တယ်လီကျန်းမာက ဆရာ၊ ဆရာမ အသံလေးတွေ ကြားတာနဲ့ကို ဝေဒနာတစ်ဝက် သက်သာတယ်လို့ feedback လေးတွေ ပြန်ကြားရပါတယ် (ဟုတ်တယ်…ဟုတ် ?)
ဒါဆိုရင် အသံလေးတွေ ဘယ်လိုထွက်လာတယ်၊ ကိုယ့်ရဲ့အသံကို ဘယ်လိုဂရုစိုက်လို့ရလဲဆိုတာ ဝေမျှပေးပါမယ်နော်…
အသံထွက်ပေါ်လာပုံကတော့
အဆုတ်ထဲက ထွက်လာတဲ့လေက အသံအိုးမှာရှိတဲ့ vocal fold လို့ခေါ်တဲ့ အသံကြိုး (ကြွက်သား) ၂ ချောင်းကို တုန်ခါစေပြီး အသံဖြစ်ပေါ်လာပါတယ်။ အသံအိုးဟာ လေပြွန် (trachea) အဝမှာ တည်ရှိပါတယ်။
အသံအိုး ပုံသဏ္ဌာန် အရွယ်အစား၊ အသံကြိုးရဲ့အထူအပါးနဲ့ တုန်ခါမှုပေါ် မူတည်ပြီး တစ်ဦးနဲ့တစ်ဦး မတူကွဲပြားတဲ့အသံတွေ ဖြစ်ပေါ်လာတာပါ။
အသံက ကျွန်တော်တို့နေ့စဉ်ဘဝရဲ့ အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်နေတာမို့ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။
..
..
အသံဆိုင်ရာ ပြဿနာတွေကတော့
– အသံပြာခြင်း၊ အသံဝင်ခြင်း
– သီချင်းဆိုစဉ် အမြင့်သံများ မဆိုနိုင်တော့ခြင်း
– အသံ ဩလာခြင်း
– လည်ချောင်း တစစ်စစ်ကိုက်ခြင်း၊ လည်ချောင်း၌ ကြမ်းတမ်းခြောက်ကပ်ခြင်း
– စကားပြောရန် အားစိုက်ထုတ်ရခြင်း
– မကြာခဏ လည်ချောင်းရှင်းရခြင်း… တို့ဖြစ်ပါတယ်။
ဒီလိုပြဿနာတွေကို အချိန်ကာလတစ်ခုကြာ ခံစားနေရရင်တော့ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုနဲ့ ပြသသင့်ပါတယ်။
..
..
အသံဆိုင်ရာပြဿနာ ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့…
– ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း (အအေးမိ၊ ဖျားနာ)
– အစာအိမ်မှ အက်စစ်များ လည်ချောင်းသို့ ဆန်တက်သောရောဂါ
– အသံ အလွန်အကျွံ အသုံးပြုခြင်း
– အသံကြိုးဆိုင်ရာ ပြဿနာများ
– လည်ချောင်းကင်ဆာ
– အာရုံကြောဆိုင်ရာ ပြဿနာများ
– အရက်၊ ဆေးလိပ် အလွန်အကျွံသောက်ခြင်း… တို့ဖြစ်ပါတယ်။
..
..
အောက်ဖော်ပြပါ အလေ့အကျင့်နဲ့ လူနေမှုပုံစံတွေက မိမိအသံကို ဂရုစိုက်ရာမှာ အသုံးဝင်နိုင်ပါတယ်။
ရေဓာတ်ပြည့်ဝအောင် နေပါ။
ရေသောက်ရာမှသာမက အသီးအနှံစားပေးခြင်းမှတစ်ဆင့်လည်း ရေဓာတ်နဲ့ ဗီတာမင်တွေကို ဖြည့်တင်းနိုင်ပါတယ်။
ပူပြီး ခြောက်သွေ့တဲ့ရာသီဥတုမှာ စိုစွတ်တဲ့လေကို ရှူပါ။ ရေငွေ့ထုတ်စက် (humidifier) ကိုအခန်းတွင်းမှာ သုံးပေးလို့ရပါတယ်။
.
ကျန်းမာသော နေထိုင်စားသောက်မှုပုံစံ
လုံလောက်စွာ အနားယူပါ။ ခန္ဓာကိုယ်အားမရှိရင် အသံကြိုးကြွက်သားလည်း အားမရှိနိုင်ပါဘူး။
လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းဟာ သက်လုံကောင်းစေရုံသာမက အသက်ရှူတာနဲ့ စကားပြောတာမှာပါ ယုံကြည်မှု ပြည့်ဝစေပါတယ်။
အစပ်အရသာလွန်ကဲတဲ့ အစားအသောက်တွေ စားသုံးခြင်းဟာ အစာအိမ်ကအက်စစ်တွေ လည်ချောင်းသို့ ဆန်တက်စေပြီး အသံကြိုးကို ထိခိုက်စေပါတယ်။
အရက်နဲ့ ဆေးလိပ်သောက်သုံးခြင်းဟာ အသံကြိုးကို ထိခိုက်စေရုံသာမက ကင်ဆာအထိဖြစ်နိုင်တာကြောင့် တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။
.
အသံအသုံးပြုခြင်း အနုပညာ
• အသံနာနေစဉ် အသံအလွန်အကျွံ အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။
• အသံကြိုးကို ဖိအားဖြစ်စေသော အလွန်ကျယ်လောင်စွာ အော်ပြောခြင်း၊ လေသံတိုးတိုး ပြောခြင်းမှလည်း ရှောင်ကြဉ်ပါ။
• အသံကို တတ်နိုင်သမျှ အသုံးမပြုဘဲ အချိန်အတိုင်းအတာတစ်ခုအထိ အနားယူခြင်း၊ အာဟာရပြည့်ဝစွာ နေထိုင်စားသောက်ခြင်းဖြင့် ကျန်းမာသောအသံ ပြန်လည်ရရှိစေပါတယ်။
• အသံကို အသုံးပြုပြီး အသက်မွေးရသူများအနေနဲ့ မိုက်ခရိုဖုန်း (microphone) အသုံးပြုရုံသာမက အသက်ရှုလေ့ကျင့်ခန်းနဲ့ အသံဆိုင်ရာလေ့ကျင့်ခန်းတွေပါ တွဲဖက်လေ့ကျင့်သင့်ပါတယ်။
…
အားလုံးပဲ ကျန်းမာတဲ့ အသံပိုင်ရှင်များ ဖြစ်ကြပါစေ။
Reference
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )
#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ#Telekyanmar
Ministry of Health,
National Unity Government.