ကလေးငယ်များ၏ ကျန်းမာရေးအတွက် သွားကျန်းမာရေးကို ဂရုစိုက်ခြင်းမှာ အလွန်အရေးပါသည့် အရာတစ်ခုဖြစ်ပါသည်။ မိဘများအနေဖြင့် မိမိတို့၏ ကလေးငယ်များကို သွားနှင့် ခံတွင်း သန့်ရှင်းမှုရှိစေရန် ငယ်စဉ်ကတည်းက အလေ့အကျင့်ကောင်းများသင်ပေးခြင်းမှာလည်း အထူးအရေးကြီးလှပါသည်။

ကလေးငယ်များ၏ သွားကျန်းမာရေး ထိန်းသိမ်းမှုအတွက် ပြုလုပ်ရမည့်အချက်များ  

▪️ နေ့စဉ် ပုံမှန်သွားတိုက်ခြင်း

နေ့စဉ် တနေ့ နှစ်ကြိမ် ပုံမှန်သွားတိုက်ရန် ကလေးငယ်များကို အလေ့အကျင့်ပြုလုပ်ပေးထားရပါမည်။ သွားကို ပုံမှန်တိုက်ခြင်းသည် သွားပိုးစားခြင်း (သွားဆွေး​​မြေ့ခြင်း) ကို ကာကွယ်ပေးပြီး သွားရည်ကျခြင်းကိုလည်း လျော့နည်းစေပါသည်။

▪️ သွားတိုက်တံနှင့် သွားတိုက်ဆေးရွေးချယ်ခြင်း

ကလေးများအတွက် အထူးပြုလုပ်ထားသော သွားတိုက်တံ၊ အမျှင်ပျော့‌​ပျောင်း‌ သောသွားတိုက်တံနှင့် ဖလိုရိုက်သတ္တုဓာတ် (Fluoride) ပါဝင်သော သွားတိုက်ဆေးများကို အသုံးပြုရန် လိုအပ်ပါသည်။ သွားတိုက်တံအမျှင်များဖွာထွက်‌‌နေပြီဆိုလျှင် အသစ်တစ်ချောင်းလဲလှယ်ပေးရန် လိုအပ်ပါသည်။

▪️ မှန်ကန်သော သွားတိုက်ခြင်း နည်းစနစ်

ကလေးငယ်များတွင် သွားစတင်ပေါက်လာသည့်အချိန်မှစ၍ သွားတိုက်ပေးရန် လိုအပ်ပါသည်။ သွားတိုက်ရာတွင် မှန်ကန်‌သော သွားတိုက်နည်းစနစ်ကို သင်ကြားပေးရန်လည်း အရေးကြီးလှပါသည်။ သွားတိုက်ရာတွင် လက်ဖြင့် လွတ်လပ်စွာ ကိုင်တွယ်လှုပ်ရှားနိုင်ရန် သွားတိုက်တံကို ၄၅ ဒီဂရီစောင်းသော အနေအထားဖြင့် အပေါ်/အောက် (သို့မဟုတ်) စက်ဝိုင်းပုံစံရွှေ့လျားမှုဖြင့်အတွင်းအပြင် မျက်နှာပြင်စုံအောင် တိုက်ပေးရပါမည်။ အသက် (၆)နှစ်​အောက်က​လေးများသွားတိုက်ခြင်းကို မိဘ၊အုပ်ထိန်းသူများက ကြီးကြပ်​ပေးရန် လိုအပ်ပါသည်။

▪️ သွားကျန်းမာရေးကို ပုံမှန်စစ်ဆေးရန်

ကလေးများ၏ သွားနှင့်ခံတွင်း ကျန်းမာရေးကို သွားဆရာဝန်ထံတွင်အနည်းဆုံး ၆ လ တစ်ကြိမ် ပုံမှန်စစ်ဆေးရန် လိုအပ်ပါသည်။ သွားပိုးစားခြင်းရှိ/မရှိကို သေချာစွာစစ်ဆေး၍ လိုအပ်သောကုသမှုများကိုလည်း ပြုလုပ်ရန် လိုအပ်ပါသည်။ ကလေးငယ်များ၏ သွားများတွင် အမည်းစက်များ၊ လျှာနှင့်ပါးစောင်တွင် အဖြူစက်များ ပေါ်လာပါက သွားဆရာဝန်ထံသို့ ပြသရန် လိုအပ်ပါသည်။

▪️ အစားအသောက်ရွေးချယ်ခြင်း

ကလေးများအတွက် ဆီအလွန်များသော အစားအစာများ၊ သကြားများစွာပါဝင်သော အချိုရည်များနှင့် သကြားပါဝင်မှုများသော အစားအသောက်များကို ကျွေးခြင်း၊ နို့ဘူးများတပ်ပြီးအိပ်စေခြင်းတို့ကို ရှောင်ရှားပြီး သတ္တုဓာတ်များနှင့် ဗီတာမင်များပါဝင်သော အစားအစာများကို ရွေးချယ်ကျွေးမွေးပေးရန် လိုအပ်ပါသည်။ (ဥပမာ – လတ်ဆတ်သော သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ နို့နှင့် နို့ထွက်ပစ္စည်းများ) ကို မျှတစွာကျွေးရန် လိုအပ်ပါသည်။

ကလေးငယ်များ၏ သွားကျန်းမာရေးကောင်းမွန်စေရန် မိဘများအနေဖြင့် နေ့စဉ် မိမိတို့၏ ကလေးငယ်များကို အထက်ဖော်ပြပါ အမူအကျင့်များကို လေ့ကျင့်သင်ကြားပေးရန် လိုအပ်ပါသည်။ 

သွားကျန်းမာရေးမှာ ကလေးငယ်များအတွက် အရေးကြီးသော ကျန်းမာရေး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စနစ်တကျ ပုံမှန်သွားတိုက်ခြင်း၊ သွားဆရာဝန်နှင့် ပုံမှန် သွားကျန်းမာရေး စစ်ဆေးခြင်း၊ သွားကျန်းမာရေးကို မထိခိုက်စေသော အစားအစာများကို ဂရုစိုက်ကျွေး‌မွေးပေးခြင်းတို့ဖြင့် ကလေးငယ်များ၏ သွားကျန်းမာရေးကို ကောင်းမွန်အောင် ထိန်းသိမ်းပေးနိုင်ပြီး သွားပိုးစားခြင်းမှ ကင်းဝေး‌အောင် ကာကွယ်ပေးပါသည်။

Ref:

https : // www . mouthhealthy . org /life-stages / babies-and-kids

https : // www . mayoclinichealthsystem . org /hometown-health / speaking-of-health / keeping-childrens-teeth-healthy

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here