“ ဒီမှာ ညှော်နံ့ရတယ် ဝေးဝေးနေ…အနာရင်းနေလိမ့်မယ်” စသဖြင့် ပြောကြတာတွေကို ကြားဖူးကြမှာပါ။ ဒါက တကယ်ပဲ အမှန်ပဲလား 🤔
ဆိုတော့ အဲဒီ ညှော်နံ့၊ ညှော်ငွေ့တွေထဲမှာ ဘာတွေ ပါလဲ၊ ဘာတွေဖြစ်စေလဲ ဦးစွာပြောပြပေးပါမယ်။
.
❓မီးဖိုကထွက်တဲ့ ညှော်နံ့ထဲမှာ ဘာတွေပါလဲ
အဓိကအားဖြင့်တော့
- Nitrogen dioxide,
- Carbon monoxide,
- Carbon dioxide အပြင်
- တခြားသော ဓာတုပစ္စည်း၊ ဓာတုဓာတ်ငွေ့များစွာ ပါဝင်ပါတယ်။
.
❓အဲဒီအနံ့တွေ ရှူမိရင် ဘာဖြစ်တတ်လဲ
ရှူပြီး ချက်ချင်းမသိသာပေမယ့် ရှုမိတာ များလာတဲ့အခါ သို့မဟုတ် ထိတွေ့တာများလာတဲ့အခါမှာ ဆိုရင်တော့
- အဆုတ်ရောင်ခြင်း
- ပန်းနာရင်ကြပ်ဖြစ်ခြင်း
- သွေးတွင်းအောက်ဆီဂျင်ဓာတ် လျော့နည်းလာခြင်းတွေ ဖြစ်နိုင်တဲ့အပြင်
- အဆိုးဆုံးအနေနဲ့ အဆုတ်ကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ (အထူးသဖြင့် nitrosamine ဓာတ် ပါဝင်မှုများပြားတဲ့ အကင်နံ့တွေကို နှစ်နဲ့ချီပြီး ရှူရှိုက်နေရသူတွေမှာ ပိုပြီးဖြစ်နိုင်ပါတယ်)
.
❓ဒါဖြင့် အနာရင်းတာ မရင်းတာနဲ့ရော ဘယ်လိုပတ်သက်နေမလဲ
ထိခိုက်ဒဏ်ရာရှိလျက်နဲ့ အဆိုပါအငွေ့တွေကို အချိန်ကြာကြာရှူမိနေရင်
- ကာဘွန်ဒိုင်အောက်ဆိုဒ်တွေပဲ ရှူမိနေတဲ့အတွက် သွေးတွင်းအောက်ဆီဂျင်ပမာဏ လျော့နည်းလာပြီး အနာကျက်နှေးစေပါတယ်။
- ကောင်းမွန်စွာအနားမယူဘဲ လှုပ်ရှားနေရတဲ့အတွက် အနာကျက်နှေးနိုင်ပါတယ်။
- အပူထဲမှာ အလုပ်လုပ်ရတဲ့အတွက် ကျလာတဲ့ ချွေးတွေ၊ မီးခိုးတွေ၊ ဖုန်မှုန့်တွေကနေတစ်ဆင့် အနာထဲကို ပိုးဝင်ပြီး အနာရင်းတာတွေ ဖြစ်တတ်ပါတယ်။
.
❓အနာဖြစ်လာရင်ရော အနာမရင်းအောင် ဘယ်လိုလုပ်ရမလဲ
- အနာကို ရေသန့်နှင့် သေချာဆေးပါ။
- အနာဖြစ်တဲ့နေရာကို သန့်ရှင်းခြောက်သွေ့စွာ ထားပါ။
- အရက်ပြန်၊ Betadine တို့ဖြင့် နေ့စဥ်သန့်ရှင်းရေး လုပ်ပေးပါ။
- အနာကို လေဝင်လေထွက်ကောင်းအောင် ထားပြီး တင်းကျပ်စွာ ပတ်တီးစည်းထားတာမျိုး မလုပ်မိဖို့ လိုပါတယ်။
- ပြင်းပြင်းထန်ထန် လှုပ်ရှားမှုမျိုးကို ရှောင်ပေးပါ။
- အနာကျက်မြန်အောင် အာဟာရမျှတစွာ စားသုံးပေးပါ။
.
❓ဘယ်အချိန်မှာ ဆရာဝန်ပြရမလဲ
- သတ်မှတ်ချိန်ထက်ပိုပြီး အနာမပျောက်ဘဲ ကြာနေတဲ့အခါ
- အနာတစ်ဝိုက် နီရဲပြီး ယားယံနေတဲ့အခါ
- အနာမှာ ပြည်တည်လာတဲ့အခါ
- အနံ့များ၊ အရည်များ ထွက်လာတဲ့အခါ နီးစပ်ရာဆေးခန်းဆေးရုံဆီမှာ သွားရောက်ပြသပေးဖို့ လိုပါတယ်။
.
❓မဖြစ်အောင် ဘယ်လိုလုပ်မလဲ
- အခုလို အငွေ့တွေနဲ့ထိတွေ့မှု၊ ရှုရှိုက်မှု နည်းပါးအောင်နေတာ အကောင်းဆုံးပါ။
- မီးဖိုထဲမှာ အလုပ်လုပ်ရသူဖြစ်ပါကလည်း မီးဖိုကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးပါ။ ညှော်နံ့စုပ်တဲ့ စက်များ၊ Exhaust Fan များ တပ်ဆင်ပေးပါ။
- တစ်ကိုယ်ရေသန့်ရှင်းမှုလည်း ပြုလုပ်ပေးပါ။
- အနာရှိပါကလည်း အနာကို သန့်ရှင်းစွာ ထားပေးပါ။
- ကိုယ်ဝန်ဆောင်မိခင်တွေလည်း မိမိသာမက မိမိရဲ့သန္ဓေသားကိုပါ မထိခိုက်စေရန် မီးဖိုထဲ အချိန်ကြာကြာမနေဘဲ ညှော်နံ့နဲ့ဝေးဝေးမှာ နေပေးစေလိုပါတယ်။
.
✨အချုပ်ပြောရရင် ညှော်နံ့ကြောင့် အနာရင်းတာ ရာနှုန်းပြည့် မဟုတ်ပေမယ့် အနာမကျက်ခြင်းထဲမှာ ထိုကဲ့သို့ညှော်ငွေ့များ အချိန်ကြာရှုမိခြင်းလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်….။
ချစ်တဲ့
AB 🫶
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.