“ အချင်းရှေ့ရောက်ခြင်း၊ အချင်းက သားအိမ်အဝကို ပိတ်ထားခြင်း (Placenta Praevia)”
ဘယ်လိုခေါ်ခေါ်ပါ… အဲဒီလိုဖြစ်ရင် ကလေးမွေးမထွက်မီ မွေးလမ်းကြောင်းက သွေးသွန်တတ်တယ်။ မိခင်ရော ကလေးရော နှစ်ယောက်စလုံးအတွက် အသက်အန္တရာယ် ရှိနိုင်တယ်။ အရေးပေါ် ခွဲစိတ်မွေးဖွားရဖို့၊ သွေးသွင်းကုသမှုခံရဖို့ ဖြစ်နိုင်ခြေများတယ်။ မပေါ့ဆကြပါနဲ့နော်။
အချင်းပုံမှန်တွယ်ကပ်တဲ့ နေရာတွေက သားအိမ်အတွင်းနံရံရဲ့အပေါ်ဘက် (Fundus) ၊ အပေါ်ဘက်ရှေ့ဘက် (Fundoanterior) နဲ့ အပေါ်ဘက်နောက်ဘက် (Fundoposterior) နေရာတွေပါ။ ဒါမှ ရိုးရိုးသဘာဝမွေးလမ်းကြောင်းက မွေးတဲ့အခါ ကလေးက အရင်ထွက်၊ ပြီးမှအချင်းထွက် ဒီလိုဖြစ်ရမှာလေ။
ဘာကြောင့် အချင်းက ကလေးရှေ့ရောက်သွားပြီး သားအိမ်ဝကို ပိတ်နေရသလဲ။ ဘာကြောင့် Placenta Praevia ဖြစ်ရတာလဲ ရှင်းပြထားတဲ့ သီအိုရီလေးခုရှိပါတယ်။
၁။ Grandmultipara ကလေးတွေ အများကြီးမွေးလို့ပါတဲ့။ အချင်းရဲ့သဘာဝက အရင်ကိုယ်ဝန်၏ အချင်းတွယ်ကပ်ခဲ့တဲ့ နေရာဟောင်းမှာ မကပ်ပါဘူးတဲ့။ နေရာအသစ်ရှာပြီးပဲ ကပ်ပါတယ်တဲ့။ ဒါကြောင့် လေး၊ငါးယောက်မြောက်ကိုယ်ဝန်နဲ့အထက်ဆိုရင် အချင်းကပ်ဖို့ သားအိမ်နံရံအပေါ်ပိုင်းမှာ နေရာသစ် မရှိတော့ဘူးပေါ့။ အဲဒီတော့ အချင်းက နေရာသစ်ရှိရာ အောက်ကိုဆင်းလာပြီး ကပ်တဲ့အတွက် ငါးယောက်မြောက်နဲ့ အထက် ကိုယ်ဝန်တွေမှာ Placenta Praevia ဖြစ်နိုင်ခြေ များပါတယ်တဲ့။
၂။ Twins Pregnancy အမြွှာကိုယ်ဝန်များ။ အချင်းနှစ်ခုအမြွှာ (Dichorionic twins) ပဲဖြစ်ဖြစ်၊ အချင်းတစ်ခုတည်းအမြွှာ (Monochorionic twins) ပဲဖြစ်ဖြစ် စုစုပေါင်း အချင်းရဲ့မျက်နှာပြင်ဧရိယာက တစ်ယောက်တည်းကိုယ်ဝန်ထက် ပိုကြီးပါတယ်တဲ့။ ဆိုတော့ အချင်းက အောက်ထိဆင်းလာကပ်နိုင်တာပေါ့။ Placenta Praevia ဖြစ်နိုင်ခြေ များတာပေါ့။
၃။ Previous LSCS Scar ယခင်ကိုယ်ဝန်ကို ခွဲစိတ်မွေးဖွားထားပြီး နောက်ထပ်လွယ်သော ကိုယ်ဝန်များ။ ခွဲစိတ်မွေးဖွားတယ်ဆိုတာ ဝမ်းဗိုက်အရေပြားကို ဆီးခုံရိုးအထက် လက်နှစ်လုံးလောက်မှာ ကန့်လန့်ခွဲပြီး ဗိုက်ကိုဖွင့်လိုက်တယ်။ ဝမ်းဗိုက်ခေါင်းထဲရောက်ပြီး သားအိမ်ကြီးကို တွေ့ပါလေရော။ သားအိမ်ရဲ့အောက်ပိုင်းနား၊ သားအိမ်နဲ့ မွေးလမ်းကြောင်း အဆက်နေရာ အထက်နား ကပ်ရပ်နေရာကနေ သားအိမ်ရဲ့ရှေ့ဘက်နံရံကို ကန့်လန့်ခွဲဖောက်ပြီး ကလေးနဲ့အချင်းကို ထုတ်ယူတယ်။ ပြီးတော့ သားအိမ်အပေါက်ကို ပြန်ပိတ်ချုပ်တာလေ။ သားအိမ်ရဲ့ ရှေ့နံရံအောက်ဘက်မှာ အမာရွတ် (Scar) ကျန်ခဲ့တာပေါ့။ ဒါကြောင့် (LSCS Scar) Lower Segment Caesarean Section Scar လို့ခေါ်တာပါ။
နောက်ကိုယ်ဝန်ရဲ့ အချင်းသည် ဘာကြောင့်မှန်းမသိ ယခင်ခွဲစိတ်ထားတဲ့ သားအိမ်ရှေ့နံရံအောက်နားက အမာရွတ်ပေါ်မှာ ကပ်နိုင်ခြေရှိတယ်တဲ့။ အဲဒါဆိုလည်း Placenta Praevia ဖြစ်ပြီလေ။ ဒီအမျိုးအစားက ကြောက်ဖို့အကောင်းဆုံးပါပဲ။ ဒါကြောင့် အရင်ကိုယ်ဝန်ကို ခွဲစိတ်မွေးဖွားထားပြီး နောက်ကိုယ်ဝန်ဆောင်ပြီဆိုရင် ကိုယ်ဝန် ၂၂ ပတ်လောက် ကတည်းက အချင်းဘယ်နေရာကပ်လဲ၊ USG ရိုက်ပြီးရှာထားသင့်ပါတယ်။ Placenta is anterior lower သားအိမ်ရှေ့ဘက်နံရံအောက်နားမှာ ကပ်နေတယ်လို့ တွေ့ရင်တော့ အရင်ခွဲထားတဲ့ အမာရွတ်ပေါ်မှာ ကပ်တာပဲ။ မတွေ့ချင်ဆုံး Placenta Praevia အမျိုးအစားပဲဗျာ။ ကျွန်တော် သုံးခါတွေ့ဖူးတယ်။ သွေးတွေအများကြီး ထွက်တယ်။ သားအိမ်ပါ ထုတ်ပစ်လိုက်ရတယ်။ နောက်ထပ် ကလေးမရတော့ဘူးပေါ့။ အတော်ချွေးပျံရတဲ့ ခွဲစိတ်မှုပါဗျာ။
၄ ။ Unknown
နောက်ဆုံးကတော့ ထုံးစံအတိုင်း ဘာ့ကြောင့်မှန်းမသိ အချင်းရှေ့ရောက်နေတယ်ပေါ့။ သားဦးကိုယ်ဝန်မှာတောင် ဖြစ်တတ်တယ်ပေါ့။ ရှားပါတယ်။
…
…
အချင်းရှေ့ရောက်နေတယ်ဆိုတာကို ဘာလက္ခဏာမှ မပြမီကို ကြိုတင်သိနိုင်ပါတယ်။
ကိုယ်ဝန်တစ်ခုရပြီဆိုတာနဲ့ အနည်းဆုံး USG နှစ်ကြိမ်ရိုက်သင့်ပါတယ်တဲ့။ ပထမတစ်ကြိမ်က ကျွန်တော် အရင်ကပြောခဲ့တဲ့ dating Scan ပေါ့ဗျာ။ ကိုယ်ဝန်သက်တမ်း ၈ ပတ်နဲ့ ၁၃ ပတ်ကြားမှာ ရိုက်ပါမယ်။ သူကပြောတဲ့ ခန့်မှန်းမွေးဖွားရက် တစ်နည်း ကိုယ်ဝန်သက်တမ်း ရက်သတ္တပတ် ၄၀ ပြည့်သောနေ့သည် အနီးစပ်ဆုံး အမှန်ဆုံးပါ။ အကြောင်းတစ်ခုခုကြောင့် လရင့်တဲ့အခါ USG ထပ်ရိုက်ရတဲ့အခါ ခန့်မှန်းမွေးဖွားရက် နောက်တစ်မျိုးထွက်လာရင် dating Scan ကပြောတဲ့ရက်ကိုပဲ အမှန်ယူရပါတယ်။
ဒုတိယတစ်ကြိမ် USG က dating Scan ကပြောတဲ့ ကိုယ်ဝန်သက်တမ်း ၂၀-၂၂ ပတ်ကြားမှာရိုက်ရပါတယ်။ Anormaly scan လို့ ခေါ်ပါတယ်။ ကလေးမှာ မြင်သာထင်ရှားသော မွေးရာပါချို့ယွင်းချက်တွေ ပါ/မပါ ကြည့်တာပါ။ အချင်းဘယ်မှာရှိသလဲ။ Placenta Localisation ကိုလည်း တစ်ခါတည်း ကြည့်လို့ရပါတယ်ဗျ။ အဲဒီကတည်းက အချင်းက သူ့ရဲ့နေရာမှန် အပေါ်မှာဆိုရင် စိတ်အေးရပြီပေါ့။ အဲဒီမှာ အချင်းက အောက်ကျနေတယ်တို့၊ သားအိမ်အဝကို ပိတ်ကာထားတယ်တို့၊ Placenta is anterior lower or posterior lower or partially covering the internal cervical os စသည်ဖြင့်ပြောရင်လည်း အရမ်းစိတ်ပူစရာမရှိသေးပါဘူး။ သားအိမ်ကြီးက မိုးပျံပူဖောင်းလို အထက်ကိုတက် ကြီးထွားသွားတာဖြစ်တဲ့အတွက် အချင်းကိုပါ သူနဲ့တပါတည်း အပေါ်ကိုခေါ်သွားတတ်ပါတယ်။
Anormaly scan မှာ အချင်းအောက်ကျနေတယ်လို့ ပြောသောကိုယ်ဝန်များရဲ့ ၂၀% သည်သာ မွေးခါနီးအထိ အချင်းက အောက်မှာကျန်ခဲ့တာပါ။ ၈၀% ကအပေါ်တက်ပြီး လွတ်သွားတယ်။ ရိုးရိုးမွေးလို့ရတယ်ပေါ့ဗျာ။
ဒါပေမယ့် Anormaly scan မှာ အချင်းအောက်ကျတယ်ပြောထားတဲ့ ကိုယ်ဝန်များအားလုံးကိုတော့ dating Scan ကပြောတဲ့ ကိုယ်ဝန်သက်တမ်း ၃၄-၃၆ ပတ်လောက်မှာ အချင်းအပေါ်တက်သွားပြီလား၊ အောက်မှာပဲလား Placenta Localisation အတွက် USG ထပ်ရိုက်ရပါမယ်ဗျ။
ဒီအခါမှာ ဖြစ်နိုင်ရင်တော့ ဗိုက်ပေါ်ကရိုက်တဲ့ Transabdominal USG ကိုမသုံးပဲ မွေးလမ်းကြောင်းထဲကနေ ရိုက်တဲ့ Transvaginal USG ကိုသုံးရင် ပိုကောင်းပါတယ်တဲ့ဗျ။
အချင်းသည် သားအိမ်အဝကို ပိတ်နေတယ် သို့ အချင်းအဝိုင်းပြားကြီးရဲ့ အောက်ဖက်အနားသတ် အစွန်းသည် သားအိမ်အဝနဲ့ ၂ စင်တီမီတာ အတွင်းမှာရှိတယ်ဆိုရင်တော့ လစေ့ပြီး ဗိုက်မနာမီ ကိုယ်ဝန် ၃၈ ပတ်မှာ ခွဲမွေးရမှာပါဗျ။ ဗိုက်နာလို့ သားအိမ်ပွင့်တာနဲ့ ကလေးမထွက်ဘဲ သွေးတွေချည်း ထွက်လာမှာပါဗျ။ ကလေးရော၊ အမေရော ဒုက္ခရောက်တတ်ပါတယ်။
အချင်းအဝိုင်းပြားကြီးရဲ့ အောက်ဖက်အနားသတ် အစွန်းသည် သားအိမ်အဝနဲ့ ၂ – ၅ စင်တီမီတာအတွင်းမှာဆိုရင်တော့ လူနာနဲ့ အကြေအလည်ဆွေးနွေးပါတဲ့။ တစ်ခါတည်းခွဲမွေးလိုက်မလား။ ရိုးရိုးမွေးဖို့ ကြိုးစားကြည့်ဦးမလား။ ဗိုက်နာလို့ သွေးတွေအများကြီး ဆင်းလာရင်တော့ အရေးပေါ် ခွဲရမှာပေါ့။ ခွဲခန်းအသင့်၊ သွေးအသင့်ပြင်ထားပြီး ရိုးရိုးမွေးဖို့ ကြိုးစားကြည့်တာပေါ့။
အချင်းအဝိုင်းပြားကြီးရဲ့ အောက်ဖက်အနားသတ် အစွန်းသည် သားအိမ်အဝနဲ့ ၅ စင်တီမီတာနဲ့အထက်ဝေးရင်တော့ စိတ်ချလက်ချ ရိုးရိုးပေးမွေးလို့ရပါတယ်တဲ့။ Placenta Praevia လို့ မသတ်မှတ်ပါတဲ့ ခင်ဗျ။
အခုအထက်မှာ ပြောခဲ့တာကတော့ အလွန်သဘောကောင်းတဲ့၊ အင်မတန်ကံကောင်းတဲ့ APH လုံးဝမရတဲ့ Placenta Praevia တွေကို ပြောတာပါ။ Placenta Praevia တိုင်းကတော့ အဲဒီလို သဘောမကောင်းကြပါဘူး။ ၃၇ ပတ်မတိုင်မီ၊ ကိုယ်ဝန်လမစေ့မီမှာ မွေးလမ်းကြောင်းက သွေးဆင်းပြီး လာတတ်ပါတယ်။ သူသွေးဆင်းပုံ သွေးဆင်းနည်းကို painless, causeless, spontaneous bleeding per vagina လို့ မှတ်ခဲ့ရပါတယ်။ လုံးဝ ဗိုက်မနာဘူး၊ ချော်လဲတာ အကြောင်းတစ်ခုခုကြောင့် ဗိုက်ကိုထိခိုက်မိတာ၊ ဗိုက်ပြင်တယ်ဆိုပြီး ဗိုက်ကိုနှိပ်တာ မရှိဘူး။ အလိုအလျောက် မွေးလမ်းကြောင်းက သွေးတွေဆင်းလာတယ်။ အဲဒီလို လူနာရောက်လာရင် ကျွန်တော်တို့က Placenta Praevia ကို အရင်ဆုံး စဉ်းစားပါတယ်ဗျ။ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု မှတ်တမ်းစာအုပ်ကို တောင်းကြည့်တယ်။ အရင်ရိုက်ထားတဲ့ USG ကိုကြည့်တယ်။ Placenta Praevia လို့ပြောထားရင် သေချာသလောက် ရှိပြီပေါ့။ USG မရိုက်ထားရသေးဘူးဆိုရင်လည်း လူနာက အခြေအနေပေးရင် USG ရိုက်ပြီး အချင်းဘယ်မှာလဲ ရှာရတာပေါ့။ ခုဆေးရုံတွေမှာဆိုရင် OG ward မှာ USG စက်ရှိတာများပါတယ်။ ကျွန်တော်တို့ OG တွေကိုလည်း အချင်းဘယ်မှာလဲ ရှာတတ်၊ ကြည့်တတ်ဖို့လောက်ကို သင်ပေးထားပါတယ်။ ကိုယ့်ဘာသာကိုယ်ကြည့် အချင်းရှေ့ရောက် သေချာတယ် သို့ မဟုတ်ဘူး သေချာတယ်။ ကလေးနှလုံးခုန်နေတာလည်း တွေ့တယ်။ ပြီးရောပေါ့။ လိုအပ်သလို ဆက်သွားမယ်လေ။
မသေချာဘူးဆိုရင်တော့ ဓာတ်မှန်ဆရာ၊ USG ဆရာကို အကူညီတောင်းရတာပေါ့။
ဗိုက်ကြီး ၂၄ ပတ်အထက်ကိုယ်ဝန်သည် မွေးလမ်းကြောင်းက သွေးဆင်းလို့ဆိုပြီးလာခဲ့ရင် Placenta Praevia ကြောင့်မဟုတ်ပါဘူးလို့ အတိအကျ မပြောနိုင်မချင်း မွေးလမ်းကြောင်းကနေ သားအိမ်ပွင့်/မပွင့် အတွင်းပိုင်းစမ်းသပ်မှု လုံးဝမလုပ်ရဘူးလို့ ဆိုပါတယ်။
Placenta Praevia အတွက် ကုသမှုလမ်းကြောင်း Treatment Plan ကတော့ လူနာတစ်ဦးချင်းစီအလိုက် မတူညီနိုင်ပါဘူး။ APH သွေးဆင်းတဲ့ပမာဏ အနည်း/အများ၊ သွေးဆင်းတဲ့အချိန်၊ dating Scan ကပြောထားတဲ့ ကိုယ်ဝန်သက်တမ်း စတာတွေကို ထည့်သွင်း စဉ်းစားရပါတယ်ဗျ။ အဓိကကတော့ အမေကိုပဲ ဦးစားပေးစဉ်းစားပါတယ်။
သွေးဆင်းအရမ်းများတယ်၊ အမေအသက်အန္တရာယ် စိုးရိမ်ရတယ်ဆိုရင် ကိုယ်ဝန်သက်တမ်း ဘယ်လောက်ပဲနုနေပါစေ။ အမြန်သွေးတိတ်အောင် ကလေးနဲ့ အချင်းကို ခွဲထုတ်လိုက်တာပါပဲဗျ။ Placenta Praevia ကြောင့်ရတဲ့ Life threatening massive APH ကို ရပ်စေသော သွေးတိတ်ဆေး၊ သောက်ဆေး၊ ထိုးဆေးမရှိပါဗျ။
Placenta Praevia တော့ဟုတ်တယ်။ သွေးက နည်းနည်းပဲဆင်းတယ်။ စောင့်ကြည့်ရင်းနဲ့ အလိုအလျောက် ရပ်သွားတယ်။ ကိုယ်ဝန်သက်တမ်းကလည်း ၃၀-၃၂ ပတ်လောက်ပဲ ရှိသေးတယ်ဆိုရင်တော့ ကလေးလစေ့အောင် တစ်ရက်ရရ၊ နှစ်ရက်ရရ စောင့်ပါတယ်။ စောင့်နေရင်းနဲ့ နောက်ထပ်သွေးတွေကတော့ ထပ်ဆင်းလာနိုင်ပါတယ်။ ဘယ်နေ့၊ ဘယ်အချိန်မှာ ဘယ်လောက်များများ ဆင်းမယ်ဆိုတာကတော့ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။ အရေးပေါ်ခွဲထုတ်ရလောက်အောင် ဆင်းလာရင်တော့ ခွဲရတော့တာပေါ့။
ဒါကြောင့် အဲဒီလိုလူနာတွေဆိုရင် ဆေးရုံကို သွေးဆင်းရင် နာရီပိုင်းအတွင်း ရောက်မလာနိုင်သူတွေဆိုရင် ဆေးရုံတင်ထားပါတယ်။ ဆေးရုံတင်ထားတုန်းမှာ သူ့အတွက် အချိန်မရွေး သွေးရနိုင်အောင် စီစဉ်ထားရပါတယ်။ လမစေ့ဘဲ ခွဲခဲ့ရရင် ကလေးကျန်းမာအောင် မိခင်ကို antenatal steroids ကြိုထိုးထားရပါတယ်။ သွေးဆင်းရင် တာဝန်ကျဝန်ထမ်းကို ချက်ချင်းပြောပါ၊ လူနာစောင့်တစ်ယောက် ဘေးမှာအမြဲရှိပါစေ၊ အိမ်သာရေချိုးခန်းဝင်ရင် တံခါးချက်မချထားပါနဲ့၊ အဖော်တစ်ယောက် အမြဲပါပါစေ ပါးစပ်ကအမြှုပ်ထွက်မတတ် တတွတ်တွတ်မှာရပါတယ်။
အဲဒီလိုပြောနေတဲ့ကြားက သွေးလည်းမဆင်းတော့ဘူး၊ ဗိုက်လည်းမနာဘူး၊ လမစေ့သေးလို့ ခွဲမပေးသေးဘူးဆိုရင်လည်း အိမ်ပြန်နားမယ်၊ သွေးဆင်းမှ ပြန်လာလို့မရဘူးလား အထွန့်တက်တာလည်း အများကြီး ကြုံရပါတယ်။
ဟုတ်တယ် သွေးဆင်းတာကလည်း အမေအန္တရာယ်ဖြစ်အောင် မများသေးလို့၊ ကလေးကလည်း လမစေ့သေးလို့ စောင့်လို့ရသေးလို့၊ အမေရောကလေးရော ကောင်းစေချင်လို့ မခွဲပေးသေးတာ။ ဒါပေမယ့် ခဏနေ မနက်ဖြန် သန်ဘက်ခါ အရေးပေါ်ခွဲထုတ်ရလောက်အောင် ရုတ်တရက်ကြီးလည်း သွေးဆင်းလာတတ်တယ်။ ဒါကြောင့် ပြန်လည်းမလွှတ်ရဲတာပါ။ ဆေးရုံပေါ်မှာဆိုရင် သွေးဆင်းပြီဆိုတာနဲ့ နာရီဝက်၊ တစ်နာရီဆိုရင် ခွဲခန်းထဲရောက်ပြီလေ။ အိမ်မှာသွေးဆင်းမှ ပြန်လာမယ်ဆို ကားမောင်းပို့မယ့်လူကို လိုက်ရှာနေရတာနဲ့တင် သွေးဆင်းပြီး ဘယ်နှစ်နာရီကြာမှ ဆေးရုံရောက်မယ်၊ ခွဲခန်းထဲရောက်မယ် မသိလေ။ အဲဒီအချိန်ကျရင် အချိန်သည်အသက်ပါဗျ။
ဒီလိုလူနာတွေကို ခွဲရပြီဆိုရင်လည်း အဲဒီအချိန်မှာရှိနေတဲ့ စီနီယာအကျဆုံး ဆရာဝန်က ဦးဆောင်ခွဲစိတ်ရပါတယ်ဗျ။ ရိုးရိုးလုပ်ရိုးလုပ်စဉ် ခွဲစိတ်မွေးဖွားခြင်း အပြင် အပိုဆောင်းအနေနဲ့ အချင်းကွာတဲ့နေရာက သွေးထွက်နေရင် over sewing suture ထည့်တာ၊ B Lynch’s compressing suture ထည့်တာ၊ Bilateral uterine arteries ligation လုပ်တာ စသည်တို့ထဲက တစ်ခုခု လုပ်ကောင်းလုပ်ရနိုင်ပါတယ်။ Previous LSCS Scar ပေါ်က Placenta Praevia ဆိုရင်တော့ Caesarean Hysterectomy သားအိမ်ထုတ်ပစ်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။
ကြောက်ဖို့ပြောပြနေတာ မဟုတ်ပါဗျ။ သတိထားဖို့၊ သိထားဖို့၊ အနီးအနားမှာ ဒါမျိုးကြုံလာရင် မှန်ကန်သောလမ်းကို အကြံပြုနိုင်ဖို့၊ ခင်ဗျားတို့ကို အားကိုးချင်လို့ ပြောပြတာပါ။ လိုအပ်တာ၊ မှားနေတာများ ရှိရင်လဲ အကြံပြု ဆွေးနွေးနိုင်ပါတယ်ဗျ…။
ဒေါက်တာဝသုန်
သားဖွားမီးယပ်ဆရာဝန်
လွတ်မြောက်နယ်မြေတစ်နေရာ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.