ သာမန်ထက်ပိုပြီး မကြာမကြာ လဲပေးသင့်ပါတယ်နော်။

.

ညအိပ်ချိန် ခဏခဏ Pad ထလဲဖို့ အဆင်မပြေရင်ရော…….

ကိုယ်က အိပ်ချိန် (၁၂) နာရီနဲ့အထက် မအိပ်ဘူး။ ရာသီသွေးလည်း ခပ်များများမဆင်းဘူးဆိုရင် ညဘက်အသုံးပြုဖို့ သီးသန့်ထုတ်ထားတဲ့ Pad တစ်ခု သုံးပေးရုံနဲ့တင် လုံလောက်ပါတယ်။ ရာသီသွေးအဆင်းများတယ်ဆိုရင်တော့ Alarm လေးပေးပြီးဖြစ်ဖြစ် ထလဲပေးပေါ့နော်။

Pad ဝယ်တဲ့အခါ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေက ဘာတွေဖြစ်မလဲ…….

တွေ့ရာမြင်ရာ ဝယ်မယ့်အစား Pad အထုပ်ပေါ်မှာရေးထားတဲ့စာတွေကို သေချာဖတ်ပါ။ အရှည်၊ အကျယ်၊ စုပ်ယူနိုင်စွမ်း၊ အတောင်ပံပါ/မပါ လေ့လာပြီး ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်မယ့် Pad ကို ရွေးချယ်ပါ။

???? Regular လို့ရေးထားတဲ့ Pad တွေက စုပ်ယူနိုင်စွမ်းအတော်အသင့်ရှိပြီး ရာသီသွေး ပုံမှန်ပမာဏဆင်းတဲ့သူ၊ အနည်းငယ်များတဲ့သူတွေ စိတ်ချလက်ချသုံးနိုင်ပါတယ်။

???? Super ဆိုတဲ့စကားလုံးပါရင် စုပ်ယူနိုင်စွမ်းအား ပိုပြီးကောင်းတဲ့သဘောပါ။ ရာသီသွေးအဆင်းများတဲ့သူတွေ ရွေးချယ်နိုင်ပါတယ်။

???? Thin/Ultra-thin လို့ရေးထားတယ်ဆိုရင်တော့ ပါးလွှာပြီး သက်တောင့်သက်သာဖြစ်စေတယ်လို့ ဆိုလိုပါတယ်။ ပါးပေမယ့် စုပ်ယူမှုအားကောင်းတယ်ဆိုလို့ လူကြိုက်လည်း များကြပါတယ်။ ဒါပေမယ့် ရာသီသွေးအဆင်းများတဲ့သူတွေအနေနဲ့ မရွေးချယ်သင့်ပါဘူး။ ဓမ္မတာပြီးခါနီး နည်းနည်းပဲဆင်းတော့တဲ့အချိန်ကျမှ သုံးပါနော်။

???? Overnight လို့ ရေးထားရင်တော့ ရှင်းပါတယ်။ ညဘက်အိပ်ချိန်မှာ တော်ရုံနဲ့ ယိုစိမ့်မှုမရှိစေပါဘူး။ ပုံမှန် Pad တွေထက်လည်း ရှည်ပါတယ်။ ညဘက်မသုံးဘဲ နေ့ဘက်သုံးရင် ပုံမှန်ထက်ပိုပူတာ၊ ချွေးထွက်တာတွေဖြစ်တတ်ကြလို့ နေ့ဘက်သုံးဖို့တော့ အားမပေးချင်ပါဘူး။

.

အရှည်တွေ၊ အကျယ်တွေ၊ အတောင်ပံပါ/မပါတွေကို သေချာရွေးချယ်ဖို့၊ ချည်သားနဲ့လုပ်တာတွေဆိုရင် ကိုယ်ကြိုက်တဲ့ပုံစံနဲ့ ကိုယ့်အတွက် သက်တောင့်သက်သာရှိစေမှာကို ခံစားချက်နဲ့ရွေးချယ်ကြဖို့ အကြံပြုချင်ပါတယ်နော်။ အနံ့အင်မတန်ပြင်းတဲ့ Pad တွေက မိန်းမကိုယ်မှာ ဓာတ်မတည့်မှုတွေ ပိုဖြစ်စေနိုင်တဲ့အတွက် ဆင်ခြင်အသုံးပြုစေချင်ပါတယ်။

Pad တစ်ခုကို အကြာကြီးမလဲဘဲထားရင် ဘာတွေဖြစ်လာနိုင်လဲ…….

အနံ့ဆိုးထွက်ခြင်း၊ ယားယံခြင်း၊ အနီဖုများထွက်ခြင်း၊ မိန်းမကိုယ် မှိုပိုးဝင်ခြင်းများ ဖြစ်နိုင်ပါတယ်။

မိန်းမကိုယ်ပိုးဝင်ပြီဆိုရင်…

???? ဆီးသွားတဲ့အခါ နာကျင်ခြင်း

???? မိန်းမကိုယ်တစ်ဝိုက် ရောင်ရမ်းခြင်း

???? မိန်းမကိုယ်နီမြန်းပွန်းပဲ့ခြင်း

???? အဖြူဆင်းခြင်း၊ အနံ့ဆိုးထွက်ခြင်း

???? လိင်ဆက်ဆံချိန် နာကျင်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

ကိုယ်က Pad ကို အကြာကြီးမလဲဘဲထားတဲ့ အကျင့်ရှိတယ်၊ အထက်ပါလက္ခဏာတွေလည်း ခံစားနေရတယ်ဆိုရင်တော့ ဆေးခန်းပြဖို့ အရေးကြီးပါတယ်။

အခန့်မသင့်ရင် Toxic Shock Syndrome လို့ခေါ်တဲ့ ရှားပါးရောဂါတစ်မျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီရောဂါက မိန်းမကိုယ်မှာ Staphylococcus aureus (သို့) group A Staphylococcus ဘက်တီးရီးယား‌တွေ ပွားများလာခြင်းကြောင့် ဖြစ်ပါတယ်။ သူ့ရဲ့ရောဂါလက္ခဏာတွေက…

???? ချမ်းတုန်ဖျားခြင်း

???? ရိုးရိုးဖျားခြင်း

???? နှလုံးခုန်နှုန်းမြန်လာခြင်း

???? သွေးပေါင်ကျလာခြင်း

???? မူးဝေခြင်း

???? ထိုင်ရာကနေ ထလိုက်ရင် မိုက်ခနဲမူးသွားခြင်း

???? ပါးစပ်၊ မျက်လုံးနဲ့ မိန်းမကိုယ်မှာ အသားရောင်ပြောင်းလဲခြင်းတို့ပဲ ဖြစ်ပါတယ်။

ဓမ္မတာလာ‌နေစဉ်ကာလအတွင်း ဒီလက္ခဏာတွေကိုခံစားရတာနဲ့ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားသင့်ပါတယ်။

ဓမ္မတာလာချိန် မိန်းမကိုယ်သန့်ရှင်းရေးနဲ့ပတ်သက်ပြီး နောက်ထပ်အရေးကြီးတဲ့အချက်တွေကတော့…….

???? အနောက်ကနေ အရှေ့သို့ ဆေးကြောခြင်းကို ရှောင်ပါ။

စအိုရှိတဲ့အနောက်ဘက်ကနေ မိန်းမကိုယ်ရှိတဲ့အရှေ့ဘက်ကို ဆွဲပြီးဆေးကြောမယ်ဆိုရင် စအိုဘက်က ဘက်တီးရီးယားတွေ မိန်းမကိုယ်ဆီ ရောက်လာနိုင်တဲ့သဘော ရှိပါတယ်။ ဒါကြောင့် အရှေ့ကနေ အနောက်ဘက်ကိုပဲ ဆေးကြောပေးပါ။

???? Pad လဲလှယ်ပြီးတိုင်း လက်ဆေးပါ။ လက်မဆေးမိရင် မိန်းမကိုယ်မှိုစွဲခြင်းသာမက အသည်းရောင်ဘီပိုး ကူးစက်နိုင်ခြေလည်း မြင့်မားစေတယ်လို့ တွေ့ရှိရပါတယ်။ ဒါကြောင့် Pad မလဲခင်ရော၊ လဲပြီးအချိန်မှာရော လက်ကိုသေချာဆေးပေးဖို့ အရေးကြီးပါတယ်။

???? အသုံးပြုပြီးသား Pad တွေကို စနစ်တကျစွန့်ပစ်သင့်ပါတယ်။ ပုံမှန်အမှိုက်တွေနဲ့ ရောထွေးပစ်လိုက်ခြင်း၊ အိမ်သာခွက်ထဲ ပစ်ချလိုက်ခြင်းတို့က လေထု၊ ရေထုညစ်ညမ်းမှုတွေကို ဖြစ်စေနိုင်သလို မလိုအပ်ဘဲ ရောဂါပိုးမွှားတွေကို ပျံ့နှံ့စေပါတယ်။ ကျန်းမာရေးအတွက်မကောင်းသလို ပတ်ဝန်းကျင်အတွက်လည်း မကောင်းပါဘူးနော်။

မိန်းမကိုယ်နဲ့ပတ်သက်တဲ့ ရောဂါဝေဒနာတစ်ခုခုကို ခံစားနေရရင်လည်း မရှက်မကြောက်ဘဲ တယ်လီကျန်းမာအွန်လိုင်းဆေးခန်းမှာ လာရောက်ပြသနိုင်ပါတယ်ဆိုတာလေးကို အသိပေးတိုက်တွန်းလိုက်ပါရစေ။ ????

သန့်ရှင်းကျန်းမာတဲ့ အမျိုးသမီးလေးတွေဖြစ်ကြပါစေနော်။????

Reference : ????

https:// www. healthline. com /health/menstruation/how-often-should-you-change-your-pad#per-day

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here