မီနူး

Home Health Education Others အဲဒီဘဝတွေဆီ…

အဲဒီဘဝတွေဆီ…

0
အဲဒီဘဝတွေဆီ…

ကျွန်တော် လက်ထောက်ဆရာဝန်ဖြစ်ခါစက ကြုံခဲ့ရတဲ့ လူနာအမျိုးသမီးတစ်ယောက်အကြောင်းကို ပြောပြမယ်နော်။

ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကပေါ့။ ရေကူးသင်ပေးတာများ လွယ်လွန်းလို့။ ရေထဲကန်ချလိုက်ရုံပေါ့ ဆိုသလိုပေါ့ဗျာ။ ညနေလေးနာရီကျော်ရင် ခုတင် ၁၀၀ ဆန့် နယ်မြို့ခရိုင်မြို့ဆေးရုံတစ်ခုမှာ အရေးပေါ်တာဝန်ကျ လက်ထောက်ဆရာဝန် တစ်ယောက်ပဲကျန်တယ်။

ဆရာဝန်အင်အားကလည်း အထူးကုဆရာဝန်ကြီးတွေပါ ရှိရှိသမျှအကုန်ပေါင်းမှ ဆယ်ယောက်ဝန်းကျင်ပဲကိုးဗျ။

ကုသဆောင်ကလည်း လေးခုပဲရှိတယ်။ ဆေးပညာဖျားနာကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ သားဖွားမီးယပ်ကုသဆောင်နဲ့ ကလေးကုသဆောင် ဒါပဲ။

ဂျပေါင်ကု အာ- ဏာ – မလုမီ ကာလကလို ခုတင် ၁၀၀ ဆေးရုံတစ်ခုမှာ ဆရာဝန်စုစုပေါင်း အယောက်ငါးဆယ်လောက်လည်း မခန့်ထားနိုင်ခဲ့ဘူး။ အဲဒီတော့ ညနေလေးနာရီနောက်ပိုင်း တစ်ညနေ တစ်ညလုံး အရေးပေါ်ဆရာဝန် တိုင်တိုင်ပင်ပင် လုပ်စရာ စုစုပေါင်း ငါးယောက်ချထားတယ်လို့လည်း လုပ်မရဘူး။

ခုလို လက်ကိုင်ဖုန်းမပြောနဲ့ ကြိုးဖုန်းတောင်မရှိကြလို့ အရေးပေါ်လာရင် လူနာကိုကြည့်၊ မဆုံးဖြတ်တတ်ရင် ဖုန်းလေးတန်း‌ကောက်နှိပ်ပြီး သက်ဆိုင်ရာ အတိုင်ပင်ခံ အထူးကုဆရာဝန်ကြီးဆီ အကြံဉာဏ်လှမ်းတောင်းလို့လည်း ချက်ချင်းမရဘူး။ လိုအပ်လာရင် လူနာရဲ့ရောဂါရာဇဝင်၊ စမ်းသပ်တွေ့ရှိချက်၊ ဘာရောဂါလို့ထင်ပါတယ်၊ ဘာတွေလုပ်ထားပါတယ် အသေးစိတ်ကို အရေးပေါ် အကြောင်းကြားစာအုပ်မှာ ချရေးပြီး ဆေးရုံအလုပ်သမားတစ်ယောက်ကို သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးအိမ်ကို သွားပို့ခိုင်းရတယ်။

ကိုယ်ရေးပေးလိုက်တဲ့ အချက်အလက် စုံ/မစုံ၊ ကုသမှုပေးထားတာ သဘောတူ/မတူအပေါ်မူတည်ပြီး မှတ်ချက်ပြန်ရေး ကုသမှုထပ်ထည့်ပေးလိုက်တာ ရှိသလို၊ အေးငါလိုက်လာခဲ့မယ်ဆိုပြီး တစ်ခါတည်းလိုက်လာကြည့်ပေးသွားတဲ့ ဆရာ/မကြီးများ အများကြီး ကြုံခဲ့ရပါတယ်။ ခက်ခဲခဲ့ရတာတွေကို ပြောပြတာပါ။ အဲဒီလိုဘဝတွေဆီကို ဦးတည်နေသောလမ်းသို့ ပြန်လျှောက်ဖို့ ကူညီနေကြသော ဝန်ထမ်းများကိုလည်း အံ့ဩဘဗျာ။

နိဒါန်းနဲ့တင် တော်တော်ရှည်သွားပြီ။ အဓိကပဲ ပြောကြပါစို့ဗျာ။

လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော် ကျွန်တော်လက်ထောက်ဆရာဝန်ဖြစ်စ နယ်မြို့ခရိုင်မြို့ ခုတင် ၁၀၀ ဆေးရုံတစ်ခုမှာ တစ်ယောက်တည်း အရေးပေါ်တာဝန်ကျဆရာဝန် ဂျူတီဆင်းရတဲ့ တစ်ခုသောညမှာပေါ့ဗျာ။

အသက်ငါးဆယ်ဝန်းကျင် အမျိုးသမီးလူနာတစ်ယောက် ရောက်လာတယ်။ မောလို့တဲ့။ ဟုတ်တယ် လူနာကိုကြည့်ရုံနဲ့တင် တအားကြီးကိုမောနေတာ သိသာတယ်။ အပြင်ဆေးခန်းလည်း ဝင်ပြခဲ့သေးတယ်တဲ့။ အမောသက်သာအောင် ဆေးချိတ်ပေးလိုက်ပါတယ်တဲ့။ မသက်သာလို့ လာတာပါတဲ့။ ဘာဆေးလဲကြည့်လိုက်တော့ Aminophylline ထိုးဆေးကို DW ပုလင်းကြီးထဲထည့်ပြီး သွင်းပေးလိုက်တာ။ တစ်ဝက်နီးပါးတောင် ကုန်နေပြီ။ အဲဒီခေတ်က အသုံးများတဲ့ ပန်းနာရင်ကျပ် ပျောက်ဆေးလေ။ ခုလည်းတစ်ခါတလေ သုံးကြပါသေးတယ်။

အကြံတူ နောက်လူသာစမြဲဆိုသလိုပဲ ဒီအမျိုးသမီးက ပန်းနာရင်ကျပ်ကြောင့် မောတာတော့ မဖြစ်နိုင်တော့ဘူး။ ကျွန်တော်သိပြီလေ။ ကျွန်တော်လည်း ငယ်ငယ်က ပန်းနာရင်ကျပ်ရောဂါသည်ပဲ။ ဒီ Aminophylline ဆေးကို ခဏခဏ အထိုးခံခဲ့ရဖူးတာပေါ့။ တအားစွမ်းတယ်လေ။ အကြောဆေး ​ဖြည်းဖြည်းချင်းလေး ထိုးရတာ။ ဆေးအကုန် အပ်အနုတ် မောကျပ်နေတာကြီးက ချက်ချင်းယူပစ်လိုက်သလိုကို ပျောက်သွားတာ။ ခုခေတ် ရှူဆေးတွေပေါ်လာလို့ သိပ်မသုံးကြတော့တာ။

ပြန်ဆက်ရရင် အခုအမျိုးသမီးက ပန်းနာရင်ကျပ် မဟုတ်ဘူး သေချာတယ်။ အဲဒါကြောင့်မောတာဆိုရင် ခုနဆေးခန်းက ပေးလိုက်တဲ့ဆေးနဲ့တင် သက်သာပြီ။ ဆေးရုံကို ရောက်လာစရာ အကြောင်းမရှိဘူး။ သေချာတယ်။ အဲဒီခေတ်အခါကလူတွေ အစိုးရဆေးရုံလာရဖို့ ဘယ်လောက်ကြောက်ကြသလဲဆိုတာ ခုငါးဆယ်တန်းတွေ မှတ်မိကြမှာပါ။

ဆိုတော့ အသက်ငါးဆယ်ဝန်းကျင် အမျိုးသမီး၊ အရမ်းမောနေတယ်၊ အသက်ကို အလုအယက်ရှူနေရတယ်။ ပန်းနာရင်ကျပ်ရောဂါ မဟုတ်ဘူး။ အဲဒီအထိ သေချာပြီ။ ဘာဆက်လုပ်ရမလဲ။ ပထမဆုံးက ဘယ်ကုသဆောင် ခေါ်သွားရမလဲ ဆုံးဖြတ်ရတာပဲဗျ။ ကိုယ့်ကိုကူမယ့် သူနာပြုဆရာမတွေ၊ အလုပ်သမားတွေက ကုသဆောင်တွေထဲမှာလေ။ ကလေးကုသဆောင်တော့ ခေါ်မသွားပါဘူး။ ကျန်တဲ့ သုံးခုလုံးဖြစ်နိုင်တယ်။ ကျွန်တော် ဘယ်ခေါ်သွားမလဲ။

ဟုတ်တယ် စာဖတ်သူအားလုံးရဲ့ သဘောအတိုင်းပါပဲ။ ဆေးပညာ ဖျားနာကုသဆောင်ကိုပဲ ခေါ်သွားပါတယ်ဗျ။ ထုံးစံအတိုင်း မောရင် အောက်စီဂျင်အရင်ရှူခိုင်း ထားတာပေါ့။

ပြီးတော့ မောရခြင်းအကြောင်းရင်းကို ရှာဖွေဖို့ ရောဂါရာဇဝင်မေးမြန်း၊ သွေးပေါင်တိုင်းတာတို့ ဘာတို့ စတဲ့ စမ်းသပ်မှုတွေ လုပ်တယ်ပေါ့။ လူနာက အရမ်းမောနေတော့ မေးတာတွေကို ကောင်းကောင်း ပြန်မဖြေနိုင်ဘူး။ လူနာကို စမ်းသပ်မှု clinical examination ကိုပဲ အားကိုးရတော့မယ်။ ဆရာတွေ သင်ထားတာတွေ ပြန်စဉ်းစား။ မောတယ်ဆိုတဲ့ဝေဒနာနဲ့ လာမယ့်သူတွေ အများကြီး။ မောစေနိုင်သောရောဂါတွေ အများကြီး။ သို့သော် ဆေးပညာမှာ ဆိုရိုးစကားတစ်ခွန်းရှိတယ်။

Common thing is common.

အတွေ့ရအများဆုံး ရောဂါများကို အရင်စဉ်းစားပါလို့ ဆိုလိုတယ်ထင်တာပဲ။

အဲဒီတော့ ကျွန်တော် နှစ်ခုပဲစဉ်းစားတယ်။ နှလုံး‌ကြောင့် မောနေတာလား။ အဆုတ်ကြောင့် မောနေတာလား။

နှလုံးမှာတောင်မှ နှလုံးစွမ်းဆောင်ရည် ကျဆင်းလို့ (Heart failure) မောတာလား။ နှလုံးကြွက်သားများ ရုတ်တရက်သွေးငတ်သော နှလုံးသွေးကြောကျဉ်းရောဂါ (AMI acute myocardial infarction) ကြောင့် မောတာလား။ စမ်းကြည့်တယ်။ နှစ်ခုစလုံး မဟုတ်ဘူးထင်ရတယ်။

ဒါဆို အဆုတ်ကြောင့် မောတာလား။ ပန်းနာရင်ကျပ် အဆုတ်ရောဂါတော့ (Bronchial Asthma) မဟုတ်ဘူး။ အခြား အဆုတ်ရောဂါတွေဖြစ်တဲ့ နမိုးနီးယားလား၊ အဆုတ်ကိုကာထားတဲ့ အမြှေးပါးနံရံနှစ်ချပ်ကြားက အခန်းကျဉ်းလေးထဲ (Pleural cavity) ကို လေတွေဝင် (Pneumothorax) သို့ အရည်တစ်ခုခုဝင် အရည်ကြည်၊ ပြည် သို့ သွေး (Pleural effusion, empyema or haemothorax) ဝင်ပြီး အဆုတ်ကိုဖိထားလို့ အသက်ရှူမရ မောတာလားပေါ့။

အဆုတ်ကို ရေဝိုင်းလို့မောတာ pleural effusion လို့ထင်မိတယ်။ Pleural cavity အခန်းကျဉ်းလေးထဲမှာ အရည်တစ်ခုခုနဲ့ ပြည့်နေပြီး နံရိုးတွေဘက်ကို ကန်မထွက်နိုင်တော့ အထဲကအဆုတ်ကို ဖိထားပြီး အဆုတ်က ရှုံ့လိုက်၊ ပွလိုက် အသက်ရှူမရလို့ မောတာ။ အဲဒီလိုထင်တယ်။

အဲဒီအထဲမှာမှ common thing is common ဆိုတော့ pleural effusion လို့ထင်တာပေါ့။ အဲဒီအချိန်က အဆုတ်တီဘီရောဂါနဲ့ pleural effusion တွေကလည်း ပေါမှပေါလေ။

ကျွန်တော်လည်း သေချာပြီဆိုပြီး အဆုတ်ကိုရေဝိုင်းလို့ အရမ်းမောနေတာ။ လောလောဆယ် မောတာသက်သာအောင် အဲဒီရေတွေ ဖောက်ထုတ်ပေးမယ်။ ရေဖောက်ထုတ်နေတုန်းတော့ အန္တရာယ်ရှိတယ်။ မောတာတော့ သက်သာသွားမယ်။ နောက်မှ ရေဝိုင်းရခြင်းအကြောင်းရင်းကို သေချာ သလိပ်စစ်ဆေးတာတို့၊ ဓာတ်မှန်ရိုက်စစ်ဆေးတာတို့လုပ်ပြီး ကုရမှာပေါ့။ ခုလောလောဆယ် ရေတွေဖောက်ထုတ်ပေးမယ် သဘောတူလားဆိုတော့ အရမ်းမောနေတဲ့လူနာက သဘောတူပါတယ်ပဲပေါ့။

အဲဒါနဲ့ လူနာကို နောက်မှီပါတဲ့ ကုလားထိုင်ပေါ်မှာ နောက်မှီဘက်မျက်နှာမူ၊ ပြောင်းပြန်ခွထိုင်ခိုင်း၊ လက်နှစ်ဖက်ကို နောက်မှီပေါ်တင်၊ ခေါင်းကို လက်အပေါ်တင် နေရာတကျပြင်ဆင်ပြီး 18 G needle, 20 cc syringe, 3 ways adaptor and drip set ကိုသုံးပြီး စုပ်ထုတ်တာပေါ့။

စထွက်လာကတည်းက အရည်ကြည် pleural effusion တွေ မဟုတ်ဘူး။ သွေးတွေ haemothorax။

သေချာအောင်စုပ်လိုက် 3 ways adaptor ကနေတစ်ဆင့် drip set ကနေ ထိုးထုတ်လိုက်။ ဆက်လုပ်ကြည့်တယ်။ သွေးတွေချည်းပဲ ထွက်လာတယ်။ လူနာကို ဘယ်လိုနေလဲမေးကြည့်တော့ မောတာသက်သာတယ်တဲ့။ Haemothorax ကတော့ သေချာသွားပြီ။ ကျွန်တော်ထင်တဲ့ အဆုတ်တီဘီ မဟုတ်တော့ဘူးလေ။ ထုတ်ရင်းထုတ်ရင်းနဲ့ 500cc ခြောက်ပုလင်းလောက်ရလာပြီ။ မကုန်သေးဘူး။ စုပ်တိုင်း ထပ်ထွက်နေတုန်းပဲ။ ကျွန်တော်က ထပ်စုပ်ရမှာ ကြောက်လာပြီ။ လူနာကလည်း တော်တော်လေးကို အမောသက်သာလာပြီ။ အဲဒါနဲ့ ကျွန်တော်လည်း ဆက်မစုပ်တော့ဘဲ ရပ်လိုက်တယ်။ အရေးပေါ် သွေးတစ်လုံးသွင်းပေးဖို့လည်း ရှာရတာပေါ့။

ပြဿနာက အဲဒီမှာစတာ။ What is the cause of haemothorax in this particular patient?

ဒီလူနာမှာ အဆုတ်ကို ဘာလို့ သွေးဝိုင်းရတာလဲ။ ကျွန်တော်သိသမျှ အဆုတ်ကိုသွေးဝိုင်းရခြင်း အကြောင်းရင်း နှစ်ခုပဲရှိတယ်။

ပထမတစ်ခုက ထိခိုက်ဒဏ်ရာ။ ရင်ဘတ်ကို ဓားနဲ့ထိုးခံရလို့၊ သေနတ်မှန်လို့၊ မိုင်းထိလို့ အခုဒီကာလ ကျွန်တော် အများကြီးတွေ့ခဲ့ရတဲ့ဟာတွေပေါ့။

ဒုတိယတစ်ခုက အဆုတ်ကင်ဆာ၊ အဆုတ်သို့ ပျံ့နှံ့လာသော ခန္ဓာကိုယ်တစ်နေရာရာမှာ ဖြစ်နေတဲ့ကင်ဆာ။

ဆိုတော့ ဒီအမျိုးသမီးက ကင်ဆာပဲဖြစ်ရတော့မယ်လေ။ ထိခိုက်ဒဏ်ရာမှ မဟုတ်တာ။ အရှင်းကြီးပဲကို။ အဲဒီတော့ ဘာကင်ဆာလဲ တော်တော်စဉ်းစားရခက်သွားပြီ။ သိုသော် လူနာကတော့ သူ့အဆုတ်ကို ဖိထားတဲ့သွေးတွေ အများကြီးထွက်သွားပြီဆိုတော့ အသက်ရှူလို့ကောင်းသွားပြီး အမောသက်သာသွားပြီလေ။ ကျေးဇူးတွေတင်လို့။ ခုနမောနေလို့ စကားကို ဝါကျပြည့်စုံအောင် ပြန်မဖြေနိုင်ခဲ့သမျှ ခုတော့ အောက်စီဂျင်လေးရှူရင်းနဲ့ ​ဖြည်းဖြည်းချင်း ဖြေရှာပါတယ်။

ကျွန်တော်ကတော့ စိတ်ညစ်နေပြီ။ တီဘီလို့ထင်ထားတာလေ။ အရည်တွေ စုပ်ထုတ်ပေး။ တီဘီ သေချာအောင် မနက်ကျ သလိပ်စစ်၊ ဓာတ်မှန်ရိုက်၊ ဆေးခြောက်လသောက် ပျောက်။ အဲဒီလိုပဲ တွက်ထားတာ။

ခုတော့ ကင်ဆာ။ ဘယ်နေရာက ဘာကင်ဆာမှန်းမသိ။ ရောက်တတ်ရာရာ လျှောက်မေးရင်းနဲ့ OG ဖြစ်မယ့်ကောင်ဆိုတော့ ခေါင်းထဲမှာ ဖြတ်ခနဲပေါ်လာတယ်။

သားစပျစ်ခိုင် သန္ဓေတည်ဖူးသလား။ အဲဒီလိုဖြစ်လို့ သားအိမ်ခြစ်ကုသမှု ခံယူခဲ့ရဖူးသလားလို့ မေးလိုက်တယ်။

ဟုတ်တယ်တဲ့ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် သူမအသက် သုံးဆယ်လောက်က ဆရာပြောသလို ဖြစ်ဖူးတယ်တဲ့။ သားအိမ်ခြစ်ပေးလိုက်ပြီး မှန်မှန်ပြန်လာပြပါလို့ မမှာဘူးလားမေးတော့ သိသလိုလို မသိသလိုလို အင်းအဲနဲ့။

ဒါနဲ့ သေချာအောင်ဆိုပြီး ‌ဆီးစစ်ကြည့်လိုက်တယ်။ နှစ်ကြောင်းပေါ်တယ်လေ။ ပုံမှန်ဆိုရင်တော့ ကိုယ်ဝန်ပေါ့။ သူ့ဟာကတော့ မဟုတ်ဘူးလေ။ အချင်းကင်ဆာဗျ။

ကိုယ်ဝန်ရှိ/မရှိ ဆီးစစ်ပစ္စည်းဆိုတာ အချင်းကထုတ်တဲ့ hCG ဆိုတဲ့ ဟော်မုန်းဓာတ် ရှိ/မရှိစစ်တာ။ ရှိရင် အချင်းရှိတယ်။ ကိုယ်ဝန်ရှိတယ်ပေါ့။

သားစပျစ်ခိုင်ကိုယ်ဝန်ဆိုတာ လွယ်လွယ်ပြောရရင် အချင်းချည်းဖြစ်တဲ့ ကိုယ်ဝန်ပါ။ H mole လို့ခေါ်ကြတယ်။ ကလေးမရနိုင်သော ကိုယ်ဝန်ပေါ့။ ကလေးမပါဘူးလေ။ အချင်းချည်းပဲ။ ချွင်းချက်လေးတွေတော့ ရှိပါတယ်။ စာလေးမှာစိုးလို့ မပြောတော့ပါနော်။

သားစပျစ်ခိုင်ကိုယ်ဝန်လို့ သိသိချင်း ကိုယ်ဝန်ကို ခြစ်ထုတ်ပါတယ်။ ဘယ်လိုမှ ကလေးမရမယ့် ကိုယ်ဝန်ပါ။ ပြီးရင် တစ်နှစ်အတွင်း ကလေးမယူပါနဲ့။ ရက်ချိန်းမှန်မှန် တစ်နှစ်ကြာ ပြန်လာပြပါ။ နှစ်ပတ်တစ်ခါ၊ တလတစ်ခါကနေ သုံးလခြားတစ်ခါအထိပေါ့။ ဘာလို့ဆို ဆယ်ယောက်တစ်ယောက်က အချင်းကင်ဆာ ဖြစ်သွားတတ်လို့ပါ။

မှန်မှန်လာပြ၊ စောစောသိ၊ ကင်ဆာဆေးပညာဌာနကို လွှဲအပ်ကုသရင် ကင်ဆာတွေထဲက ကုသပျောက်ကင်းနိုင်မှုအများဆုံး ကင်ဆာထဲပါ ပါတယ်ဗျ။

ခုန ကျွန်တော့်လူနာအကြောင်း ပြန်ဆက်ရရင် မှန်မှန်သွားပြန်မပြတော့ ဆယ်ယောက်မှာ ကံဆိုးတဲ့တစ်ယောက်ထဲပါပြီး အချင်းကင်ဆာ ဖြစ်နေတာမသိ။ အနှစ်နှစ်ဆယ်ကြာမှ အဆုတ်ကိုပျံ့မှသိပေါ့။

ကျွန်တော်လည်း မီးယပ်လူနာကြီးကို ဖျားနာဆောင်တင်မိတာပေါ့။ နောက်နေ့မနက် ဂျူတီထွက် အိမ်တန်းမပြန်နိုင်။ မမ သမားတော်ကိုစောင့်။ အချင်းကင်ဆာလူနာကြီးကို ဖျားနာဆောင်တင်ထားမိကြောင်း ပြောရတာပေါ့။ မမက မဆူပါဘူး။ ချီးကျူးသွားသေးတယ်။ သားဖွားမီးယပ်အထူးကု မမဆီကို လွှဲစာရေးပေးတယ်။ ဒါပေမယ့် ဒီရောဂါ ဒီအဆင့်ကတော့ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး ကင်ဆာဆေးအထူးကုဌာနလောက်မှ အဆင်ပြေတော့မှာလေ။

လွှဲရတာပေါ့။ လူနာအခြေအနေလား။ ထုံးစံအတိုင်းပေါ့ဗျာ။ သွားဖို့မတတ်နိုင်ပါဘူးဆိုပြီး အိမ်ပြန်ခေါ်သွားကြတာပဲ။ သုံး၊ လေးရက်ကြာတော့ ဆုံးပြီ သတင်းကြားရတာပဲ။

အဲလိုဘဝတွေဆီ ပြန်မသွားကြပါစို့နဲ့လားဗျာ…။

ဒေါက်တာဝသုန်
သားဖွားမီးယပ်ဆရာဝန်
လွတ်မြောက်နယ်မြေတစ်နေရာ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here