လတ်တလော ဗိုက်မှာခွဲစိတ်မှုခံယူထားရင် သိချင်ကြတဲ့ (သိသင့်တဲ့) မိမိကိုယ်ကို ဂရုစိုက်ရန်အချက်များနဲ့ လိုက်နာရန်များကတော့????????????

????(၁) ကိုယ်လက်လှုပ်ရှားမှုနဲ့ ပတ်သက်လို့…????????????

– ထိုင်ထ၊ ဗိုက်လေ့ကျင့်ခန်း လုပ်တာကို ခွဲအပြီး (၈) ပတ်အထိ ရှောင်ပါ။

– အလေးချိန် (၁၀) ပေါင်ထက်ပို မ မရ။ ခွဲအပြီး (၈) ပတ်အထိ ရှောင်ပါ။

– ရေစိမ်တာကိုတော့ (၂) ပတ်ရှောင်ပါ။

– ရေနွေးကန်စိမ်တာ၊ ရေကူးတာ (၄) ပတ်ရှောင်ပါ။

– ရေချိုးလို့ရပါတယ်။ ဒဏ်ရာနေရာကို မပွတ်ရပါ။ ခပ်ဖွဖွပဲ ခြောက်အောင်လုပ်ပါ။

– လမ်းလျှောက်တာ၊ ယောဂ ကျင့်တာ၊ လေ့ကျင့်ခန်းစက်ဘီးစီးတာ စတဲ့ပေါ့ပေါ့ပါးပါးကိုယ်လက်လှုပ်ရှားမှုကို ဖြည်းဖြည်းချင်း လုပ်နိုင်သလောက် တိုးလာပါ။

– ပြေးတာ၊ ဂေါက်ရိုက်တာ၊ မြင်းစီးတာ၊ မော်တော်ဆိုင်ကယ်စီးတာတွေ စတဲ့ပြင်းပြင်းထန်ထန် လှုပ်ရှားတာမျိုးကိုတော့ (၆) ပတ်ရှောင်ပါ။

– ခွဲပြီးတဲ့အချိန်မှာတော့ ခွဲထားတဲ့ဒဏ်ရယ်၊ မေ့ဆေးနဲ့ တခြားဆေးတွေအရှိန်ကြောင့် အလွယ်တကူမောတတ်၊ နုံးတတ်ပါတယ်။ အဲဒါပြန်ကောင်းဖို့ကတော့ တစ်ယောက်နဲ့တစ်ယောက် နာလန်ထချိန် ကွာနိုင်ပါတယ်။

တာဝန်ရှိဆရာဝန်ကလည်း ကိုယ့်ရောဂါနဲ့ ခွဲစိတ်မှုပေါ်မူတည်ပြီး ဘယ်အချိန်လောက် နာလန်ထနိုင်လဲ ရှင်းပြပါလိမ့်မယ်။ အများအားဖြင့် အိမ်ရောက်လို့ တစ်ပတ် နှစ်ပတ်နေရင် အလုပ်လုပ်လို့ အဆင်ပြေတာများပါတယ်။

မှတ်ချက်။ ။ ကိုယ့်ခွဲစိတ်ဆရာဝန်က ဘာလုပ်လို့ရတယ်၊ ဘာမလုပ်ရဘူးဆိုတာ မိမိအနေအထား၊ ခွဲစိတ်မှု၊ ရောဂါပေါ်မူတည်ပြီး မှာပါလိမ့်မယ်။

????(၂) အတူနေအဖော်နှင့် အတူနေနိုင်ရန်…????????????

ဆရာဝန်နဲ့ ရက်ချိန်းပြန်ပြတဲ့အခါ ခွဲစိတ်ဆရာဝန်က စမ်းသပ်စစ်ဆေးပြီး ဘယ်အချိန် အတူပြန်နေလို့ရမလဲ ပြောပါလိမ့်မယ်။

အများအားဖြင့်

• သားအိမ်ခေါင်းပါထုတ်ထားရင်တော့ အမျိုးသားနဲ့ အတူနေတာ၊ မိမိ အမျိုးသမီးအင်္ဂါအတွင်းထဲ ကိုယ်ဝန်တားပစ္စည်းထည့်တာ အနည်းဆုံး (၆) ပတ် ရှောင်ပါ။

• သားအိမ်ပဲထုတ်ပြီး သားအိမ်ခေါင်းမထုတ်ရင်တော့ ခွဲအပြီး (၄-၆) ပတ်ထိတော့ အတူနေဖို့ စောင့်ခိုင်းလေ့ရှိပါတယ်။

အခြား အူခွဲတာဆိုရင်….

အမျိုးသားကခွဲစိတ်ခံရတာ အမျိုးသမီးနဲ့နေမယ်ဆိုရင်…

အဖြေကတော့ အတူတူပါပဲ

ခွဲအပြီး (၄-၆) ပတ်အထိ အတူနေဖို့ စောင့်ရပါလိမ့်မယ်။

????(၃) နာကျင်တာနဲ့ပတ်သက်လို့…????????????

– နာကျင်တာနဲ့ပတ်သက်လို့ကတော့ ခွဲစိတ်တယ်ဆိုတော့ ဒဏ်ရာရှိတော့ နာတာတော့ နာမှာပါ။ ပန်းတိုင်က ကိုယ့်နာကျင်မှုကို ကိုယ်ခံသာတဲ့အနေအထားဖြစ်အောင် လျှော့ချဖို့ပါ။ လုံးဝမနာအောင်တော့ လုပ်ဖို့ ခက်နိုင်ပါတယ်။

– ဆရာဝန်ပေးတဲ့ အကိုက်အခဲပျောက်ဆေးကို သေချာသောက်ပါ။ သောက်လျက်နဲ့နာရင် ဆရာဝန်/ဆရာမကိုပြောပါ။

– opoid အမျိုးအစား အကိုက်အခဲပျောက်ဆေးသောက်ထားရင် ကားမမောင်းသင့်ပါဘူး။

– မခွဲခင်သောက်တဲ့ဆေးတွေ ဆက်သောက်ဖို့ လို/မလို ဆရာဝန်ကိုမေးပါ။

– ဆရာဝန်က မသောက်ခိုင်းတဲ့ဆေး၊ မတည့်တဲ့ဆေးတွေ မသောက်ပါနဲ့။

????(၄) အစားအသောက်နဲ့ပတ်သက်လို့…????????????

• အစာကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း စားပါ။ နည်းနည်းနဲ့ ခဏခဏ စားပါ။ အများအားဖြင့် ခွဲအပြီး (၂) ပတ်လောက်ဆို ပုံမှန်အတိုင်း တိုးစားလို့ရပါပြီ။

• ခွဲစိတ်အပြီး လေထိုးတာက အရမ်းခံရခက်ပါတယ်။ ဒါကြောင့် လေပွစေတဲ့ အစားအစာတွေ၊ ဖျော်ရည်တွေ ရှောင်ပါ။ ဥပမာ- နို့နှင့်နို့ထွက်ပစ္စည်း၊ gas ပါသောဖျော်ရည်/ဘီယာ၊ အဆီများသောအစားအစာ၊ အပူအစပ်အစားအစာများ ရှောင်ပါ။

• အကိုက်အခဲပျောက်ဆေးတွေသောက်နေစဥ် အရက်သေစာ ရှောင်ပါ။

• ည (၇) နာရီနောက်ပိုင်း အရည်များများမသောက်သင့်ပါဘူး။ ညဘက် ဆီးထသွားရမှာစိုးလို့ပါ။

????(၅) ဆီး၊ ဝမ်းနှင့်ပတ်သက်၍…????????????

– ခွဲစိတ်မှု၊ မေ့ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတချို့ကြောင့် အူလှုပ်ရှားမှု နှေးကွေးစေနိုင်ပါတယ်။ ခွဲစိတ်မှုအမျိုးအစားပေါ်မူတည်ပြီး ခွဲအပြီး (၂-၃) ရက်အတွင်း ဝမ်းမသွားနိုင်ပါဘူး။ လေတော့လည်နိုင်ပါတယ်။

– ဝမ်းချုပ်၊ ဆီးတင်းရင် ဗိုက်တင်းတာ နေလို့မကောင်းတာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်ကိုပြောပြီး ညွှန်ကြားတဲ့ဝမ်းပျော့ဆေး သောက်လို့ရပါတယ်။

ဆီးသွားချင်ရင်လည်း အောင့်မထားပါနဲ့။ (၂) နာရီတစ်ခါလောက် ဆီးသွားနိုင်ရင်လည်း သွားပေးပါ။

????(၆) ခွဲစိတ်ဒဏ်ရာနဲ့ပတ်သက်လို့…????????????

• ရေစိမ်တာ၊ ရေကူးတာကတော့ အပေါ်မှာညွှန်ကြားထားသလိုပါပဲ ဂရုစိုက်ပါ။ ပိုး မဝင်အောင်ပါ။

• ရေချိုးလို့ရပါတယ်။ ဒဏ်ရာကို ခပ်ဖွဖွပဲ သုတ်ပါ။

• ဒဏ်ရာကို ဘာအဆီမှ မလိမ်းပါနဲ့။

• ဒဏ်ရာက ခွဲအပြီး (၂-၃) ပတ်အတွင်း ပိုးဝင်နိုင်ခြေ ရှိပါတယ်။

• ချုပ်ရိုးက နီရဲလာရင်၊ ချုပ်ရိုးကနေ အရည်တွေထွက်ရင်၊ ချုပ်ရိုးကပိုနာလာရင် ပိုးဝင်တာဖြစ်နိုင်ပါတယ်။

• ချုပ်ရိုးပျောက် ချုပ်ထားရင် ဖြည်စရာမလိုပါဘူး။ ရိုးရိုးချုပ်ရိုးဆိုရင်/stapler ကလစ်ဆိုရင် (၇-၁၀) ရက်လောက်မှာ လိုအပ်သလို ဖြည်ဖို့လိုပါမယ်။

• ကော် (Glue) ကပ်ထားရင်တော့ ဒဏ်ရာနေရာမှာ ကော်ရဲ့အရောင်ကြောင့် ညစ်ပတ်သလိုတော့ ထင်ရပါတယ်။ မခွာလိုက်ဖို့ လိုပါတယ်။

????(၇) အခြား အထွေထွေသတိပြုရန်…????????????

– ခွဲပြီးခါစမှာ ဗိုက်ကနည်းနည်းတော့ ဖောင်းတာ၊ ကယ်တာ ရှိပါတယ်။ ဒါကြောင့် ခပ်ပွပွ၊ ခပ်ချောင်ချောင်ဝတ်ပါ။

– ဗိုက်ကယ်၊ ဝမ်းချုပ်ရင် ဝမ်းပျော့ဆေး (သို့) ဆီးသီးဖျော်ရည် သောက်ပါ။ လေပွစာတွေ ရှောင်ပါ။

– ဆီးပိုက်ထည့်ထားတဲ့လူနာတွေဆိုရင် ဆီးပိုက်ဖြုတ်အပြီး ဆီးသွားသွားချင်း တစ်ခါနှစ်ခါမှာ ပူသလိုခံစားရနိုင်ပါတယ်။ အချိန်ကြာလို့မှ မသက်သာရင်တော့ ဆရာဝန်ကိုပြောပါ။

– မီးယပ်ရောဂါ ခွဲစိတ်မှုပြုလုပ်ထားရင် ညှစ်လိုက်တဲ့အခါ၊ ကိုယ်လက်လှုပ်ရှားတဲ့အခါ၊ ဝမ်းသွားတဲ့အခါမှာ သွေးနည်းနည်းဆင်းနိုင်ပါတယ်။ နားလိုက်ရင်၊ မညှစ်တော့ရင် ရပ်သွားပါလိမ့်မယ်။

– မီးယပ်ရောဂါ ခွဲစိတ်ထားအပြီး ရာသီလာရင် tampons တို့ menstrual cups တို့ မသုံးပါနဲ့.။ ပုံမှန် လစဥ်သုံးဂွမ်းထုပ်ပဲ သုံးပါ။

– ပထမ တစ်ရက်၊ နှစ်ရက်မှာတော့ ချုပ်ရိုးနေရာက နီတာ အရည်လေးစိမ့်တာ ရှိနိုင်ပါတယ်။

– ဒဏ်ရာဘေးနားမှာ သွေးခြေဥတာလည်း ရှိနိုင်ပါတယ်။ အနာကျက်သွားရင် ပျောက်သွားမှာပါ။

– ဆေးသွင်းတဲ့အပ် ထည့်ထားတဲ့ လက်/ခြေထောက်ရောင်ရင်၊ ဖောင်းရင် ရေခဲကပ်ပါ။ ဆရာဝန်/ဆရာမ ကို ပြောပြပါ။

????(၈) အသားစအဖြေနှင့်ပတ်သက်၍… ????????????

• ခွဲပြီးတာနဲ့ ဆရာဝန်က ဘာတွေ့လဲ၊ ဘာလုပ်ခဲ့လဲဆိုတာ မိသားစုဝင်တွေကိုရှင်းပြပြီး၊ ခွဲအပြီးနောက်ရက်မှာ လူနာကိုရှင်းပြမှာပါ။

• အသားစအဖြေရရင်လည်း ရောဂါအကြောင်းအသေးစိတ်ရှင်းပြပြီး လိုအပ်ရင် ဆက်လက်ကုသဖို့တွေကို ညွှန်ကြားအကြံပေးမှာပါ။

• အသားစအဖြေကတော့ (၇-၁၀) ရက်လောက်ဆို သိရပါပြီ။

????(၉) ရက်ချိန်း…????????????

– ဆရာဝန်ချိန်းတဲ့အတိုင်း ရက်ချိန်းသေချာပြန်ပြပါ။ ရက်ချိန်းမတိုင်ခင် တစ်ခုခုထူးခြားရင်လည်း ရက်ချိန်းမစောင့်ဘဲ ပြန်ပြပါ။

????(၁၀) နောက်ဆုံးအချက် အနေနဲ့….ရက်ချိန်းမဟုတ်ဘဲ ဘယ်အချိန်မှာ ဆေးရုံ၊ ဆေးခန်းပြန်သွားရမလဲ…????????????

• ဖျားရင် (အဖျား ၁၀၀ ကျော်)၊ လူနေလို့မကောင်းရင်

• ဒဏ်ရာက ပိုပြီးနီရဲလာ၊ အရည်ပိုထွက်လာရင်

• မိန်းမကိုယ်ကနေ ပြည်၊ သားငံရည်ထွက်နေရင်

• ရာသီလာသလို သွေးအများကြီးဆင်းရင်

• ဆေးသောက်လျက်နဲ့ နာတာ မသက်သာဘဲ ပိုနာလာရင်

• ဆီးမသွားနိုင်၊ ဝမ်းမသွားနိုင်ဖြစ်ရင်

• မိန်းမကိုယ်ကနေ ဆီးလိုအရည်တွေ ထွက်လာရင်

• ခြေထောက် (သို့) လက်တစ်ဖက်ဖက် ရောင်နေရင် စတဲ့အခြေအနေတွေဆို ပြန်ပြသင့်ပါတယ်။

အသုံးတည့်၊ အကျိုးရှိဖို့မျှော်လင့်ပါတယ်နော်..????

ခွဲစိတ်ဆရာဝန်တစ်ဦး

တယ်လီကျန်းမာ

Ref : ????

https://healthonline.washington.edu/…/after-your…

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here