သိုင်းရွိုက်ဟော်မုန်းများတဲ့ရောဂါဆိုတာ သိုင်းရွိုက်ဂလင်း (Thyroid gland) အလွန်အလုပ်လုပ်ခြင်းကြောင့်ဖြစ်လာတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။

သိုင်းရွိုက်ဂလင်းဆိုတာ လည်ပင်းရှေ့တည့်တည့် အောက်ခြေနားလောက်မှာရှိတဲ့ လိပ်ပြာပုံစံဂလင်း (gland) ပါ။

သိုင်းရွိုက်ဂလင်းဟာ ခန္ဓာကိုယ်ရဲ့အင်္ဂါအစိတ်အပိုင်းအားလုံး ဇီဝကမ္မဖြစ်စဉ်တွေ နေ့စဉ်ပုံမှန်လုပ်ဆောင်ဖို့အတွက် အလွန်အရေးကြီးတဲ့ သိုင်းရွိုက်ဟော်မုန်းတွေကို ထုတ်လုပ်ပေးနေပါတယ်။

အဓိကသိုင်းရွိုက်ဟော်မုန်းတွေကတော့ triiodothyronine (T3), thyroxine (T4) နဲ့ thyroid stimulating hormone (TSH) တို့ပဲ ဖြစ်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းများလာပြီဆိုရင် ကိုယ့်ရဲ့ဇီဝကမ္မဖြစ်စဥ်တွေမြန်လာပြီး ကျန်းမာရေးပါ အမျိုးမျိုးထိခိုက်စေပါတယ်။

❓သိုင်းရွိုက်ဟော်မုန်းများတဲ့ လက္ခဏာတွေက ဘာတွေလဲ။

✅ စိတ်လှုပ်ရှားခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ မောပန်းနွမ်းနယ်ခြင်း
✅ လက်တုန်ခြင်း
✅ အစားအသောက် ပုံမှန်စားနေပေမယ့် ကိုယ်အလေးချိန် သိသိသာသာကျလာခြင်း
✅ ဝမ်းလျှောခြင်း၊ ခဏခဏဝမ်းသွားခြင်း
✅ ချွေးထွက်များခြင်း၊ ရာသီဥတုအပူဒဏ် မခံနိုင်ခြင်း
✅ ဆံပင်ကျွတ်ခြင်း
✅ အိပ်မပျော်ခြင်း
✅ အမျိုးသမီးများတွင် ရာသီပုံံမှန်မလာခြင်း
✅ သိုင်းရွိုက်ဂလင်းကြီးပြီး လည်ပင်းကြီးရောဂါဖြစ်ခြင်း
✅ မျက်လုံးပြူးထွက်ခြင်း
✅ နှလုံးခုန်နှုန်းမြန်ခြင်း
✅ နှလုံးခုန်သံစည်းချက်မမှန်ခြင်း (Atrial fibrillation)
✅ သွေးပေါင်ချိန်တက်ခြင်း

ဒီလက္ခဏာတွေဟာ ရုတ်တရက်ဖြစ်နိုင်သလိုတဖြည်းဖြည်းချင်း လက္ခဏာပြလာတာလည်း ဖြစ်နိုင်ပါတယ်။ အကယ်၍ မိမိမှာသိုင်းရွိုက်ဂလင်းများတဲ့ လက္ခဏာများရှိနေရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။

❓ဘာလို့ သိုင်းရွိိုက်ဟော်မုန်းများရတာလဲ

✅ Graves’ disease – သိုင်းရွိုက်ဟော်မုန်းများစေတဲ့ အဓိကရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါဟာ သိုင်းရွိိုက်ဟော်မုန်းများမှုတွေရဲ့ ၈၀-၉၀ ရာခိုင်နှုန်းအထိ ဖြစ်စေပါတယ်။

✅ သိုင်းရွိုက်ဂလင်းရောင်ခြင်း

✅ သိုင်းရွိုက်ဂလင်းအတွင်းရှိ အလုံးအကျိတ်တစ်ခုတည်းကနေ ဟော်မုန်းအများအပြား ထုတ်နေခြင်း (Toxic adenoma)

✅ သိုင်းရွိုက်ဆေးများ အလွန်သုံးစွဲခြင်း

❓ဘယ်သူတွေမှာပိုဖြစ်တတ်လဲ

✅ မျိုးရိုးရှိသူများ
✅ ဆေးလိပ်သောက်သူများ
✅ ကိုယ်ဝန်သည်များ (ကိုယ်ဝန်ဆောင်ပြီးချိန်တွင် သိုင်းရွိုက်ဂလင်းရောင်ရမ်းခြင်း)
✅ အမျိုးသမီးများ (အမျိုးသမီးတွေက အမျိုးသားများထက် ပိုအဖြစ်များကြပါတယ်)

❓ဘယ်လို ကုသကြမလဲ။

သိုင်းရွိုက်ဟော်မုန်းတက်စေတဲ့ အကြောင်းအရင်းပေါ်မူတည်ပြီး ကုသပုံတွေက ကွဲပြားကြပါတယ်။

✅ ဆေးဝါးများဖြင့်ကုသခြင်း – သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှုကို တားဆီးနိုင်သောဆေးများ propylthiouracil (PTU) , Carbimazole, methimazole ပေးခြင်းတို့ ဖြစ်ပါတယ်။ ဒီဆေးတွေကို အဓိကကုထုံးအဖြစ် ဒါမှမဟုတ် အခြားကုသမှုတွေအတွက် ကြိုတင်ပြင်ဆင်ဖို့အတွက်လည်း သုံးနိုင်ပါတယ်။ ဆေးတွေဟာ လအနည်းငယ်၊ နှစ်အနည်းငယ် ဒါမှမဟုတ် ဒီထက်ပြီးရှည်ကြာစွာ သောက်ဖို့လိုအပ်နိုင်ပါတယ်။

✅ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း (Radioiodine) – ဒါတွေကတော့ သိုင်းရွိုက်တစ်ရှူးတွေကို ဖျက်ဆီးပြီး ဟော်မုန်းပိုထုတ်ခြင်းကို တားဆီးဖို့အတွက် သုံးပါတယ်။ ဒီကုထုံးဟာ ရောဂါကို ဆေးနဲ့မထိန်းချုပ်နိုင်သူတွေအတွက် သုံးနိုင်ပါတယ်။

✅ ခွဲစိတ်ကုသခြင်း

✅ လက္ခဏာတွေကို သက်သာစေတဲ့ beta blocker သောက်ဆေးများ – ဒါတွေကိုတော့ သိုင်းရွိုက်ဟော်မုန်း လျော့မကျစေပေမယ့် စိတ်လှုပ်ရှားလွယ်ခြင်း၊ နှလုံးခုန်မြန်ခြင်းတို့ကို သက်သာဖို့အတွက် ကုသမှုမှာ ထည့်ပေးကြပါတယ်။

ဆေးအားလုံးဟာ မိမိသဘောနဲ့မသောက်သင့်ဘဲဆရာဝန်ညွှန်ကြားမှုအတိုင်းသာ သောက်ရပါမယ်။

❓သိုင်းရွိုက်ဟော်မုန်းများနေရင် ဘယ်လိုအစားအသောက်တွေ ရှောင်ရမလဲ။

အိုင်အိုဒင်းဓာတ်များတဲ့ အစားအသောက်တွေကို ရှောင် (သို့) လျှော့စားရပါမယ်။ ငါး၊ ရေညှိ၊ ပုဇွန်ထုပ်၊ ဂဏန်း၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အိုင်အိုဒင်းဆား၊ ကြက်ဥအနှစ်၊ ဆူရှီ စတာတွေဖြစ်ပါတယ်။

❓မကုသပဲထားရင် နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်လဲ။

✅ နှလုံးရောဂါ
✅ နှလုံးခုန်စည်းချက် မူမမှန်ခြင်း
✅ လေဖြတ်ခြင်း
✅ အရိုးပွခြင်းအပြင်
✅ သိုင်းရွိုက်ဟော်မုန်း တအားထိုးတက်လာပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။
.

ဒါကြောင့် မိမိမှာ သိုင်းရွိုက်ဟော်မုန်းများတဲ့ လက္ခဏာတွေ တွေ့ရှိခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ အချိန်မီပြသပြီး ကုသမှုခံယူသင့်ကြောင်း တိုက်တွန်းအကြံပေးလိုက်ပါရစေနော်…။

(ကိုးကား) References: 📖
https:// my. clevelandclinic. org / health/diseases/14129-hyperthyroidism

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here