မြန်မာနိုင်ငံဟာ လမ်းဘေးခွေးလေခွေးလွင့်တွေ အင်မတန်ပေါများရုံသာမက ဒီကတစ်ဆင့်ဖြစ်လာနိုင်တဲ့ ခွေးရူးပြန်ရောဂါဆိုတာဟာလည်း အလွန်ကြောက်စရာကောင်းတဲ့ရောဂါ ဖြစ်ပါတယ်။ ဖြစ်လာရင် အသက်ဆုံးရှုံးရုံမှအပ အခြားမရှိပါ။
ဒါနဲ့ပတ်သက်ပြီး နိုင်ငံခြားဆေးရုံတစ်ခုရဲ့ ခွေးရူးပြန်ရောဂါအကြောင်း ပညာပေးဆောင်းပါးမှာဆိုရင် အကိုက်ခံရလား အကိုက်မခံရဘူးလား မသဲကွဲတာမျိုး၊ မိမိအခန်းထဲ လင်းနို့ဝင်လာတာမျိုး… ဒီလိုမျိုးမသေချာတဲ့ အခြေအနေတွေမှာကို ကာကွယ်ဆေးထိုးဖို့ အကြံပေးထားတဲ့အထိ ကြိုတင်ကာကွယ်ကုသမှုက အရေးကြီးပါတယ်။
ဒီအတွက် တယ်လီကျန်းမာ messenger ကို ခဏခဏလာမေးကြတဲ့ (အမေးအများဆုံးလို ဖြစ်နေတဲ့) ခွေးရူးပြန်ရောဂါနဲ့ ပတ်သက်တဲ့ အမေးအဖြေတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်နော်။
အများပြည်သူအနေနဲ့ ဗဟုသုတအလို့ငှာ ဖတ်ရှုသိရှိထားသင့်ပါကြောင်း အကြံပြုလိုက်ပါရစေ…။
…
…
၁။ ခွေး သို့ တိရစ္ဆာန်အကိုက်ခံရရင် ပထမဆုံးဘာလုပ်ကြမလဲ။
ပထမဆုံး ကိုက်ခံရတဲ့အနာကို ဆပ်ပြာနဲ့သေချာဆေးကြောပြီး ရေနဲ့ ၁၅ မိနစ်ခန့် အနာပေါ်လောင်းပေးဖို့လိုပါမယ်။
ပြီးရင် ဆေးဝါ (betadine သို့မဟုတ် iodine) သို့မဟုတ် အရက်ပြန် သုတ်ပေးပါ။
သွေးထွက်နေရင် အဝတ်သန့်သန့်နဲ့ ဖိထားပေးပါ။ ဒဏ်ရာကို ပတ်တီးစည်းထားပေးပါ။
ပြီးရင် ဆေးခန်းသွားပြပြီး ခွေးရူးပြန်ကာကွယ်ဆေး (post-exposure prophylaxis) ထိုးဖို့ လို/မလို ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။
ကိုက်လိုက်တဲ့တိရစ္ဆာန်ကိုလည်း လှောင်အိမ်နဲ့ သပ်သပ်ထားပြီး စောင့်ကြည့်ဖို့လိုအပ်ပါမယ်။
.
၂။ ခွေးကိုက်ခံရမှ ခွေးရူးပြန်ကာကွယ်ဆေး ထိုးရတာလား။
မဟုတ်ပါ။ ခွေးအပြင် ကြောင်၊ အခြားသောအိမ်မွေးတိရစ္ဆာန်၊ လင်းနို့နဲ့ အခြားသော တောရိုင်းတိရစ္ဆာန်များ အကိုက်ခံရရင်လည်း ခွေးရူးပြန်ကာကွယ်ဆေး ထိုးဖို့လိုပါမယ်။
.
၃။ Rabies (ခွေးရူးပြန်ရောဂါ) က ဘာလို့ကြောက်ဖို့ကောင်းတာလဲ။
ခွေးရူးပြန်ရောဂါဟာ ရောဂါလက္ခဏာ စပြပြီဆိုတာနဲ့ ကုသဖို့ဆေးမရှိ၊ သေဆုံးနိုင်တဲ့ရောဂါ ဖြစ်လို့ပါ။
.
၄။ ခွေးရူးပြန်ရောဂါလက္ခဏာတွေက ဘာတွေလဲ။
လူတွေမှာဆိုရင် – အဖျားတက်၊ ခေါင်းကိုက်၊ အကိုက်ခံရတဲ့နေရာ နာခြင်း၊ ကိုက်ခဲခြင်း၊ ရောဂါပိုဆိုးလာတာနဲ့အမျှ အိပ်မပျော်ခြင်း၊ ခြောက်ခြားခြင်း၊ ရေကြောက်ခြင်း၊ လေကြောက်ခြင်း၊ ကြွက်သားများလှုပ်ခြင်း၊ လေဖြတ်ခြင်းနဲ့ နောက်ဆုံး သေဆုံးခြင်းအထိ ဖြစ်နိုင်ပါတယ်။
တိရစ္ဆာန်တွေမှာဆိုရင် – အမူအရာပြောင်းလဲခြင်း၊ ရုတ်တရတ် လူကိုလိုက်ကိုက်ခြင်း၊ တံတွေးတွေ အများကြီးထွက်ပြီး ပါးစပ်ဝမှာ အမြုပ်တွေထခြင်း၊ အစားမစားနိုင်ခြင်း၊ တက်ခြင်း၊ လေဖြတ်ခြင်း၊ မလှုပ်နိုင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
.
၅။ ခွေးကိုက်ခံရပြီးနောက် ခွေးရူးပြန်ရောဂါ လက္ခဏာ ပေါ်ဖို့ ဘယ်လောက်ကြာနိုင်ပါသလဲ။
ကိုက်ခံရတဲ့ ဒဏ်ရာနေရာနဲ့ ဦးနှောက်ရဲ့အကွာအဝေး၊ ပိုးကောင်ရေနဲ့ ခုခံအားပေါ်မူတည်ပြီး ရက် အနည်းငယ်အတွင်းမှ နှစ်အနည်းငယ်ထိ ကြာတာလည်း ဖြစ်နိုင်ပါတယ်။
.
၆။ ခွေးကိုက်ခံရတဲ့အနာကို ဘယ်လို အမျိုးအစား (Category) ခွဲထားလဲ။
Category 1 – ပေါက်ပြဲဒဏ်ရာမရှိသော အရေပြားကို လျှာဖြင့်လျက်မိခြင်း၊ သွားဖြင့်ထိတွေ့ခြင်း၊ ဒဏ်ရာမမြင်ရခြင်း (ခွေးသွားနဲ့ထိတွေ့ပြီး ပွန်းရာရှရာ ပေါက်ရာပြဲရာမရှိသော ဒဏ်ရာများ)
Category 2 – သွေးထွက်ခြင်းမရှိဘဲ ပွန်းရာ၊ ရှရာပဲရှိခြင်း
Category 3 – ဒဏ်ရာနက်ခြင်း၊ ပေါက်ပြဲခြင်း၊ သွေးထွက်ခြင်း
.
၇။ Rabies immunoglobulin ဆိုတာ ဘာလဲ။
Rabies immunoglobulin ဆိုတာ ဒဏ်ရာမှာရှိတဲ့ ရောဂါပိုးကို ချက်ချင်းခုခံကာကွယ်ပေးမယ့် ခုခံအား (passive immunity) ဖြစ်ပါတယ်။ ပုံမှန်ကာကွယ်ဆေး (vaccine) ထိုးရင် ရောဂါကာကွယ်တဲ့ ခုခံအားထွက်ဖို့ ၇ ရက်ခန့် စောင့်ရတာဖြစ်တဲ့အတွက် ချက်ချင်းကာကွယ်ဖို့ လိုအပ်တဲ့အခြေအနေတွေမှာ immunoglobulin ကို ထိုးတာဖြစ်ပါတယ်။
ခွေးရူးပြန်ရောဂါရှိနိုင်တယ်လို့ ယူဆရတဲ့ အကောင် အကိုက်ခံရရင် ပုံမှန်ကာကွယ်ဆေးအပြင် အပိုထပ်ထိုးဖို့လိုတဲ့ဆေး ဖြစ်ပါတယ်။
.
၈။ ဘယ်အချိန်မှာ rabies immunoglobulin ထိုးဖို့လိုတာလဲ
များသောအားဖြင့် Category 3 ဒဏ်ရာတွေမှာ ထိုးဖို့ လိုအပ်တတ်ပါတယ်။
ပိုးရှိတဲ့အကောင်ရဲ့ တံတွေးနဲ့ထိမိတာမျိုး၊ လူရဲ့မျက်နှာ၊ မျက်လုံး၊ နှာခေါင်းတွေကို တိရစ္ဆာန်ကလျက်မိတာမျိုးမှာ ထိုးဖို့လိုအပ်နိုင်ပါတယ်။
လင်းနို့အကိုက်ခံရတာမျိုးမှာ ထိုးဖို့လိုအပ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်၊ ကလေးနို့တိုက်နေတဲ့သူ၊ ခုခံအားကျဆင်းနေတဲ့သူတွေမှာ ထိုးဖို့လိုအပ်ပါတယ်။
များသောအားဖြင့် Category 1 နဲ့ 2 ဒဏ်ရာတွေမှာ ထိုးဖို့ မလိုအပ်ပေမယ့် အကိုက်ခံရတဲ့ အခြေအနေပေါ်မူတည်ပြီး ထိုးဖို့လိုအပ်ကောင်း လိုအပ်နိုင်တာဖြစ်လို့ ဆရာဝန်ဆုံးဖြတ်တာကတော့ အကောင်းဆုံးပါ။
Immunoglobulin အလွယ်တကူ မရနိုင်တဲ့နေရာတွေမှာတော့ အနာကို သေချာသန့်ရှင်းခြင်း၊ ကာကွယ်ဆေး (vaccine) အချိန်မီထိုးခြင်း ပြုလုပ်နိုင်ရင် ကုသမှု လုံလောက်နိုင်ပါတယ်။
.
၉။ Rabies immunoglobulin ကို ဘယ်လိုထိုးရတာလဲ။
အကိုက်ခံရပြီး ချက်ချင်းထိုးနိုင်ရင် အကောင်းဆုံးပါ။ ပထမဆုံးအကိုက်ခံရတဲ့နေ့ (Day 0) မှာ မထိုးနိုင်ခဲ့ရင် ၇ ရက်အတွင်း ထိုးရပါမယ်။
ဒဏ်ရာပတ်ချာလည်မှာ immunoglobulin ကို ထိုးရပြီး ပိုနေတဲ့ဆေးကို အနာနဲ့ဝေးရာ လက်မောင်းနဲ့ပေါင်မှာ ထိုးလေ့ရှိပါတယ်။ တင်ပါးမှာက ဆေးစုပ်ယူဖို့ နည်းနိုင်လို့ ထိုးလေ့မရှိပါဘူး။
Pre-exposure prophylaxis အကိုက်မခံရခင်ကတည်းက ကာကွယ်ဆေးထိုးထားသောသူ၊ post-exposure prophylaxis အရင်တုန်းက ခွေးကိုက်ခံရပြီး ခွေးရူးပြန်ကာကွယ်ဆေး ထိုးဖူးသောသူများမှာတော့ ယေဘုယျအားဖြင့် immunoglobulin ထိုးဖို့ မလိုအပ်ပါဘူး။
.
၁၀။ Immunoglobulin မဟုတ်တဲ့ ပုံမှန်ခွေးရူးပြန်ကာကွယ်ဆေး (rabies vaccine) ကို ဘယ်လိုထိုးရတာလဲ။
အကိုက်ခံရပြီးတာနဲ့ အမြန်ဆုံးထိုးဖို့ လိုအပ်ပါတယ်။
ပေါင်နဲ့လက်မောင်းမှာ ထိုးရပြီး တင်ပါးမှာ မထိုးရပါဘူး။
ဆရာဝန်သုံးတဲ့ ထိုးနည်းပေါ်မူတည်ပြီး တချို့က ငါးခေါက်၊ တချို့က လေးခေါက်ထိုးဖို့ လိုအပ်ပါတယ်။
အရင်က ကာကွယ်ဆေးထိုးဖူးရင် Booster dose အနေနဲ့ Day 0 နဲ့ Day 3 မှာ ထိုးဖို့လိုအပ်ပါတယ်။
ကိုယ်ဝန်ဆောင်၊ ကလေးနို့တိုက်နေတဲ့သူ၊ ခုခံအားကျဆင်းနေတဲ့သူတွေမှာ ပုံမှန်ထက် တစ်ခေါက်ပိုထိုးဖို့ လိုနိုင်ပါတယ်။
.
၁၁။ အိမ်မွေးတိရစ္ဆာန်တွေကိုရော ခွေးရူးပြန်ကာကွယ်ဆေးထိုးဖို့ လိုတာလား။
အိမ်မွေးတိရစ္ဆာန်တွေကို ခွေးရူးပြန်ကာကွယ်ဆေး နှစ်စဉ်ပုံမှန်ထိုးပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
.
၁၂။ ရူးနေတဲ့တိရစ္ဆာန်က ကျွန်တော့်ခွေးလေး၊ ကြောင်လေးကို ကိုက်လိုက်တယ်။ ဘာဆက်လုပ်ရမလဲ။
အကိုက်ခံရတဲ့ အိမ်မွေးတိရစ္ဆာန်ကို တိမွေးကုဆရာဝန်ဆီ ခေါ်သွားပြီး ခွေးရူးပြန်ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။
အကိုက်ခံရတဲ့ အိမ်မွေးတိရစ္ဆာန်ကို ကိုင်တွယ်တဲ့အခါ လက်အိတ်၊ အကာအကွယ်ဝတ်စုံ သုံးဖို့လိုအပ်ပြီး လူကိုအကိုက်မခံရဖို့ အရေးကြီးပါတယ်။
တိမွေးကုဆရာဝန်ဆီ မခေါ်သွားနိုင်တဲ့ နေရာတွေမှာတော့ အကိုက်ခံရတဲ့ခွေး သို့ ကြောင်ကို တခြားသော လူ/တိရစ္ဆာန်များနဲ့ ထိတွေ့မှုမရှိစေဖို့ သပ်သပ်ထားဖို့လိုအပ်ပြီး၊ ကုသမှုရဖို့မလွယ်ကူဘဲ စောင့်ကြည့်နေစဉ် အတွင်း ခွေးရူးပြန်လက္ခဏာတွေ ပေါ်လာရင်တော့ ခွေးရူးပြန်ရောဂါပြန့်ပွါးမှုမှ ကာကွယ်ရန်အတွက် ရောဂါပိုးကူးစက်ခံထားရသော သတ္တဝါသေဆုံးစေရန် ပြုလုပ်ဖို့ လိုအပ်နိုင်ပါတယ်။
.
၁၃။ Pre-exposure prophylaxis (အကိုက်မခံရခင် ကာကွယ်ဆေးထိုးခြင်း) က ဘယ်သူတွေမှာလုပ်ဖို့လိုသလဲ။
တိမွေးကုဆရာဝန်များ၊ တိရစ္ဆာန်တွေနဲ့ အနေနီးသူများ၊ ခွေးရူးပြန်ရောဂါ ပေါများသောဒေသကို အလည်သွားမည့်သူများမှာ အကိုက်မခံရခင်ကတည်းက ကာကွယ်ဆေးထိုးထားဖို့ လိုအပ်ပါတယ်။
.
၁၄။ တိရစ္ဆာန်အကိုက်ခံရရင် ခွေးရူးပြန်ကာကွယ်ဆေးအပြင် တခြားဘာကုသမှုတွေ လိုအပ်ပါသလဲ။
တိရစ္ဆာန်ရဲ့ပါးစပ်နဲ့ သွားတွေမှာ ပိုးမွှားတွေကပ်နေနိုင်တာမို့ မေးခိုင်ကာကွယ်ဆေးထိုးဖို့ လိုအပ်ပြီး အခြား ပဋိဇီဝပိုးသတ်ဆေးများပါ သောက်ဖို့လိုအပ်ပါတယ်။
.
၁၅။ အိမ်ကခွေးလေးက ကျွန်တော်/ကျွန်မကို လွန်ခဲ့တဲ့တစ်လက ကိုက်လိုက်တယ်။ မအားသေးလို့ ခွေးရူးပြန်ကာကွယ်ဆေး သွားမထိုးမိဘူး။ ကျွန်တော်/ကျွန်မဆီမှာ ခွေးရူးပြန်ရောဂါ ရှိနေပြီလား။
ကိုက်လိုက်တဲ့ အိမ်မွေးခွေးက အခုအချိန်ထိ မရူးဘူးဆိုရင်တော့ စိုးရိမ်စရာမရှိပါဘူး။ အကိုက်ခံရပြီး ၁၀ ရက်ကျော်တဲ့အထိ ကိုက်တဲ့တိရစ္ဆာန်က မရူးရင် စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမယ့် ကိုက်တဲ့တိရစ္ဆာန်ကို စောင့်ကြည့်ပြီး ရူးသွားမှ ဆေးထိုးမယ်တော့ လုပ်လို့မရပါဘူးနော်။
ဒီလိုအခြေအနေတွေ မဖြစ်လာဖို့ အိမ်မွေးတိရစ္ဆာန်တွေကို နှစ်စဉ် ကာကွယ်ဆေးထိုးထားဖို့လိုအပ်ပြီး ပိုင်ရှင်ကပါ အကိုက်မခံရခင် ကြိုတင်ကာကွယ်ဆေး ထိုးထားနိုင်ရင် အကောင်းဆုံးပါ။
.
၁၆။ ကိုယ်ဝန်ဆောင် သို့ ကလေးနို့တိုက်နေရင် ကာကွယ်ဆေး ထိုးလို့ရနိုင်လား။
ကိုယ်ဝန်ဆောင်သည်တွေ၊ မိခင်နို့တိုက်ကျွေးနေသူတွေ ကာကွယ်ဆေးထိုးလို့ရပါတယ်။ အန္တရာယ်မရှိပါ။
.
၁၇။ ခွေးရူးပြန်ရောဂါ ကူးစက်ထားတဲ့လူနဲ့ ထိတွေ့ဆက်ဆံရင်ရော ကူးစက်နိုင်ပါသလား။
လူကနေတစ်ဆင့် လူကိုကူးစက်ထားတဲ့ အခြေအနေမျိုးတော့ ယနေ့ထိမရှိသေးပါ။ ဒါပေမယ့် တတ်နိုင်သမျှ အကိုက်မခံရအောင်နေတာ၊ ရောဂါပိုးရှိသူရဲ့ တံတွေးနဲ့ ကိုယ်မှထွက်သောအရည်များနဲ့ မထိတွေ့အောင် လက်အိတ်၊ အကာအကွယ်ဝတ်စုံ သုံးဖို့တော့ အရေးကြီးပါတယ်။ ရောဂါပိုးရှိသူရဲ့ အဝတ်၊ ပစ္စည်း တို့မှတစ်ဆင့်တော့ မကူးစက်နိုင်ပါဘူး။
ခွေးရူးပြန်ရောဂါပိုးရှိသူရဲ့ ကိုယ်အင်္ဂါတစ်သျူး (tissue) မှတစ်ဆင့်တော့ ကူးစက်နိုင်ပါတယ်။
…
…
ခွေးရူးပြန်ရောဂါဟာ ရောဂါလက္ခဏာ စတင်ပေါ်ပြီဆိုတာနဲ့ ၁၀၀ ရာခိုင်နှုန်းနီးပါး သေဆုံးမယ့်ရောဂါ ဖြစ်ပါတယ်။ ကုသနိုင်တဲ့ဆေး မရှိပါဘူး။
အလင်းရောင်၊ ရေ၊ လေ မခံနိုင်တဲ့အတွက် လူနာကို အမှောင်ခန်းထဲမှာထားရှိရပြီး ကူးစက်ခံရမှာစိုးတာကြောင့် အိမ်သားတွေကိုလည်း ပေးဝင်ခြင်းမရှိပါဘူး။ ကြောက်စရာကောင်းတဲ့ ရောဂါဖြစ်ပေမယ့် အချိန်မီ ကာကွယ်ဆေးထိုးပြီး ကာကွယ်နိုင်တာဖြစ်သည့်အတွက် မပေါ့ဆဘဲ ကာကွယ်ဆေးထိုးကြဖို့ အကြံပေးပါရစေနော်။
ခုခေတ်အချိန်လိုမျိုး အသုံးမကျတဲ့၊ ပြည်သူတွေအတွက် မကောင်းမွန်တဲ့ စစ်အာဏာရှင်လက်ထက်မှာ ဆေးတွေ လွယ်လွယ်ကူကူဝယ်လို့မရတဲ့အပြင် စျေးကြီးလို့ ကာကွယ်ဆေးထိုးဖို့ လက်တွန့်နေမှာကို နားလည်ပေမယ့် ကြောက်စရာကောင်းတဲ့ ရောဂါဖြစ်တာကြောင့် ခွေးကိုက်ခံရပါက မတွေဝေဘဲ နီးစပ်ရာဆေးရုံဆေးခန်းကိုသွားပြီး ခွေးရူးပြန်ကာကွယ်ဆေး သေချာမဖြစ်မနေ ထိုးကိုထိုးဖို့ အကြံပေးပါရစေနော်….။
Dr Latte
တယ်လီကျန်းမာ
Reference : 📚
https:// www. who. int / news-room/fact-sheets/detail/rabies
https:// www. cdc. gov / rabies/hcp/clinical-overview/index.html
https:// www. mayoclinic. org/ diseases-conditions/rabies/symptoms-causes/syc-20351821
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.