သွေးချို၊ ဆီးချိုရောဂါအကြောင်းကတော့ လူအတော်များများ သိဖူးကြားဖူးကြမှာပါ။ ကိုယ်ဝန်သည်မှာလည်း သွေးချို၊ ဆီးချိုရောဂါနဲ့ တွဲတတ်လို့… တွဲရင် ဘာတွေဖြစ်တတ်တယ် ပြောပြချင်လို့ပါ။

နိဒါန်းအနေနဲ့ သွေးချို၊ ဆီးချိုရောဂါ ဘာကြောင့်ဖြစ်ရသလဲဆိုတာ ကျွန်တော်နားလည်သလောက်လေး၊ နားလည်သလိုလေး ကြိုးစားရေးကြည့်ပါမယ်နော်။ မှားနေရင်လည်း ပြင်ပေးကြပါဦး။

သွေးချို၊ ဆီးချိုရောဂါဆိုတာ သွေးတွင်းသကြားဓာတ်၊ အချိုဓာတ် (Blood sugar level or Blood glucose level) တက်နေတာကို ခေါ်ပါတယ်။

  • ညဆယ်နာရီနောက်ပိုင်း ဘာမှမစားထားဘဲ နောက်တစ်နေ့နံနက် အိပ်ရာကထထချင်းလည်း ဘာမှမစားခင် မနက်ခြောက်နာရီမှာတိုင်းတဲ့ သွေးတွင်းသကြားဓာတ် glucose ပမာဏ Fasting Blood sugar (FBS) သည် 120 mg/dl ထက်များနေလျှင်
  • နေ့လယ်စာထမင်းစားပြီး နှစ်နာရီအကြာမှာတိုင်းတဲ့ သွေးတွင်းသကြားဓာတ် glucose ပမာဏ 2 hours post prandial blood sugar (2HPP BS) သည် 200 mg/dl ထက်များနေလျှင်….
  • မည်သည့်အချိန်တွင် ဖောက်သည်ဖြစ်ပါစေ သွေးတွင်း HbA1C ပမာဏသည် 6.5 ထက်များနေလျှင်….. သွေးချို၊ ဆီးချိုရောဂါဖြစ်နေပြီဟု သတ်မှတ်ပါတယ်။

ဒါ့အပြင် အခြား Random blood sugar (RBS), oral glucose tolerance test (OGTT) စသဖြင့်လည်း စမ်းသပ်မှုတွေ ရှိပါသေးတယ်။ ဆိုလိုတာက တစ်ခါတစ်ရံမှာ သွေးချို၊ ဆီးချိုရောဂါ ဖြစ်နေတယ်လို့ ပြောနိုင်ဖို့ တစ်ထိုင်တည်း၊ တစ်ခါတည်းနဲ့ ဆုံးဖြတ်၍မရနိုင်တာတွေ ရှိတတ်ပါတယ်။

သွေးချို၊ ဆီးချို ရောဂါရသည်နှင့် ကိုယ်ဝန်ရသည်မှာ သဘောတရား အတူတူဖြစ်ပါသည်။ ဘယ်နေ့က ရသည် မည်သူမှ မသိနိုင်ပါ။ သိသည့်အချိန်မှာ ကိုယ်ဝန်ကတော့ တစ်လ၊ နှစ်လ၊ သုံးလ စသည်ဖြင့် ဂရုစိုက်မှု အပေါ်တွင်မူတည်၍ စောသိသည်၊ နောက်ကျသိသည် ရှိပါသည်။ သွေးချို၊ ဆီးချိုရောဂါကလည်း ထို့အတူဖြစ်ပါသည်။ ဂရုစိုက်လေ စောသိလေ ဖြစ်ပါသည်။ ‌

တချို့က‌တော့ အတော်နောက်ကျမှ သွေးချို၊ ဆီးချိုရောဂါ၏ နောက်ဆက်တွဲပြဿနာများ ဝင်လာမှ (ဥပမာ မျက်စေ့ကွယ်ခြင်း၊ ခြေထောက်တွင်ထိခိုက်မိသော ပွန်းရာပဲ့ရာ‌လေးက အနာမကျက်ဘဲ တာရှည်နေခြင်း…..စသည်ဖြင့်ပေါ့) သိကြသည်များလည်း ရှိပါသည်။ တတ်ကျွမ်းနားလည်သူဖြင့် စနစ်တကျ သွေးဖောက်စစ်ဆေးခြင်းအားဖြင့် ပြဿနာကြီးကြီးမားမားမဖြစ်မီ စောစီးစွာသိနိုင်ပါသည်။

ကျွန်တော်တို့စားသောက်သော အစားအစာများကို အဓိကအနေဖြင့် အုပ်စုသုံးခုသာ ခွဲပါသည်။

ခန္ဓာကိုယ်ကို အင်အားဖြစ်စေသော အစာအုပ်စု။ ဒီအထဲတွင် ကာဘိုဟိုက်ဒရိတ် Carbohydrates ကစီဓာတ်နှင့် အဆီဓာတ် fat များ ပါဝင်ပါသည်။

ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာအုပ်စု။ အသားဓာတ် အသား၊ ငါးအမျိုးမျိုးနှင့် ပဲအမျိုးမျိုး၊ နို့နှင့် နို့ထွက်ပစ္စည်းအမျိုးမျိုး ပါဝင်ပါသည်။

ခန္ဓာကိုယ်ကို ရောဂါအပေါင်းမှ ကာကွယ်သောအုပ်စု။ အရောင်စုံ ဟင်းသီးဟင်းရွက် သစ်သီးဝလံများ၊ ဗီတာမင်နှင့် သက်စောင့်ဓာတ်များအုပ်စု vitamins and minerals ဟူ၍ ဖြစ်ပါသည်။

သွေးချို၊ ဆီးချိုရောဂါ ဖြစ်ရခြင်းမှာ ခန္ဓာကိုယ်ကို အင်အားဖြစ်စေသော အစာအုပ်စုအတွင်းမှ ကာဘိုဟိုက်ဒရိတ် ကစီဓာတ်ကို မိမိခန္ဓာကိုယ်က ကောင်းမွန်စွာ အသုံးမချနိုင်ခြင်းကြောင့် ဖြစ်ရပါသည်။

ကစီဓာတ်ပါဝင်သော အစားအစာများမှာ ဘာတွေများလဲ။ ဆန်၊ ဂျုံ၊ ကောက်ညှင်း၊ သကြား၊ ထန်းလျက်၊ ကြံသကာ စသည်တို့ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ကော်ကျို၍ရသော၊ အရက်ချက်၍ရသော အစားအစာများတွင် ကစီဓာတ်ပေါကြွယ်ဝစွာ ပါဝင်ပါသည်။

ကစီဓာတ်၏ အခြေခံအကျဆုံးယူနစ်မှာ glucose ဖြစ်ပါသည်။ C⁶H¹²O⁶ ဟု ရေးပါသည်။ သကြား၊ ထန်းလျက်တို့သည် glucose နှစ်လုံးတွဲထားပါသည်။ ချိုပါသည်။ အရက်ချက်ရန် ကဇော်ဖောက်လျှင် ၂၄ နာရီခန့်သာ လိုပါသည်။ ဆန်၊ ဂျုံစသည်တို့ကမူ glucose အလုံးပေါင်းများစွာ တွဲထားပါသည်။ မချိုပါ။ အရက်ချက်ရန် ကဇော်ဖေါက်လျှင် ၇ ရက်တစ်ပတ်ခန့် အချိန်ယူရပါသည်။

အထက်ပါ ကစီဓာတ်ကြွယ်ဝသောအစာများကို စားလိုက်သောအခါ အစာအိမ်၊ အူလမ်းကြောင်းက glucose တစ်လုံးချင်းစီအထိ ဖြစ်သွားအောင် အစာခြေပြီးမှ အူနံရံကစုပ်ယူပြီး သွေးထဲသို့ရောက်ပါသည်။

ထို့ကြောင့် glucose နှစ်လုံးတွဲထားသော ချိုသော သကြား စသည်တို့ပါဝင်သောအစာများကို စားလိုက်ပါက glucose တစ်လုံးစီဖြစ်ရန်၊ အစာခြေရန် အချိန်သိပ်မလိုဘဲ သွေးတွင်း glucose ပမာဏ ချက်ချင်းတက်ပါသည်။

Glucose အလုံးပေါင်းများစွာ ပေါင်းစပ်ဖွဲ့စည်းထားသော ဆန်၊ ဂျုံ စသည်တို့ကိုစားပါက glucose တစ်လုံးချင်းစီဖြစ်ရန် အစာခြေဖျက်ချိန်ကြာမြင့်သဖြင့် သွေးတွင်း glucose ပမာဏ ဖြည်းဖြည်းသာတက်ပါသည်။

Glucose များ သွေးထဲရောက်သွားရုံဖြင့် ခန္ဓာကိုယ်တွင် အားမဖြစ်ပါ။ Glucose လောင်စာများကို အလုပ်လုပ်နေသော ခန္ဓာကိုယ်၏ ဆဲလ်များအတွင်းသို့ ထည့်သွင်းနိုင်မှသာ ဆဲလ်များထဲတွင် လောင်ကျွမ်းပြီး စွမ်းအင်ထုတ်လုပ်ပြီး ဆဲလ်များကောင်းစွာအလုပ်လုပ်၊ ခန္ဓာကိုယ်အားရှိမည် ဖြစ်ပါသည်။

သွေးထဲက glucose များ ဆဲလ်ထဲသို့ ဝင်ခွင့်ပါမစ်မှာ insulin hormone အင်ဆူလင်ဟော်မုန်း ဖြစ်ပါသည်။ အစာအိမ်၏ နောက်ဘက်တွင်ရှိသော pancreas ဟုခေါ်သည့် ကိုယ်တွင်းကလီစာမှ ထုတ်လုပ်ပါသည်။ မုန့်ချိုအိတ်ဟု စာလိုဘာသာပြန်ထားပါသည်။ တုတ်ထိုးဆိုင်များတွင်တော့ သရက်ရွက်ဟု ခေါ်ပါသည်။ သရက်ရွက်နှင့် ပုံစံတူသောကြောင့် ဖြစ်ပါသည်။ အရောင်နှင့် အရသာကတော့ အသည်းနှင့်တူပါသည်။

ထို pancreas က အင်ဆူလင်ဟော်မုန်း မထုတ်လျှင်၊ လိုသလောက် မထုတ်နိုင်လျှင်၊ အင်ဆူလင်၏ glucose များကို ဆဲလ်များထဲသို့ ဝင်ခွင့်ပါမစ်ကိုပိတ်သော အခြားဟော်မုန်းများ များနေလျင် (ဥပမာ။ ကိုယ်ဝန်ဆောင်ကာလ) သွေးထဲက glucose များသည် ခန္ဓာကိုယ်ရှိ အလုပ်လုပ်နေသော ဆဲများထဲသို့ မဝင်နိုင်တော့ပါ။ ဆဲလ်များ စွမ်းအင်မရတော့ပါ။ ခန္ဓာကိုယ်အတွက် ခွန်အားမဖြစ်တော့ပါ။ သွေးထဲတွင်သာ glucose များ တက်နေပါမည်။ မြင်သာမြင်ရ မကြင်ရ ဆိုသလိုပေါ့။ ထို့ကြောင့် သွေးချို၊ ဆီးချိုရောဂါသည်များက စားသလောက်အားမရှိဘူးလို့ ပြောကြခြင်း ဖြစ်ပါသည်။

သွေးထဲက glucose များကို ရယူရန် အင်ဆူလင်ပါမစ်မလိုသော အရာများမှာ ဦးနှောက်၊ သွေးနီဥနှင့် အဆီပြင်တို့သာရှိသည်ဟု ဆိုပါသည်။

သို့ဆိုလျှင် သွေးတွင်းသကြားဓာတ်များနေရခြင်း တစ်နည်း သွေးချို၊ ဆီးချိုရောဂါ ဖြစ်ရခြင်းသည် pancreas မုန့်ချိုအိတ် သရက်ရွက်က အင်ဆူလင်ဟော်မုန်း မထုတ်လို့ (သို့) လုံလောက်စွာ မထုတ်လို့ (သို့) အင်ဆူလင်ဟော်မုန်း၏ သွေးထဲက glucose များကို ဆဲလ်များအတွင်းသို့ ဝင်စေသောအလုပ်ကို နှောင့်ယှက်သူများရှိနေလို့ တစ်ခုခုကြောင့်ဖြစ်ပါသည်။

ထို့ကြောင့် သွေးချို၊ ဆီးချိုရောဂါကို အမျိုးအစားနှစ်မျိုး ခွဲပါသည်။

Pancreas က အင်ဆူလင်ဟော်မုန်း လုံးဝမထုတ်လုပ်သော အမျိုးအစားနှင့် အင်ဆူလင်ဟော်မုန်း လုံလောက်စွာ မထုတ်လုပ် (သို့) အင်ဆူလင်ဟော်မုန်းကောင်းကောင်း အလုပ်လုပ်၍မရသော အမျိုးအစားဟူ၍ ဖြစ်ပါသည်။

ပထမအမျိုးအစားကတော့ ပြင်းထန်တဲ့ အမျိုးအစားပေါ့။ အပြင်ကနေ အင်ဆူလင်ဟော်မုန်း ထိုးမပေးရင် လုံးဝအသက်မရှင်နိုင်ဘူးပေါ့။ Type I DM or IDDM Insulin dependent diabetes mellitus လို့ ခေါ်ပါတယ်။ ကလေးဘဝကတည်းက စဖြစ်ပါတယ်။ ဘာကြောင့် အင်ဆူလင် လုံးဝမထုတ်တော့မှန်း ကျွန်တော်မသိပါ။ သူတို့လေးတွေကို ယခင်က တိရစ္ဆာန်မှ ထုတ်ယူထားသော bovine insulin ကို ထိုးပေးရတဲ့ခေတ်အခါက သူတို့တွေ အသက်မရှည်ကြပါဘူး။ ယခုခေတ်မှာတော့ Recombinant DNA tenique နဲ့ ဓာတ်ခွဲခန်းထဲမှာ လူသားအင်ဆူလင် human insulin ကို ထုတ်လုပ်အသုံးပြုလာနိုင်ပြီ ဖြစ်တဲ့အတွက် သူတို့ သက်တမ်းစေ့နေနိုင်လာပါပြီ။ မိန်းကလေးတွေဆို အိမ်ထောင်သားမွေးပြုလို့ ရလာပါပြီ။ သူတို့ကိုယ်ဝန်ရလာရင် ဘာဖြစ်မှာလဲ။ (အမလေး မောလိုက်တာ။ ကိုယ်ဝန်နဲ့ သွေးချို၊ ဆီးချို‌ရောဂါကို ဆက်စပ်ဖို့အရေး ဗာရာဏသီချဲ့လိုက်ရတာလေ)

ဒုတိယအမျိုးအစားကတော့ သိပ်မပြင်းထန်တဲ့ အမျိုးပေါ့။ အင်ဆူလင် ထိုးပေးစရာမလိုဘူး။ Pancreas ကနေ အင်ဆူလင်ပိုထုတ်အောင် လှုံ့ဆော်ပေးတဲ့ဆေးတွေ၊ အင်ဆူလင်ရဲ့စွမ်းအားကို မြှင့်တင်ပေးတဲ့ဆေးတွေ စွဲသောက်ရုံနဲ့ အဆင်ပြေပါတယ်။ အဲဒီဆေးတွေအားလုံးကို ခြုံငုံပြီး OHA (oral hypoglycemic agent) လို့ ခေါ်တယ်။

ဒါကို Type II DM or NIDDM non- insulin dependent diabetes mellitus လို့ ခေါ်ပါတယ်။ မျိုးရိုးလိုက်လို့၊ အသက်ကြီးလို့၊ အဝလွန်လို့၊ ကိုယ်လက်လှုပ်ရှားနည်းလို့၊ စိတ်ဖိစီးမှုများလို့၊ စားသောက်မှုပုံစံမှာ ကစီဓာတ်တွေ လိုအပ်တာထက်ပိုနေလို့၊ အင်ဆူလင်ရဲ့အလုပ်ကို ဆန့်ကျင်တဲ့ဆေးတွေ သောက်နေရလို့ စသည်ဖြင့် အကြောင်းအမျိုးမျိုး ရှိပါတယ်။ အဲဒီထဲမှာ မျိုးရိုးလိုက်တာက တော်တော်ပြင်းထန်တယ်ဗျ။ ဝိတ်မတက်အောင်ထိနဲ့၊ လေ့ကျင့်ခန်းမှန်မှန်လုပ်၊ အစားကြိုဆင်ခြင်တဲ့ထဲကကို အသက်အရွယ်တစ်ခုရလာရင် ဖြစ်မှာပဲ။ နောက်ဆုတ်သွားအောင်တော့ တားလို့ရတာပေါ့။ အထက်ပါနည်းတွေနဲ့။

အခုခေတ်မှာကျတော့ စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲလာတာကြောင့် အမျိုးအစားနှစ်‌ သွေးချို၊ ဆီးချိုရောဂါဖြစ်တဲ့ အသက်အရွယ်တွေက ငယ်လာကြတယ်။ Early onset type II DM လို့ ခေါ်တယ်ပေါ့ဗျာ။ ကျွန်တော်ကိုယ်တိုင်တောင် အသက် ၃၂ နှစ်မှာ သွေးချို၊ ဆီးချိုရောဂါ စသိတာ။ အမျိုးသမီးတွေ ကလေးယူတဲ့ အသက်တွေက နောက်ကျလာကြတယ်။ အသက် ၃၅ နှစ်အထက် သားဦးကိုယ်ဝန်တွေကို တွေ့လာရတယ်။ ဆိုတော့ အမျိုးအစားနှစ် သွေးချို၊ ဆီးချိုရောဂါဖြစ်ပြီးမှ ကိုယ်ဝန်ရမယ့်၊ ယူမယ့်အမျိုးသမီးတွေ ရှိလာပြီပေါ့။ ဘာလုပ်ပေးရမှာလဲ။

နောက်တစ်မျိုးကတော့ မျိုးရိုးဗီဇအရ အသက်ကြီးလာရင် သေချာပေါက် အမျိုးအစားနှစ် သွေးချို၊ ဆီးချိုရောဂါရမယ့် အမျိုးသမီးငယ်လေး။ ခုလောလောဆယ်တော့ မဖြစ်သေးဘူးပေါ့။ ဒါပေမယ့် ကိုယ်ဝန်ဆောင်လိုက်ပြီး ကိုယ်ဝန်လရင့်လာတဲ့အခါ အချင်းကထုတ်တဲ့ အင်ဆူလင်ကိုဆန့်ကျင်တဲ့ ဟော်မုန်းတွေကြောင့် ကိုယ်ဝန်ဆောင် သွေးချို၊ ဆီးချိုရောဂါ Gestational Diabetes Mellitus ဆိုတာဖြစ်တတ်ပါတယ်။ မွေးပြီးရင်တော့ ပျောက်သွားတာပေါ့။ အသက်ကြီးမှ အတည်ဖြစ်မယ်ပေါ့။ ဒါကြောင့် မိဘမျိုးရိုးထဲမှာ သွေးချို၊ ဆီးချိုရောဂါရှိတဲ့ ကိုယ်ဝန်သည်တွေ ဖြစ်နိုင်ရင်တော့ ကိုယ်ဝန်သည်တွေအားလုံးကို ကိုယ်ဝန်သက်တမ်း ၂၈ ပတ်မှာ ကိုယ်ဝန်ဆောင် သွေးချို၊ ဆီးချိုရောဂါ ရှိ/ မရှိ စစ်ဆေးသင့်ပါတယ်။

အနှစ်ချုပ်ရရင် ကိုယ်ဝန်နဲ့ သွေးချို၊ ဆီးချိုရောဂါ ပတ်သက်နိုင်တာ သုံးမျိုးရှိတယ်။

၁။ Type I DM ကလေးဘဝကတည်းက human insulin အင်ဆူလင် နေ့တိုင်းထိုးနေရလို့ အသက်ရှင်ပြီး အိမ်ထောင်ပြုသားမွေး ကိုယ်ဝန်‌ဆောင်နိုင်တဲ့အရွယ်ကိုရောက်လာတဲ့ အမျိုးသမီးများ

၂။ Early onset type II DM စောသင့်တာက မစောဘဲ မစောသင့်တာက စောသွားတဲ့ အမျိုးသမီးတွေပေါ့။ အသက်ငယ်ငယ်နဲ့ သွေးချို၊ ဆီးချိုဖြစ်ပြီးမှ ကလေးယူ/ ကိုယ်ဝန်ဆောင်မယ့်သူများပေါ့။

၃။ အသက်အစိတ်မှာ ပုခက်ချိတ်သော်လည်း မျိုးရိုးဗီဇအရ လေးဆယ်ကျော်ရင် သေချာပေါက် type II DM ဖြစ်မယ့် အမျိုးသမီးများက ကိုယ်ဝန်တတိယသုံးလမှာ ခဏ သွေးချိုဆီးချိုဖြစ်၊ မွေးပြီးရင်ပြန်ပျောက်၊ အသက်ကြီးမှ အတည်ဖြစ်မယ့်သူများပေါ့။

(နောက်တစ်ပတ်တွင် ဆက်လက်ဖော်ပြပါမည်)

ဒေါက်တာဝသုန်
သားဖွားမီးယပ်ဆရာဝန်
လွတ်မြောက်နယ်မြေတစ်နေရာ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here