အတွေးလွန်ခြင်း (သို့) မိမိကိုယ်ကို ချည်နှောင်နေသောကြိုးများ
~~~
Overthinking Kills Your Happiness
လူဆိုတဲ့ သဘောက ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေး ထိုင်နေရင်တောင် ဦးနှောက်ထဲမှာရှိတဲ့ အတွေးတွေက ယောက်ယက်ခပ်ပြေးလွှားနေတတ်တဲ့သဘာဝ ရှိပါတယ်။
- နေထိုင်စားသောက်ဖို့အတွက် တွေးကြတယ်
- လက်ရှိအတွက် တွေးကြတယ်
- မနက်ဖြန်အတွက် တွေးကြတယ်
- မဖြစ်သေးတဲ့အနာဂတ်အတွက် တွေးကြတယ်
- အတိတ်က ပြုခဲ့ဖြစ်ခဲ့ဖူးတာတွေကို တွေးကြတယ် စသဖြင့် အတွေးတွေ တွေးနေတတ်တာဟာ ပုံမှန်ပါ။
ဒါပေမယ့် အဲဒီအတွေးတွေဟာ ရပ်တန့်လို့မရနိုင်တော့ဘဲ ကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းတွေမှာ အာရုံစိုက်မရခြင်းနဲ့အတူ လုပ်ငန်းခွင်ကိုပါ ထိခိုက်လာမယ်၊ မိမိ မပျော်ရွှင်ရခြင်းရဲ့အကြောင်းအရင်းတွေ ဖြစ်လာမယ်၊ ကိုယ်တင်မကဘဲ ကိုယ်ပတ်ဝန်းကျင်က လူတွေကိုပါ မကောင်းမြင်လာမယ်၊ စိတ်တွေဆတ်လာမယ်၊ နေ့စဉ်လူမှုဘဝကိုပါ ရိုက်ခတ်လာတယ်ဆိုရင်တော့ ကျွန်မတို့ အနေနဲ့ ဒါတွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်လာပါပြီ။
ဥပမာ၊ မဖြေဆိုရသေးတဲ့ စာမေးပွဲအတွက် စိတ်ပူတယ်ဆိုပါစို့။ ဒါဟာ ဖြစ်တတ်တဲ့သဘာဝတစ်ခု လူ့စိတ်ခံစားမှုတစ်ခုပဲ ဖြစ်ပါတယ်။ အတွေးလွန်တဲ့ (overthinking) ဆိုတာကတော့ ဒီထက်ပိုပြီးတွေးမိနေတာမျိုးကို ဆိုလိုတာပါ။
- ဒီစာမေးပွဲသာကျသွားရင် ငါတော့သွားပါပြီ
- အိမ်ကလည်းဆူမယ်၊ အရှက်ရမယ်၊ သူများတွေက ဝိုင်းလှောင်ကြမှာပဲ
- စာမေးပွဲအောင်ပြီး အမှတ်မကောင်းရင်ရော ဘာဆက်လုပ်ရမလဲ
- လိုချင်တဲ့ ဘွဲ့ / ကျောင်း/ အလုပ်စသဖြင့် မရတော့ရင် ဘယ်လိုလုပ်မလဲ၊ ရွယ်တူတွေကြားထဲ မျက်နှာငယ်ရတော့မယ် စသဖြင့် မဖြစ်သေးတဲ့ အဆိုးဆုံးအခြေအနေတွေထိကိုစဉ်းစားပြီး မသိစိတ်က ထပ်ခါထပ်ခါ တွေးမိနေတာမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့် ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေအပေါ် အထူးတလည် အာရုံစိုက်မိနေခြင်းလို့ အလွယ်မှတ်ယူလို့ရပါတယ် ။
…
…
အတွေးတွေ လိုတာထက် ပိုများလာတဲ့အခါ . . .
- စိတ်က အချိန်တိုင်းလိုလို ရတက်မအေးဖြစ်နေမယ်
- မပျော်ရွှင်နိုင်တော့ဘူး၊ ပျော်ရွှင်စရာတွေကိုလည်း မမြင်နိုင်တော့ဘူး
- အတွေးနဲ့ပဲ အချိန်ကုန်နေမယ်၊ ကိုယ့်ရဲ့အင်အားတွေပါ ကုန်ခမ်းလာမယ်
- တစ်ခုခုကို စိုးရိမ်ပူပန်နေမယ်၊ စိတ်ဖိစီးလွယ်လာမယ်
- အိပ်မပျော်တဲ့ညတွေ များလာမယ်
- တစ်ခုခုလုပ်တဲ့အခါ မှားမှာစိုးတဲ့အတွက် ထပ်ခါတလဲလဲ ပြန်စစ်နေမိတဲ့အကျင့်ကနေ Perfectionist ဘက်ကို တဖြည်းဖြည်း ရောက်လာတယ်
- မကောင်းတဲ့အတွေးတွေကို တွေးတတ်တဲ့ ဦးနှောက်ရဲ့ညာဘက်အခြမ်းက ပိုအားသာလာမယ်။
- နောက်ဆုံး စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေ ထိခိုက်တဲ့အထိကို အတွေးရဲ့ဖိစီးမှုဒဏ်တွေကို ခံစားလာရတတ်ပါတယ်။
…
…
ဒါကြောင့် ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကိုယ် အတွေးလွန်နေပြီလားဆိုတာကို အမြဲသတိလေးနဲ့ ဆင်ခြင်ကြည့်ဖို့ လိုပါတယ်။
🌿အတွေးများတာကို သတိထားမိတာနဲ့ တစ်ပြိုင်နက် မိမိရဲ့စိတ်ကို မိမိခန္ဓာကိုယ်ဆီ ပြန်ခေါ်တတ်တဲ့ အကျင့်လေးကို မွေးမြူပါ။
🌿Mindfulness များများကျင့်ပါ။
🌿ဗုဒ္ဓဘာသာမှာတော့ တရားထိုင်ခြင်းနဲ့ နီးစပ်ပါတယ်။
🌿လေကို သတိနဲ့ဖြည်းညင်းစွာ ရှူသွင်းရှူထုတ် လုပ်ပေးပါ။
🌿စိတ်နဲ့ခန္ဓာကို ပြန်ဆက်သွယ်တဲ့ လေ့ကျင့်ခန်းလေးတွေ လုပ်ပါ။
🌿 ကိုယ့်ဘဝမှာ ကိုယ်ရရှိခဲ့ဖူးတဲ့ အောင်မြင်မှုလေးတွေကို ပြန်တွေးကြည့်ပါ။
🌿 လွှတ်ချသင့်တဲ့အရာတွေကို လွှတ်ချပါ။
🌿 တစ်ဦးတစ်ယောက်ဆီက အကူအညီရယူဖို့ကို ဝန်မလေးပါနဲ့။
🌿 လိုအပ်ပါက ကျွမ်းကျင်သူများနဲ့ တိုင်ပင်ဆွေးနွေးမှု ခံယူပါ။
🌿လမ်းလျှောက်ထွက်ပါ။
🌿ယောဂဆော့ပါ။
🌿ပေါ်လာတဲ့ အတွေးတွေကို စာအုပ်မှာချရေးတာမျိုးလည်း လုပ်လို့ရပါသေးတယ် ။
ဒီနည်းလမ်းလေးတွေနဲ့ အတွေးလွန်ခြင်း overthinking ကို ဖြည်းဖြည်းချင်း ထိန်းကျောင်းကြည့်ရင်း ပျော်ရွှင်မှုတွေ ပြန်ပြီးရရှိလာစေဖို့ မျှဝေပေးလိုက်ရပါတယ်ရှင်…။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
(စိတ်ပညာလေ့လာလိုက်စားသူ ဆရာဝန်တစ်ဦး)
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.