“ လာ ငိုပြမနေနဲ့နော်… ဒီမှာ ရှင့်ကို ငိုလို့သနားမယ့်သူ မရှိဘူး” ဆိုပြီး အသံနက်နက်ကြီးကို ကင်ဆာပြင်ပလူနာဆောင်ကနေ ကျွန်မစကြားလိုက်တော့ နည်းနည်းတော့လန့်သွားတယ်။
အဲဒီအချိန်က ကျွန်မက အလုပ်သင်ဆရာဝန် ကင်ဆာဌာနမှာ တာဝန်ကျနေတာပါ။ ကျွန်မလည်း ဘယ်အကြီးက အော်နေလည်းကြည့်လိုက်မှ အထူးကုမဟုတ်၊ သာမန် လက်ထောက်ဆရာဝန်အစ်မ Dr A ပါ။
ကျွန်မစိတ်ထဲ “ ဪ… အထူးကုတောင်မဖြစ်သေး ပါဝါပြလှချည်လားပေါ့”
နောက် ကျွန်မအခန်းထဲဝင်သွားတော့ Dr A က “ House surgeon ညီမလေး ဟိုနား စာအုပ်တွေချ၊ Case တွေ ရသလောက် ကိုယ်ဘာသာလိုက်ကြည့်ချင်ကြည့် … မဟုတ် အစ်မနားလာကြည့်” တဲ့။
ကျွန်မ ကြောက်လည်းကြောက် ဘာမှလည်းမလုပ်တတ်သေးတော့ အဲဒီအစ်မနားသွားထိုင် လိုက်ကြည့်ပေါ့။
Dr A လည်း စောနလူနာကို ဆက်စကားပြောပါလေရော… “ ကျွန်မပြောမယ်… ဒီရောဂါနဲ့ပတ်သက်ပြီး မရှင်းတာ လိုတာရှိ ထပ်မေး။ ကုလို့လည်းပျောက်တယ်။ နယ်ကတောင် လာကုကြသေးတာ။ ရှင် ရန်ကုန်နီးနီးလေးပါ။ ကျွန်မ အခုလွှဲစာလည်းရေးပေးမယ်။ ကျွန်မဖုန်းနံပါတ်လည်းပေးမယ်၊ OG ဘက်က ကျွန်မရဲ့ဆရာဝန်နဲ့ ချိတ်ပေးထားမှာ။ ရှင်က ပြောသလိုလိုက်လုပ်ရုံပဲ” ဆက်ရှင်းပြနေမှ ဘေးကသူနာပြုဆရာမလေးကို မေးကြည့်တော့ “ လူနာက ကင်ဆာဖြစ်တာသိတော့ ဆက်မကုပါဘူး၊ ငွေမရှိပါဘူး၊ သူထပြန်မယ်လုပ်နေလို့” တဲ့။
စိတ်ထဲ ကင်ဆာလူနာကို ဒီလိုမပြောသင့်ပါဘူးပေါ့။ Dr A က အကြီးတွေလာ round ပြီး အကုန်ပြန်တော့မှ လူနာကို “ ကျွန်မ စောန ရှင်ကိုစိတ်ပူတဲ့ဇောနဲ့ အော်မိတာ။ တောင်းပန်ပါတယ်… OG ဘက်တော့ သွားဖြစ်အောင်သွားပါ” ဆိုပြီး အမကိုယ်ပိုင်ငွေ ငါးသောင်း/တစ်သိန်းလောက်ရှိမယ့် ပိုက်ဆံအထပ်ကို လူနာကို ထိုးပေးတော့ လူနာကလည်း ကျေးဇူးတင်ပါတယ်တောင် ပြောမသွားဘဲ “ အေးပါ… သွားလိုက်မယ်” တဲ့ဆိုပြီး ပြန်သွားရော။
ကျွန်မလည်းမနေနိုင်လို့ DR A ကို “ အစ်မ သူစိတ်မတိုဘူးလား။ အစ်မ ဘာလို့ သူကိုအော်လည်း” ဆိုပြီး ပြောတော့ “ လူနာကို သေချာရှင်းပြ နားလည်စေတာက လူနာတစ်ယောက်ကို ပညာနဲ့အသက်ကယ်တာပါ။ သူဘယ်လိုဖြစ်ဖြစ် OG ဘက်မှာ သေချာခွဲစိတ်ရင် ပြီးတာပါပဲ” တဲ့။
…
…
Dr A က ကင်ဆာဌာနာမှာ လူနာတစ်ယောက်လာ Chemo ဆေးသွင်းတာဖြစ်စေ တစ်ခုခုဆို ဆိုးကျိုး/ကောင်းကျိုးကို သေချာရှင်းပြတယ်။ ဆေးသွင်းရင်း ဆိုးကျိုးဖြစ်လာတာနဲ့ အကြီးကိုအသိပေး၊ လူနာကိုရှင်းပြ၊ သေချာကုသမှုပေး… တွေ့ဖူးတဲ့ လက်ထောက်ဆရာဝန်ထဲ တကယ်ထူးခြားပြီး လူနာကိုဂရုစိုက်နေတာပါပဲ။
Dr A ခံယူချက်က ရှင်းပါတယ်။ ကျွန်မတို့ကို အမြဲသင်ပေးတာက လူနာတစ်ယောက် သေဆုံးခြင်း (သို့) ပြန်နေကောင်းခြင်းက ကံတရားနဲ့ဆိုင်ပေမယ့် ကိုယ်က သေချာရှင်းပြ၊ သေချာကုသမှုပေးထားရင် အဖြေဘယ်လိုပဲရရ လူနာနဲ့လူနာရှင်က ကိုယ့်အပေါ် ကျေနပ်သလို ဆုံးပါးသွားခဲ့ရင်တောင် ဆရာဝန်တွေကို ရက်လည်မုန့်ဟင်းခါးလာကျွေးမှာဆိုပြီး (ဟာသနှောပြီး) သင်ပေးနေကျပါ။
နောက်အရေးကြီးတဲ့အချက်က လူနာက မိမိရောဂါအကြောင်း နားလည်နေခြင်းပါ။ ငါတစ်ခုခုဖြစ် ဆေးခန်းသွားလိုက်မယ်၊ ဆေးစစ်လိုက်မယ်၊ ပေးတဲ့ဆေးသောက်မယ်ဆိုတာထက် ကိုယ့်ရောဂါကို ဘယ်လို ကုသမှုခံယူသင့်လည်းဆိုတာ ဆရာဝန်ကသေချာရှင်းပြရင် နားထောင်ပြီး သေချာသိနေရပါမယ်။
ဆေးရုံဆေးခန်းမှာ လူနာတွေက ဘယ်လိုပဲရှင်းပြပြ နောက်ဆုံး “ ဆရာကောင်းမယ်ထင်တာ လုပ်ပါ” ဆိုတာမျိုး ကြုံနေကျပါ။ ခြုံပြောရရင်တော့ တချို့က ပညာတတ်ခြင်း/ မတတ်ခြင်းနဲ့ဆိုင်တယ်လို့ပြောကြတာ တစ်ဝက်မှန်ပေမယ့် ကျွန်မအမြင်ကတော့ ကိုယ့်ရောဂါကိုယ် ရောဂါရာဇဝင်မသိချင်ဘူး။ သူတို့ရောဂါပျောက်ဖို့ အာရုံရှိတာပဲ များကြလို့ပါ။
ဒါကိုလည်း ကျွန်မ လူနာဘက်ကနေ နားလည်ပေးနိုင်ပါတယ်။ သို့သော် ကိုယ့်ရောဂါအနေအထားသိရှိပြီး ဘယ်ချိန်မှာ ဘယ်လိုပြန်ပြရမယ်၊ ဆရာဝန်ပြရင် လိုအပ်တဲ့ ဆေးမှတ်တမ်းရှိရမယ်၊ ကိုယ့်မှာ ထူးခြားဖြစ်စဉ်ရှိ သေချာပြောပြတတ်ခြင်းဟာလည်း မိမိ ရောဂါကုသရာမှာ အကျိုးအများကြီးရှိပါတယ်။
အခုနောက်ပိုင်း လူနာဆရာဝန်ကြား ဆက်ဆံရေးမှာ လူနာကို ရောဂါအကြောင်း သေချာမရှင်းပြကြတာ၊ လူနာက ကိုယ့်ရောဂါအကြောင်းနားမလည်လို့ အချိန်မီဆေးရုံဆေးခန်းမရောက်တာ စတာတွေတွေ့တော့ ကျွန်မ တကယ်စိတ်မကောင်းဖြစ်ရပါတယ်။
လူနာအနေနဲ့လည်း ကိုယ့်ရောဂါကုသမှုအကြောင်း လိုအပ်ရင်ဆရာဝန်ကိုသေချာမေးပါ။ မေးခွင့်ရှိပါတယ်။
အခုတော့ ကျွန်မအမြင်ကပ်မိတဲ့ Dr A ဟာ စစ်အာဏာသိမ်းပြီးနောက် ဒီစစ်အုပ်စုကို အကြမ်းမဖက် အနုနည်းနဲ့အာဏာဖီဆန်တဲ့ CDM လုပ်လိုက်ပြီး အဝေးတစ်နေရာကို ရောက်သွားပါပြီ။ ဒီလိုမျိုး စေတနာ CDM ဆရာဝန်တွေမရှိတော့တာဟာ တကယ်တော့ လူနာတွေရဲ့ ဆုံးရှုံးမှုကြီးတစ်ခုလို့ ကျွန်မခံစားမိပါတယ်ရှင်။
အားလုံးပဲကျန်းမာကြပါစေရှင်…။
Dr Cool
တယ်လီကျန်းမာ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.