ဖြစ်မလာသေးတဲ့အရာတွေကို မကြာခဏ တွေးပူမိနေလား 🥺
လူရယ်လို့ဖြစ်လာရင် စိတ်ပူတာ၊ စိုးရိမ်တာ၊ မဖြစ်သေးတဲ့အရာတွေကို တွေးပူနေတတ်တာ သဘာဝပါ။ စိတ်ခံစားချက်ရှိကြတဲ့ လူသားတွေဖြစ်တဲ့အတွက် ဒီလိုတွေးပူတတ်တာဟာ အပြစ်တစ်ခုတော့ မဟုတ်ပါဘူး။
ဒါပေမယ့် အလွန်အမင်းတွေးပူတာ၊ လိုအပ်တာထက်စိုးရိမ်မှုများလွန်းတာဆိုရင်တော့ stress ဆိုတဲ့ စိတ်ဖိစီးမှုတွေများလာပြီး လက်ရှိဘဝကို မခံစားနိုင်တော့ဘဲ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကနေမှတစ်ဆင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပါ ဖြစ်လာနိုင်ပါတယ်။
ဥပမာ၊ အလုပ်တစ်ခုရတယ်ဆိုပါစို့။ အလုပ်သစ်မှာ အဆင်ပြေပါ့မလား၊ လုပ်ဖော်ကိုင်ဖက်ကိုင်တွေက ကိုယ့်အပေါ်ကောင်းပါ့မလား၊ အလုပ်ကို အမှားမရှိအောင်လုပ်နိုင်ပါ့မလားလို့ တွေးပူမိပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတာမျိုး။
မဖြစ်သေးတဲ့ရောဂါတစ်ခုခုကို ငါ့မှာဖြစ်ရင် ဘယ်လိုလုပ်မလဲ၊ ဘယ်လိုကုမှာလဲ၊ ကုလို့ရောရနိုင်မှာလား၊ ဘယ်လောက်ကုန်ကျမှာလဲ စသဖြင့်တွေးပူပြီး ရတတ်မအေးဖြစ်နေတာမျိုး။
လူတွေက ကိုယ့်ကိုမုန်းနေလား၊ ကြည့်မရဖြစ်နေမလား၊ အထင်သေးနေမလား စသဖြင့် သေချာခိုင်လုံတဲ့ အကြောင်းပြချက်မရှိပါဘဲ ကိုယ့်အတွေးနဲ့ကိုယ် စိတ်ညစ်နေပြီး မပျော်ရွှင်နိုင်တော့တာမျိုး။
ဒီလိုမျိုး မဖြစ်သေးတဲ့အရာ၊ မသေချာသေးတဲ့အရာ၊ ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာတွေများစွာအတွက် မကောင်းတဲ့အတွေးတွေပဲ ဆက်တိုက်တွေးမိနေပြီဆိုရင်…
- လူက တဖြည်းဖြည်းနဲ့ ဘာကိုမှအာရုံမစိုက်နိုင် ဖြစ်လာမယ်
- ပျော်သင့်တဲ့အရာတွေမှာ မပျော်နိုင်တော့ဘူး
- သံသယစိတ်တွေများလာမယ်
- မိမိကိုယ်ကို ယုံကြည်မှုတွေ ကျဆင်းလာမယ်
- ဒီလိုနဲ့ နောက်ဆုံး ကိုယ့်ရဲ့နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်လာတတ်ပါတယ်။
…
…
ဒီလိုအခြေအနေဖြစ်နေပြီဆိုရင် ကျွန်မတို့အနေနဲ့ ဒါကိုဘယ်လိုနည်းလမ်းတွေနဲ့ ကိုင်တွယ်ဖြေရှင်းကြမလဲ။
🔹လက်ရှိအချိန်ကိုပဲ ဦးစားပေးပါ၊ အာရုံစိုက်ပါ။
ဖြစ်မလာသေးတဲ့အနာဂတ်ကို တွေးနေမယ့်အစား လက်ရှိမှာ ကိုယ်ဘာလုပ်နိုင်မလဲ ကိုယ်ဘာတွေလုပ်ချင်လဲဆိုတာကိုသာ အာရုံစိုက်ကြည့်ပါ။
.
🔹အကောင်းမြင်စိတ်ထားပါ။
စိုးရိမ်မှုလွန်ကဲခြင်းက အပြုသဘောမဆောင်တဲ့ အတွေးတွေကိုပဲ ဦးတည်စေတတ်တာမို့ အကောင်းမြင်စိတ်ထားပြီး ကိုယ့်မှာရှိနေတဲ့ အားသားချက်၊ ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေကို ပြန်တွေးပါ။ မိမိကိုယ်ကိုယ် ကျေးဇူးတင်ကြည့်ပါ။
.
🔹ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေကို လွှတ်ချပါ ။
ကိုယ့်သဘောနဲ့ ထိန်းချုပ်လို့မရနိုင်တဲ့ လူတွေ၊ အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေအပေါ် လိုက်ခံစားနေမယ့်အစား မိမိလုပ်နိုင်သော မိမိကိုယ်တိုင်ထိန်းချုပ်လို့ရနိုင်သောအရာတွေကိုသာ စတင်ကြည့်ပါ။
.
🔹ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ မိမိရဲ့ခံစားချက်တွေကို လက်ခံပေးပါ။
တစ်ခါတလေ မဖြစ်သေးတဲ့အရာတွေကို တွေးပူနေတာဟာ ကျွန်မတို့ရဲ့စိုးရိမ်စိတ်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ခံစားချက်ကိုလက်ခံပြီး ဘာကြောင့်ဒီလိုခံစားနေရတာလဲဆိုတာကို နားလည်အောင် ကြိုးစားကြည့်ပါ။
.
🔹အခြားသူတွေနဲ့ မျှဝေခံစားပါ ။
ကိုယ့်မှာရှိနေတဲ့ စိုးရိမ်ပူပန်မှုတွေကို ယုံကြည်ရတဲ့သူတွေနဲ့ မျှဝေပါ တိုင်ပင်ပါ။ တစ်ခါတလေ အခြားသူတွေရဲ့ နှစ်သိမ့်မှုနဲ့ အတွေးအမြင်ကလည်း ကျွန်မတို့ကို စိတ်သက်သာရာရစေနိုင်ပါတယ်။
.
🔹ယောဂကျင့်ပါ၊ တရားထိုင်ပါ။
ဒါကတော့ စိတ်ရောကိုယ်ပါတည်ငြိမ်စေတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်တဲ့အတွက် စိတ်ဖိစီးမှုကို အတော်အတန်လျှော့ချပေးနိုင်ပါတယ်။
.
🔹ကျွမ်းကျင်သူ ပရော်ဖက်ရှင်နယ်တွေရဲ့ အကူအညီကိုယူပါ။
အကယ်၍ မဖြစ်သေးတဲ့အရာတွေကို အလွန်အမင်းတွေးပူနေတဲ့အကျင့်က အပေါ်မှာပြောခဲ့သလို ကျွန်မတို့ရဲ့နေ့စဉ်ဘဝကိုပါ ထိခိုက်လာပြီဆိုရင်တော့ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူအညီယူဖို့ လိုပါတယ်။
(ဒီအတွက် စိတ်ကျန်းမာရေးဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင် ကျွန်မတို့ရဲ့တယ်လီကျန်းမာက အသင့်ရှိနေပါတယ်ဆိုတဲ့အကြောင်းလေးလည်း ကြားဖြတ်အသိပေးပါရစေ)
…
…
ဆိုတော့ မဖြစ်သေးတဲ့အရာတွေကို တွေးပူနေခြင်းဟာ လူတိုင်းနီးပါး တစ်ချိန်မဟုတ်တစ်ချိန် ကြုံတွေ့ရတတ်တဲ့ စိတ်ဖိစီးမှုတစ်မျိုး ဖြစ်ပါတယ်။
ကျွန်မတို့အနေနဲ့ ဒါကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကသာ ပိုပြီးအရေးကြီးတာဖြစ်တဲ့အတွက်…
အခုကစလို့ လက်ရှိအချိန်ကို အာရုံစိုက်ပြီး အကောင်းမြင်စိတ်မွေးကာ စိတ်ဖိစီးမှုတွေကို လျော့ကျစေခြင်းအားဖြင့် လူသားတိုင်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ပါရစေရှင်…။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
(စိတ်ပညာလေ့လာလိုက်စားသူ ဆရာဝန်တစ်ဦး)
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.