ဆီးချိုအကြိုလက္ခဏာ

ဆီးချိုအကြိုရောဂါ (prediabetes) ဆိုတာကတော့ သွေးတွင်းသကြားဓာတ် မြင့်တက်နေတာဖြစ်ပြီး အမျိုးအစား (၂) ဆီးချိုအဆင့်ထိကိုတော့ မရောက်သေးပါဘူး။ ဒါပေမယ့် အရေးကြီးတာကတော့ ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံကို မပြောင်းလဲဘူးဆိုရင်တော့ အမျိုးအစား (၂) ဆီးချိုအဆင့်ကို လုံးလုံးလျားလျား ရောက်ရှိနိုင်ပါတယ်။

ဆီးချိုအကြိုရောဂါရှိနေပြီဆိုရင်တော့ နှလုံး၊သွေးကြောနဲ့ ကျောက်ကပ်တို့မှာ စတင်ထိခိုက်နိုင်ပါတယ်။ ကျန်းမာစေတဲ့ အစားအသောက်တွေ စားမယ်၊ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်မယ်၊ ကိုယ်အလေးချိန်ပုံမှန်ဖြစ်အောင် ထိန်းသိမ်းမယ် အစရှိတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ရင်းနဲ့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ပြန်ရောက်အောင် ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။

ဆီးချိုအကြိုရောဂါက အများအားဖြင့် လက္ခဏာမပြတတ်ပါဘူး။ ဖြစ်နိုင်တဲ့ လက္ခဏာတစ်ခုကတော့ လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံတို့လိုနေရာတွေမှာ အရေပြားအရောင် မည်းလာတာပဲ ဖြစ်ပါတယ်။

ဆီးချိုအကြိုကနေ ဆီးချိုကို လုံးလုံးလျားလျားပြောင်းလဲနေပြီဆိုတာကို သိနိုင်တဲ့အချက်တွေကတော့ . . .

  • ခဏခဏရေဆာမယ်
  • မကြာခဏ ဆီးသွားမယ်
  • ခဏခဏ ဗိုက်ဆာမယ်
  • မောပန်းလွယ်မယ်
  • မျက်လုံးအမြင်တွေ ဝေဝါးလာမယ်
  • လက်တွေခြေတွေ ထုံကျဥ်လာမယ်
  • ခဏခဏ ရောဂါပိုးတွေဝင်မယ်
  • အနာဖြစ်ရင် အနာကျက်နှေးမယ်
  • အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းမယ် စတာတွေ ဖြစ်ပါတယ်။

ဘာကြောင့် ဆီးချိုအကြိုဖြစ်ရလဲ ဆိုတာကတော့ အကြောင်းရင်းတိတိကျကျ ပြောလို့မရပါဘူး။ ဒါပေမယ့် မိသားစုမျိုးရိုးလိုက်တာကလည်း ပယ်ထားလို့မရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

ဒါ့အပြင် ပန်ကရိယကနေ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးမယ့် အင်ဆူလင်ဟော်မုန်း အလုံအလောက် မထွက်တာ၊ ဆဲလ်တွေကနေ အင်ဆူလင်ရဲ့ effect ကို လက်မခံဘဲ ဆဲလ်ထဲကို သကြားတွေပေးမဝင်တော့တာကြောင့် စတဲ့အချက်တွေကြောင့် ဆီးချိုဖြစ်ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် . . .

  • အဝလွန်တာ
  • ခါးတုပ်တာ
  • အနီရဲရဲအသားတွေ၊ ထုပ်ပိုးထားတဲ့အသားတွေ အစားများတာ၊ အချိုရည်တွေသောက်သုံးတာ
  • ကိုယ်လက်လှုပ်ရှားမှု နည်းတာ
  • မိသားစုမျိုးရိုးလိုက်တာ
  • အမျိုးသမီးတွေမှာ PCOS လို့ခေါ်တဲ့ သားဥအိမ်ရေအိတ်တည်တာ
  • OSA လို့ခေါ်တဲ့ အိပ်ပျော်နေတဲ့အချိန်မှာ အသက်ရှူရပ်တာ
  • သွေးတိုးတာ
  • ကိုလက်စထရောလို့ခေါ်တဲ့ မကောင်းတဲ့အဆီတွေ စုပုံနေတာ
  • ဆေးလိပ်သောက်သုံးတာ ဒီအချက်တွေကလည်း ဆီးချိုအကြိုရောဂါကို ဖြစ်စေနိုင်ပါတယ်။

ဆီးချိုအကြိုရောဂါကနေ မထိန်းထားရင် အမျိုးအစား (၂) ဆီးချိုရောဂါကို ဖြစ်စေနိုင်ပြီး အဲဒီကနေတစ်ဆင့်

° သွေးတိုးတာ

  • ကိုလက်စထရောများတာ
  • နှလုံးရောဂါ
  • လေဖြတ်တာ
  • ကျောက်ကပ်ရောဂါ
  • အာရုံကြောရောဂါ
  • အသည်းအဆီဖုံးရောဂါ
    •မျက်လုံးရောဂါ (အမြင်အာရုံ ဆုံးရှုံးတာတွေအပါအဝင်)
  • ခြေချောင်းပုပ်တာကြောင့် ခြေထောက်ဖြတ်ပစ်ရတာတွေအထိ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ဆီးချိုအကြိုရောဂါဟာ လုံးဝပေါ့ဆလိုမရတဲ့ရောဂါ ဖြစ်ပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါအဆင့်ထိ မရောက်အောင် နေထိုင်လို့ရတဲ့ ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။

ဒါကြောင့် ကျန်းမာတဲ့ နေထိုင်စားသောက်မှုပုံစံဖြစ်တဲ့ . . .

  • ကျန်းမာစေတဲ့ အစားအသောက်တွေ မျှတအောင်စားသုံးတာ
  • လှုပ်ရှားတက်ကြွစွာနေထိုင်တာ
  • ကိုယ်အလေးချိန်ချတာ
  • သွေးပေါင်ချိန်နဲ့ ကိုလက်စထရောပုံမှန်ဖြစ်အောင် နေထိုင်တာ
  • ဆေးလိပ်ဖြတ်တာ အစရှိတဲ့နည်းလမ်းတွေနဲ့ ဆီးချိုအကြိုရောဂါမဖြစ်အောင် ကာကွယ်လို့ရပါတယ်။

ဆီးချိုအကြိုရောဂါ ရှိ‌/မရှိ သိရှိဖို့အတွက်ကတော့ . . .

  • HbA1C test (သုံးလအတွင်းမှာရှိတဲ့ သွေးတွင်းသကြားဓာတ်ကို စစ်တဲ့ test)
  • FBS or Fasting Blood Sugar (ရှစ်နာရီ အစာဖြတ်ပြီး ဒါမှမဟုတ် တစ်ညလုံး ဘာမှမစားဘဲ နောက်နေ့မနက်မှာ သွေးတွင်းသကြားဓာတ်စစ်တဲ့ test)
  • OGT test (သကြားပါတဲ့ အရည်တစ်ခုခုကို သောက်ပြီးနောက်မှာ စစ်တဲ့ test) အစရှိတဲ့ testတွေနဲ့ မိမိမှာ သွေးတွင်းသကြားဓာတ် တက်နေလားဆိုတာကို စစ်ဆေးနိုင်ပါတယ်။
    .

ဒီလောက်ဆို ဆီးချိုအကြိုရောဂါအကြောင်းနဲ့ ပတ်သက်ပြီး ဗဟုသုတတွေ ရရှိသွားပြီလို့ ထင်ပါတယ်။

ဆီးချိုအကြိုရောဂါဟာ ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံပေါ်မူတည်ပြီး ဆီးချိုရောဂါအထိ ဖြစ်သွားနိုင်သလို ဆီးချိုရောဂါအထိ မဖြစ်အောင် ထိန်းထားနိုင်တဲ့အဆင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့် မပေါ့ဆကြဘဲ အထက်မှာ ဖော်ပြခဲ့တဲ့နည်းလမ်းတွေအတိုင်း စားသောက်နေထိုင်ကြဖို့၊ သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးဖို့ တိုက်တွန်းလိုပါတယ်…။

References – 📚 https:// www. mayoclinic. org / diseases-conditions/prediabetes/symptoms-causes/syc-20355278

https:// www. mayoclinic. org/ diseases-conditions/prediabetes/diagnosis-treatment/drc-20355284..

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here