ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံမှာ Human Metapneumovirus လို့ခေါ်တဲ့ HMPV virus ကို တွေ့ရှိမှုများလာတဲ့အကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

မလေးရှားနိုင်ငံမှာလည်း ယခင်နှစ်ကထက် HMPV virus တွေ့ရှိနှုန်းများလာတယ်လို့ ဆိုပါတယ်။

အိန္ဒိယနဲ့ မလေးရှားအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကတော့ Virus ပိုးရဲ့အခြေအနေကို အနီးကပ် စောင့်ကြည့်နေဆဲဖြစ်ကြောင်း၊ ဒါပေမယ့် ဒီပိုးဟာ ခုမှတွေ့ရှိရတဲ့ ပိုးလည်းမဟုတ်ဘဲ ရာသီဖျားနာ Virus ပိုးမျိုး ဖြစ်ကြောင်း ဖော်ပြထားကြပါတယ်။ နိုင်ငံတကာ ခရီးသွားလာခွင့် ကန့်သတ်ချက်တွေလုပ်တာ၊ နိုင်ငံတွင်း ရောဂါပြန့်ပွားမှုတားဆီးရေး အစီအစဉ်တွေ လုပ်တာတွေလည်း မရှိသေးပါဘူး။

ဘာပဲဖြစ်ဖြစ် သတိဆိုတာ ပိုတယ်မရှိလေနော်…
ဒီရောဂါနဲ့ပတ်သက်ပြီး သတိထားရင် မမှားပါဘူး။

ဒီ Human metapneumovirus (HMPV) ဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ virus ပိုးတစ်မျိုးပါ။ ၂၀၂၁ ခုနှစ်လောက်ထဲက စတင်တွေ့ရှိခဲ့ပြီးတော့ ရာသီတုပ်ကွေး ဖြစ်စေတဲ့ Influenza virus ၊ အဆုတ်ရောင်ရောဂါတွေ ဖြစ်စေတဲ့ Respiratory syncytial virus စတာတွေနဲ့ ရောဂါဖြစ်ပွားမှု ပုံစံတူတယ်လို့ ဆိုပါတယ်။

Virus ပိုးဝင်ပြီး လက္ခဏာပေါ်ရန် ကြာချိန် ၃ ရက်ကနေ ၆ ရက်ခန့် ရှိတတ်ပါတယ်။

HMPV ရဲ့ ရောဂါ လက္ခဏာတွေကတော့. . .

  • ချောင်းဆိုးခြင်း
  • အသံဝင်ခြင်း
  • နှာစေး နှာပိတ်ခြင်း
  • ဖျားခြင်း
  • တရွှီရွှီမြည်ခြင်း စတဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ လက္ခဏာတွေကို တစ်ပတ်ခန့် ခံစားရမှာပဲ ဖြစ်ပါတယ်။

အများအားဖြင့် မပြင်းထန်တတ်ပေမယ့် ကိုယ်ခံအားနည်းတဲ့သူတွေ အထူးသဖြင့်. . .

  • အသက် ၅ နှစ်အောက် ကလေးငယ်များ
  • သက်ကြီးရွယ်အိုများ
  • ပန်းနာရင်ကျပ်ရှိသူများ
  • ခုခံအားဆိုင်ရာ ရောဂါရှိသူများ (AIDSရောဂါ၊ Autoimmune ရောဂါများ၊ ကင်ဆာရောဂါများ၊ ကိုယ်ခံအားထိန်းဆေး သောက်နေရသူများ) မှာတော့ ရောဂါ ပြင်းထန်နိုင်ခြေရှိပါတယ်။

ရောဂါပြင်းထန်တဲ့အခါ လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်း၊ နားအတွင်း ပိုးဝင်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါရှင်‌တွေမှာ ရင်ကျပ်ပိုဆိုးလာနိုင်ခြင်း စတဲ့ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။

ဒီပိုးဟာ ရောဂါဖြစ်ပွားသူ တစ်ဦးဆီမှ နောက်တစ်ဦးဆီကို ပျံ့နှံ့ကူးစက်ခြင်းဖြစ်ပြီး ချောင်းဆိုးတဲ့အခါ၊ နှာ‌ချေတဲ့အခါ ဘေးပတ်ဝန်းကျင်ကို ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူနဲ့ လက်ဆွဲနှုတ်ဆက်ခြင်း၊ ထိတွေ့ခြင်း၊ ‌ရောဂါပိုးပျံ့နှံ့ကျရောက်နေတဲ့ အရာဝတ္ထုမျက်နှာပြင်တွေကို ကိုင်တွယ်မိခြင်းတို့မှလည်း ပြန့်ပွားနိုင်ပါတယ်။

HMPV ပိုးဟာ ဆောင်းရာသီမှ နွေဦးရာသီအထိ ပတ်ဝန်းကျင်မှာ သဘာဝအတိုင်း လည်ပတ်တည်ရှိနေနိုင်ပါတယ်။

ကုသမှုအနေနဲ့‌ တော့

ဒီရောဂါ/ ဒီပိုးဟာ များသောအားဖြင့် ကိုယ်ခံအားနဲ့သာ ပြန်လည်တိုက်ဖျက် ကုသတဲ့ရောဂါဖြစ်ပါတယ်။ သီးသန့်ကုသနိုင်တဲ့ Antiviral ဆေးဝါးနဲ့ ကာကွယ်ဆေး မရှိပါဘူး။ ဖြစ်လာတဲ့ လက္ခဏာတွေကို လိုက်ပြီး ကုသရမှာဖြစ်ပါတယ်။

  • အဖျားအတွက် အဖျားပျောက်ဆေးပေးခြင်း
  • ရေဓာတ်ဖြည့်ပေးခြင်း
  • နှာပိတ် နှာမွှန်ခြင်း၊ ရင်ကျပ်ခြင်းအတွက် ကုသခြင်း
  • ပြင်းထန်လူနာများအတွက် အောက်ဆီဂျင်ပေးခြင်း တို့ကို ပြုလုပ်ရမှာပါ။

ကြိုတင်ကာကွယ်မှုတွေ လုပ်သင့်တာကတော့. . .

၁။ လက်ကို ဆပ်ပြာ၊ ရေနဲ့ အနည်းဆုံး စက္ကန့် (၂၀) ကြာ ပုံမှန်ဆေးကြောပါ။

၂။ မျက်နှာ၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်မဆေးဘဲ ကိုင်တွယ်ခြင်းမပြုပါနဲ့။

၃။ အဖျားနဲ့ ချောင်းဆိုး၊ နှာစေး ရောဂါလက္ခဏာရှိသူများနဲ့ ဖြစ်နိုင်ရင်အနီးကပ်မနေပါနဲ့။

၄။ ဖျားခြင်း၊ ချောင်းဆိုး နှာစေးခြင်း၊ မောကျပ်ခြင်း စတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခဏာများ ခံစားရပါက အိမ်တွင် သီးသန့်နေထိုင်နိုင်ရင် အကောင်းဆုံးပါ။ နှာခေါင်းစည်းတပ်ပါ။ ချောင်းဆိုး နှာချေလျှင် အုပ်ပြီးချေပါ။

၅။ မိမိရပ်ရွာအတွင်း အထက်ပါလက္ခဏာ ဖြစ်တဲ့သူတွေများနေတယ်လို့ သတင်းကြားရင် လူစုလူဝေး ရှိရာနေရာတွေကို သွားတာလာတာလျှော့ပါ။ နှာခေါင်းစည်းများကို ပြန်လည်အသုံးပြုပါနော်။

၆။ မိမိရဲ့ နဂိုမူလကျန်းမာရေးပြဿနာများကို ဆရာဝန်နဲ့ သေချာစွာတိုင်ပင်ကုသထားပါ။ အထူးသဖြင့် ပန်းနပ်ရင်ကျပ်ရောဂါ၊ အဆုတ်လေပြွန်ရောင်ရောဂါ၊ အဆုတ်ပွရောဂါရှိသူများ သတိထားရန် လိုပါတယ်။

၇။ ရေများများသောက်ပါ။ အာဟာရမျှတအောင် စားသုံးခြင်း၊ ကိုယ်ကာယကြံ့ခိုင်အောင် လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းအားဖြင့် မိမိရဲ့ကျန်းမာရေး ကောင်းမွန်အောင် မြှင့်တင်ထားကြပါနော်။

နှစ်သစ်မှာ အားလုံး ဘေးကင်းကျန်းမာကြပါစေ…။

အထူးကုသမားတော်တစ်ဦး
တယ်လီကျန်းမာ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here