“ကျွန်တော့်မှာ/ကျွန်မမှာ နှလုံးအားနည်းတဲ့ရောဂါ ရှိတယ်” ဆိုပြီး လူနာတော်တော်များများက ပြောတတ်ကြပါတယ်။
နှလုံးအားနည်းတယ်ဆိုတာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တာမို့လို့ သမားတော်တစ်ယောက်အနေနဲ့ ကျွန်မက ဘာဖြစ်တာလဲ၊ ဘာရောဂါလဲလို့ တိတိကျကျပြန်မေးရင်တော့ သေချာပြန်မဖြေတတ်ဘဲ ဖြစ်ကြပြန်ပါရော။
ဒါကြောင့် ခေါင်းစဥ်တပ်ထားတဲ့ နှလုံးခုန်မမှန်ခြင်းရောဂါတွေအကြောင်းမပြောခင် နှလုံးမှာအခြေတည်ပြီးဖြစ်တဲ့ ရောဂါတွေအကြောင်း အကြမ်းဖျင်းလေး အရင်ဆုံးပြောပြပါရစေ။
…
…
နှလုံးရောဂါတွေကို ဖြစ်တဲ့နေရာပေါ်လိုက်ပြီး ခွဲလို့ရပါတယ်။
ဒီအထဲမှာမှ နှလုံးမှာရှိတဲ့သွေးကြောရောဂါတွေထဲမှာ နှလုံးသွေးကြောကျဉ်း/သွေးကြောပိတ်ရောဂါကတော့ နာမည်ကြီးပေါ့။ သူက နာတာရှည်ဆေးသောက်ရမယ့်ရောဂါမျိုးဖြစ်ပြီး သွေးကြောပိတ်သွားတာကိုကျ heart attacks လို့ ခေါ်ကြပါတယ်။ သူကတော့ အရေးပေါ်ပြဿနာပါ။
နှလုံးက အလွှာ ၃ လွှာ ရှိပါတယ်။
အပေါ်ဆုံးအမြှေးပါး (Pericardium) မှာဆိုရင် virus ပိုးတချို့ကြောင့် ရောင်ရမ်းပြီး ရင်ဘတ်အောင့်တာမျိုး ဖြစ်တတ်ပါတယ်။ ရောင်ရမ်းတာဆိုးရင် နှလုံးအပြင်ဘက် ရေဝိုင်းတဲ့ရောဂါ Pericardial effusion ဖြစ်တတ်ပါတယ်။
မြန်မာနိုင်ငံမှာအဖြစ်များတဲ့ တီဘီရောဂါဟာ ဒီအလွှာလေးကို ရောင်ရမ်းတောင့်တင်းစေပြီး နှလုံးကို ဘေးမှာ အကာမာမာကြီးနဲ့ ဖိထားသလိုဖြစ်စေ၊ နှလုံးကို မ ညှစ်နိုင်ဖြစ်စေတဲ့ Constrictive pericarditis ဆိုတာ ဖြစ်စေနိုင်ပါတယ်။
နှလုံးရဲ့ အလယ်လွှာ (Myocardium) နှလုံးကြွက်သားမှာ ရောဂါဖြစ်ရင်တော့ နှလုံးညှစ်အားနည်းပြီး အမောဖောက်တတ်တာမျိုး ဖြစ်တတ်တယ်။ မွေးရာပါကြောင့်ဖြစ်တတ်သလို ကြီးမှအကြောင်းတစ်ခုခုကြောင့် (အရက်၊ ကင်ဆာဆေးတွေ၊ နှလုံးသွေးကြောပိတ်လို့ ကြွက်သားပုတ်တာနဲ့ Virus ပိုးတချို့ကြောင့်) ဖြစ်တတ်ပါတယ်။ မျိုးရိုးလိုက်တဲ့ ရောဂါအချို့လည်း ရှိပါတယ်။
နှလုံးမှာ Mitral valve, Tricuspid valve, Aortic valve, Pulmonary valve ဆိုတဲ့ အဆို့ရှင် ၄ ခုရှိပြီး နှလုံးရဲ့ အတွင်းဆုံးအလွှာ (Endocardium) နဲ့ ဆက်စပ်ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ အဆို့ရှင်လေးတွေ ကျဉ်းတာ၊ ကျယ်တာ၊ မလုံတာမျိုးတွေကြောင့်ဖြစ်ရတဲ့ အဆို့ရှင်ရောဂါမျိုးစုံရှိပြီး အကျဉ်း/ အကျယ်ပေါ် မူတည်လို့ ရောဂါဆိုးတတ်ပါတယ်။ လိုအပ်ရင် အဆို့ရှင်ချဲ့တာ၊ အစားထိုးတာမျိုး လုပ်ရပါတယ်။
ဒီအဆို့ရှင်လေးတွေအနီးမှာ ပိုးဝင်တာမျိုးဖြစ်တဲ့ နှလုံးပိုးဝင်ရောင်ရမ်းတဲ့ရောဂါ (Endocarditis) ဆိုတာလည်း ရှိပါတယ်။ သူကတော့ အန္တရာယ်ရှိပြီး ပိုးသတ်ဆေးတွေ အကြာကြီးသွင်းပြီး ကုရပါတယ်။
နှလုံးအခန်းငယ်လေးတွေမှာ မွေးရာပါအပေါက် အပိုပါနေတာ (Atrial septal defect / Ventricular Septal defect) မျိုးအတွက်ကတော့ အပေါက်ကိုပြန်ပိတ်တဲ့ ကုသမှုမျိုးလုပ်ရပါတယ်။
နှလုံးဟာ အမြဲလှုပ်ရှားပြီး အောက်ဆီဂျင်ပြည့်ဝနေတဲ့အတွက် ကင်ဆာဖြစ်လေ့တော့ မရှိပါဘူး။ ဒါပေမယ့် နှလုံးအခန်းအတွင်းမှာတော့ Atrial myxoma ဆိုတဲ့ အသားပိုလေးတွေဖြစ်တတ်ပြီး လိုအပ်ရင်ခွဲထုတ်ရတတ်ပါတယ်။
…
…
နှလုံးဟာတစ်ချိန်လုံး တဒုတ်ဒုတ်နဲ့ စည်းချက်ကျကျ ခုန်နေတာမို့လား။
ဒီလို စည်းချက်ကျကျခုန်နေခြင်းဟာ အသက်ရှူသွင်းတဲ့အချိန်မှာ နည်းနည်းပိုမြန်တတ်ပါတယ်။
နှလုံးခုန်နှုန်းဟာ ပုံမှန်မဟုတ်တော့ဘဲ မြန်တာ၊ နှေးတာ၊ စည်းချက်မကျတာတွေကို နှလုံးခုန်မမှန်ရောဂါလို့ခေါ်ပြီး အပေါ်မှာပြောခဲ့တဲ့ ရောဂါတွေနဲ့လည်း တွဲဖက်တွေ့ရတတ်ပါတယ်။
နှလုံးခုန်နှုန်း အနှေးအမြန်နဲ့ နှလုံးစည်းချက်ကျမှုဟာ နှလုံးညှစ်အားနဲ့ ခန္ဓာကိုယ်တစ်ခုလုံးဆီကို သွေးပို့ဆောင်ပေးဖို့ စတဲ့ နှလုံးရဲ့လုပ်ဆောင်ချက်ကို ပုံမှန်လုပ်နိုင်စေရေးမှာ အဓိကကျပါတယ်။ နှလုံးခုန်နှုန်း မမှန်တာဟာ အရမ်းဆိုးရင် သွေးဖိအားပါနည်းလာပြီး သွေးပေါင်ကျတာမျိုးပါ ဖြစ်လာမှာပါ။
ကဲ ရှုပ်သွားကြပြီလား… အခုမှ တကယ်ပြောမယ့် အပိုင်း ရောက်လာတာပါနော်။
…
…
နှလုံးခုန်မမှန်ခြင်းကို ဆေးပညာအရ Arrhythmias လို့ခေါ်ပါတယ်။ နှလုံးခုန်နှုန်း ပုံမှန်ထက်မြန်ခြင်း၊ ပုံမှန်ထက်နှေးခြင်းနဲ့ စည်းချက်ကျကျမခုန်ခြင်း စတာတွေအကုန် အကျုံးဝင်ပါတယ်။
နှလုံးတွင်းမှာ conduction system ဆိုတဲ့ လျှပ်စီးပတ်လမ်းတွေ ရှိပါတယ်။ အဲဒီပတ်လမ်းတွေ အချင်းချင်းဆက်သွယ်ပြီး နှလုံးခုန်သံ တစ်ချက်စီတစ်ချက်စီ ဖြစ်ပေါ်လာရတာပါ။
ဒီလိုလျှပ်စီးပတ်လမ်းတွေမှာ ရောဂါဖြစ်ခြင်း သို့မဟုတ် နှလုံးရဲ့အခြားနေရာများမှာဖြစ်တဲ့ရောဂါတွေနဲ့ နှလုံးပြင်ပရောဂါတွေကြောင့် လျှပ်စီးပတ်လမ်း အနှောင့်အယှက်ဖြစ်တဲ့အခါ နှလုံးခုန်မမှန်ခြင်းတွေ ဖြစ်လာပါတယ်။
တစ်ခါတစ်ရံ မွေးရာပါ နှလုံးခုန်လျှပ်စီးပတ်လမ်းတွေ မမှန်တာ (သို့) အပိုပါလာတာမျိုးကြောင့်လည်း နှလုံးခုန်မမှန်တဲ့ရောဂါတွေ ဖြစ်နိုင်ပါသေးတယ်။
အရွယ်ရောက်ပြီးလူတွေရဲ့ ပုံမှန်နှလုံးခုန်နှုန်းကို တစ်မိနစ်အတွင်း ၆၀ မှ ၁၀၀ အထိလို့ အကြမ်းဖျင်းသတ်မှတ်လို့ရပါတယ်။ နှလုံးဟာ အကြိမ်အရေအတွက် ဂဏန်းတစ်ခုထဲမှာပဲ အမြဲခုန်နေမှာတော့ မဟုတ်ပါဘူး။ လှုပ်ရှားတဲ့အချိန် အနည်းငယ်ပိုများပြီး အိပ်တဲ့အချိန်နဲ့ ငြိမ်နေတဲ့အချိန်မှာ အနည်းငယ် နည်းတတ်ပါတယ်။
…
…
နှလုံးခုန်နှုန်း ပုံမမှန်ဖြစ်ရင် ခံစားရနိုင်တဲ့လက္ခဏာတွေကတော့ ဘာရောဂါအမျိုးအစားကြောင့် ဖြစ်ရတာလည်းဆိုတဲ့အပေါ် မူတည်ပါတယ်။
အဖြစ်များတဲ့လက္ခဏာတွေ ပြောရရင်တော့ . . .
- ရင်တုန်ခြင်း (ကိုယ့်နှလုံးခုန်သံကို ပုံမှန်ထက် ပိုသိနေတာ၊ တလှပ်လှပ်ဖြစ်နေတာ)
- ရင်ထဲ ဟာခနဲ ဖြစ်ဖြစ်သွားတာ၊ လှုပ်ရှားတဲ့အခါ နုံးချိသွားတာ (နှလုံးခုန်နှုန်းနှေးတဲ့အခြေအနေ)
- မူးဝေခြင်း
- မိုက်ခနဲဖြစ်ခြင်း
- အသက်ရှူမဝခြင်း
- ရင်ဘတ်အောင့်ခြင်း
- နုံးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း
- အရမ်းဆိုးတဲ့အခါ တက်ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
…
…
ရင်တုန်တဲ့အခါ ကိုယ့်နှလုံးခုန်သံက မြန်နေလား/ နှေးနေလား၊ စည်းချက်ကျကျ ခုန်တာလား/ စည်းချက်မကျဘဲ ခုန်ချင်သလို မြန်လိုက်နှေးလိုက် ဖြစ်တာမျိုးလား၊ စည်းချက်ကျနေရင်း တစ်ချက်ချက်ကြားဖောက်ပြီး ခုန်ချင်သလို ခုန်တာလားဆိုတာမျိုးကို ကိုယ့်ဘာသာကိုယ် သတိထားလို့ရသလို ဆရာဝန်က နှလုံးစမ်းသပ်ရင်း၊ သွေးခုန်နှုန်းတိုင်းရင်းလည်း စမ်းသပ်သိရှိနိုင်ပါတယ်။
နှလုံးစည်းချက်ကျကျမခုန်သူတွေဟာ Digital သွေးပေါင်ချိန်စက်တွေနဲ့တိုင်းရင် မမှန်တာမျိုး ဖြစ်နိုင်ပါတယ်။ Arrhythmias detection function ဆိုတဲ့ နှလုံးခုန်နှုန်းမမှန်တဲ့သူတွေလည်း တိုင်းတာနိုင်တဲ့ လုပ်ဆောင်ချက်ပါတဲ့ Digital စက်မျိုးဝယ်ရပါတယ်။
နှလုံးခုန်နှုန်းမြန်တိုင်း ရောဂါကြောင့် ဟုတ်ချင်မှဟုတ်တတ်ပြီး ကော်ဖီ/လက်ဖက်ရည် အများကြီးသောက်တဲ့အခါ၊ ပန်းနာရင်ကျပ်သမားတွေရဲ့အာဖြန်းဆေးလို့ခေါ်တဲ့ Inhaler တွေရှုရတဲ့အခါ၊ ထိတ်လန့်စရာ ရုတ်တရက်ကြုံရတဲ့အခါမျိုးတွေမှာလည်း နှလုံးခုန်နှုန်းမြန်တတ်ပါတယ်။
ဖျားနေတဲ့အချိန်မှာလည်း နှလုံးခုန်မြန်ပါတယ်။ အဖျားကျရင် နှလုံးခုန်နှုန်းလည်း ကျလာပါတယ်။
ကိုယ်ခြစ်ခြစ်တောက်ပူနေပေမယ့် နှလုံးက တစ်မိနစ်ကို ၆၀ – ၇၀ လောက်ပဲ ခုန်နေမယ်ဆိုရင်တော့ ဆရာဝန်ပြပြီး အဖျားရောဂါကို သေချာလေးကုသင့်ပါတယ်။
ဖျားပြီးခါစ အားနည်းနေတဲ့အချိန်၊ သွေးပေါင်ကျတဲ့အချိန်၊ သွေးအားနည်းတဲ့အချိန်တွေမှာလည်း နှလုံးခုန်နှုန်း မြန်တတ်ပါတယ်။
Thyroid hormone များတဲ့သူတွေမှာလည်း နှလုံးခုန်နှုန်းများတာ၊ စည်းချက်မမှန်တာတွေ ဖြစ်တတ်ပါတယ်။
…
…
သဘာဝအားဖြင့် နှလုံးခုန်နှုန်းနှေးခြင်းကတော့ အားကစားပုံမှန်လုပ်တဲ့သူတွေမှာ တွေ့ရတတ်ပါတယ်။ နှလုံးခုန်နှုန်းနှေးပြီး နုံးတာ၊ အားမရှိသလိုဖြစ်တာမျိုး ပါရှိရင်တော့ ဆရာဝန်ပြပြီး စစ်ဆေးသင့်ပါတယ်။
စစ်ဆေးတဲ့အခါ ဆရာဝန်တွေက ရောဂါရာဇဝင်မေးမယ်။ နှလုံးကို စမ်းသပ်မယ်။ သွေးပေါင်ချိန် စမ်းသပ်ပါမယ်။ ပြီးရင်တော့ . . .
- အီးစီဂျီ (ECG) ဆွဲခြင်း
- နှလုံးလုပ်ဆောင်မှုအားနဲ့ အဆို့ရှင်၊ နှလုံးကြွက်သားအခန်းတွေ ပုံမှန် ဟုတ်/မဟုတ် သိရအောင် Echo ရိုက်ခြင်း (Echocardiogram)
- လိုအပ်ရင် နှလုံးလျှပ်စီးပတ်လမ်းတွေကို စစ်ဆေးဖို့ Electrophysiological study ဆိုတာတွေလုပ်ဖို့ ညွှန်ကြားတတ်ပါတယ်။
.
အချို့သူများမှာ နှလုံးခုန်မမှန်တာဟာ အမြဲဖြစ်နေတာမဟုတ်ဘဲ တစ်ချက်တစ်ချက်မှ ထဖြစ်တာမျိုး ရှိတတ်ပါတယ်။ ဒါကိုသိဖို့ နှလုံးခုန်ခြင်းကို ၂၄ နာရီ စောင့်ကြည့်တိုင်းတာခြင်း၊ ၇ ရက် စောင့်ကြည့် တိုင်းတာခြင်း (Holter monitoring) တွေနဲ့ လေ့ကျင့်ခန်းလုပ်ရင်း နှလုံးခုန်မှုကိုကြည့်တဲ့ Exercise ECG လိုအပ်ရင် လုပ်ရတတ်ပါတယ်။
နှလုံးခုန်ခြင်းအပေါ် အနှောက်အယှက်ဖြစ်စေတဲ့ ဓာတ်ဆားအချို့နဲ့ ရောဂါအချို့ကို သွေးထဲမှာစစ်ဆေးဖို့ လုပ်ရတာမျိုးလည်း ရှိတတ်ပါတယ်။
…
…
ဆေးကုသခြင်းမှာတော့ . . .
- သောက်ဆေးအနေနဲ့ နှလုံးခုန်နှုန်းနဲ့ နှလုံးစည်းချက်ကိုမှန်စေတဲ့ Antiarrhythmic medications ဆေးတွေ ပေးခြင်း
- နှလုံးစက်ရိုက်ခြင်း cardioversion
- လျှပ်စီးပတ်လမ်းအပိုလေးများကို ဖြတ်ခြင်း catheter ablation
- နှလုံးခုန်စက်ထည့်ခြင်း (ICD or Pacemaker) တို့ ပါဝင်ပါတယ်။
…
…
နှလုံးခုန်စည်းချက် ခုန်ချင်သလိုခုန်နေတဲ့ Atrial fibrillation လိုရောဂါမျိုးဟာ နှလုံးတွင်းသွေးခဲခြင်းနဲ့ လေဖြတ်ခြင်းကို ဖြစ်စေတတ်တာကြောင့် ဒါကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ သွေးကျဲဆေး Anticoagulation မှီဝဲဖို့ ဆရာဝန်က ညွှန်ကြားနိုင်ပါတယ်။
တကယ်လို့ မိမိဟာ နှလုံးခုန်နှုန်းမမှန်ခြင်းကို ခံစားနေရတယ်ဆိုရင် ဘယ်အချိန်မှာ ဆေးဝါးအကူအညီရယူရမလဲဆိုရင်တော့ . . .
- ရင်တုန်ခြင်းဟာ အချိန်မိနစ်တော်တော်ကြာ (သို့) နာရီနဲ့ကြာအောင်ဖြစ်နေမယ် ဒါမှမဟုတ် ပိုဆိုးလာမယ်
- အခြား နှလုံးပြဿနာအခံတွေ ရှိနေမယ်
- မိမိဖြစ်တာကို ရောဂါသံသယအရ စိတ်ပူတယ်ဆိုရင်တော့ ပြသစစ်ဆေးသင့်ပါတယ်။
…
…
ရင်တုန်ခြင်းနဲ့အတူ အသက်ရှုမဝခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မူးဝေခြင်း၊ မိုက်ခနဲဖြစ်ခြင်း၊ သတိလစ်ခြင်းတွေပါ ရှိမယ်ဆိုရင်တော့ အရေးပေါ် ဆေးရုံသွားရမှာပါ။ ဆေးရုံသွားတဲ့အခါ မိမိကိုယ်တိုင် ကားမမောင်းသင့်ဘဲ အဖော်တစ်ယောက် ခေါ်သွားပါ။
အချို့သော နှလုံးခုန်နှုန်းမမှန်ရောဂါတွေကို သေချာ ရှာဖွေ ကုသခြင်းမလုပ်ထားဘူးဆိုရင် အရေးပေါ် အသက်အန္တရာယ်ဖြစ်နိုင်ပါတယ်။
သေချာဆေးကုထားရင် နှလုံးခုန်မမှန်ရောဂါအများစုဟာ ထိန်းနိုင်ပါတယ်။ ရောဂါနဲ့ ယှဉ်တွဲနေထိုင်ရာမှာ လူကောင်းတုန်းကလို ဝေဒနာမခံစားရဘဲ ပုံမှန်အတိုင်း ပြန်နေနိုင်ပါတယ်။
မိမိရဲ့ သက်ဆိုင်ရာရောဂါနဲ့ပတ်သတ်ပြီး ဆောင်ရန် ရှောင်ရန်တွေက ကွာခြားနိုင်တာမို့ နှလုံးဆရာဝန်နဲ့ ရက်ချိန်းမှန်မှန်ပြပြီး သေချာစွာဆွေးနွေးကုသမှုယူပါ။ နှလုံးခုန်နှုန်း ထိန်းဆေးတွေကို ပုံမှန်သောက်သုံးပါ။ လေ့ကျင့်ခန်းကို ဘယ်အတိုင်းအတာနဲ့ ပြုလုပ်နိုင်လည်းဆိုတာကိုလည်း ဆရာဝန်နဲ့ သေချာလေးဆွေးနွေးခြင်းအားဖြင့် မိမိကိုယ်ကိုယ် ကူညီစောင့်ရှောက်နိုင်မှာ ဖြစ်ပါကြောင်း အသိပညာပေး ပြောကြားလိုက်ပါရစေရှင်…..။
အထူးကုသမားတော်တစ်ဦး
တယ်လီကျန်းမာ
Reference : 📚
Arrhythmias – British Heart Foundation
Arrhythmias – NHS UK
https:// www. bhf. org. uk / informationsupport/conditions/arrhythmias
https:// www. nhs. uk / conditions/arrhythmia/
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.