အခုနောက်ပိုင်း ကျွန်မဆီ လူနာသက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းအများစု လာပြရင် ခါးနာတဲ့လူနာလာပြတာ များလာပါတယ်။
ခါးနာတဲ့ လူနာအများစုဟာလည်း ဆရာပေါင်းစုံ၊ ဓာတ်မှန်ပေါင်းစုံ ရိုက်ထားပြီး မသက်သာလို့ လာပြတဲ့သူလည်း အတော်များလာပါတယ်။
ဒီနေရာမှာ တချို့ကလည်း ခါးနာတာ လူတိုင်းဖြစ်နေတာပါဆိုပြီး မိမိဘာသာ အကိုက်ခဲပျောက်ဆေးသောက်နေတာတွေလည်း ရှိပါတယ်။
ဒါပေမယ့် . . .
- ခါးနာခြင်းက ၂ ပတ်ထက် ကျော်လာခြင်း
- ကိုယ်က အနားယူပေးသော်လည်း မသက်သာခြင်း
- ခြေထောက်တစ်ဖက် (သို့ ) နှစ်ဖက်လုံး နာကျင်ခြင်း၊ ထုံကျဥ်ခြင်း၊ လမ်းမလျှောက်နိုင်တော့ခြင်း
- ပုံမှန်မဟုတ်ဘဲ သိသိသာသာ ဝိတ်ကျလာခြင်း
- ခါးထိခိုက်ဒဏ်ရာ ရရှိထားခြင်း
- ဆီး (သို့) ဝမ်းများ မထိန်းနိုင်ခြင်း စတဲ့လက္ခဏာတွေ တွေ့ရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးရောဂါရှာဖွေပြီး ကုသဖို့လိုအပ်ပါတယ်။
ကိုယ်က ဆရာဝန်နဲ့လည်း ရောဂါသေချာရှာပြီး ဖြစ်ရတဲ့အကြောင်းအရင်းက ပုံမှန်ခါးနာတတ်တဲ့ အကြောင်းအရင်းတွေဖြစ်တဲ့ . . .
- အလေးမပြီး ခါးနာခြင်း
- ခါးဆစ်များကြားရှိ ခါးဆစ်ပြားကျွံခြင်း (Prolapsed intervertebral disc)
- အသက်ကြီးလို့အဖြစ်များတဲ့ အဆစ်မြစ်ရောင်ခြင်း စတာတွေကြောင့်ဆိုရင်တော့ ဆရာဝန်ညွှန်းကြားချက်တွေဖြစ်တဲ့ ဆောင်ရန်/ရှောင်ရန်တွေကို လိုက်နာရပါမယ်။
…
…
ခါးနာခြင်းဆိုတာ လူတိုင်းခံစားကြရတဲ့ ဝေဒနာဖြစ်ပြီး အထူးသဖြင့် အသက်ကြီးလာတာ (Aging) ကြောင့် ခါးနာတာဆိုလည်း Xray/ MRI တို့ သေချာရိုက်ပြီး ဖြစ်နေတဲ့ပြဿနာကို တိတိကျကျ ဖော်ထုတ်သင့်ပါတယ်။
အသက်ကြီးလို့ ခါးဆစ်ပြားကျွံတာမျိုးလို အရိုးအဆစ်ပြောင်းလဲတာကြောင့်ဆို Physiotherapy ကို အချိန် ကာလာကြာမြင့်စွာ အိမ်မှာဖြစ်စေ ဆေးခန်းမှာဖြစ်စေ ပြုလုပ်ပေးရမှ သက်သာတတ်ပါတယ်။
ခါးနာချိန်မှာ အနားယူခြင်း၊ အကိုက်ခဲပျောက်ဆေး စနစ်တကျ သောက်ခြင်း၊ ဆေးပူလိမ်းပေးခြင်း သေချာပြုလုပ်ပေးပြီး သက်သာလာရင် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေဖြစ်တဲ့ လမ်းလျှောက်ခြင်း၊ အကြောလျှော့ခြင်း၊ ရေကူးခြင်း၊ စက်ဘီးနင်းခြင်းတို့ကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။
အဝလွန်သူအတွက်လည်း ဝိတ်လျှော့ပေးရပါမယ်။
ဆေးလိပ်သောက်ခြင်းဟာလည်း ခါးနာခြင်းကို ပိုဆိုးစေပါတယ်။
ကိုယ်ဟန်အနေထားအနေနဲ့ ထိုင်ရင် မတ်မတ်ထိုင်ပေးခြင်း၊ ပစ္စည်းကောက်ယူရင် ဒူးကွေးပြီးထိုင်ပြီးမှ ယူပေးခြင်းတို့ သေချာပြုလုပ်ပေးရပါမယ်။
…
…
ဒီနေရာ ကျွန်မတို့ရဲ့ အရိုးအထူးကုဆရာဝန်ကြီးက လူနာတွေကို အမြဲမှာသလို “ ခါးနာတာက နှစ်ကြာရင်ကြာသလို ကုသချိန်ကြာတတ်တယ်။ ခါးနာရင် နားပြီး သက်သာလာတာနဲ့ သင့်တော်တဲ့ Physiotherapy လေ့ကျင့်ခန်းလုပ်တာ၊ Physiotherapy လမ်းလှမ်းမမီရင် Youtube လိုဟာမျိုးမှာရှာပြီး အိမ်မှာလေ့ကျင့်ပေးမှ တဖြည်းဖြည်းသက်သာလာမှာဖြစ်ပြီး အကိုက်ခဲပျောက်ဆေးတွေသီးသန့်သာ အားကိုးရင်တော့ ဆေးရဲ့ဆိုးကျိုးတွေ ခံစားရမှာဖြစ်ပါတယ်” ဆိုတာလေးကို သတိချပ်စေချင်ပါတယ်။
ခါးနာသက်သာအောင် ဖိနပ်၊ အိပ်ယာခင်း၊ မွေ့ရာသာမက ခါးနာရင်ပတ်တဲ့ ခါးပတ် စတာတွေကို ဈေးကြီးပေး ဝယ်သုံးနေကြတာတွေလည်း ရှိပါတယ်။ သုတေသနရလဒ်တွေအရတော့ ဒါတွေဟာ ခါးနာခြင်းအတွက် အဓိကကုထုံး မဟုတ်ပါဘူး။ ခဏတာ သက်သာမှုကိုပဲ ပေးနိုင်တာပါ။ ခါးနာခြင်းအတွက် ကျွမ်းကျင်သူဆေးပညာရှင်များနဲ့ သေချာပြသမှု ပြုလုပ်သင့်ပြီး လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ခန္ဓာကိုယ်အနေအထားပုံစုံကို သတိပြုနေထိုင်ခြင်းတွေလည်း သေချာပြုလုပ်ပေးရပါမယ်။
ခါးနာခြင်းနဲ့ပတ်သက်ပြီး တိုင်ပင်ဆွေးနွေး ကုသမှုခံယူချင်တယ်ဆိုလည်း ကျွန်မတို့ တယ်လီကျန်းမာက ကြိုဆိုပါတယ်။ တယ်လီကျန်းမာရဲ့ messenger ကိုသာ ဆက်သွယ်လိုက်ပါနော်။
လူတိုင်း ခါးနာခြင်းဝေဒနာမှ သက်သာကြပါစေရှင်…။
🙏🏻
Dr Cool
တယ်လီကျန်းမာ
Ref : 📖
https:// www. mayoclinic. org / diseases-conditions/back-pain/symptoms-causes/syc-20369906
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.