ပျားဝတ်မှုန်မှာ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပြီး လူသားတွေရဲ့ ကိုယ်ခံအားစနစ်ကို ထိန်းညှိပေးကာ အနာကျက်ခြင်းကိုလည်း ကူညီမြှင့်တင်ပေးနိုင်ပါတယ်။ ဒါပေမယ့် ပျားဝတ်မှုန်တွေကို အများအပြားစုဆောင်းခြင်းက ပျားတွေရဲ့ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ ပျားဝတ်မှုန်ဆိုတာ ပျားတွေက စစ်ထုတ်တဲ့အရည်၊ ပျားရည်၊ အင်ဇိုင်း၊ ဖယောင်းနဲ့ ပန်းဝတ်မှုန်တို့ ရောနှောပါဝင်ပြီး ပျားတွေအတွက် အစာအာဟာရ ထောက်ပံ့ပေးတာပါ။ 

လူအများစုက ပျားဝတ်မှုန်ကို အာဟာရဓာတ်များစွာပါဝင်တာကြောင့် superfood လို့ ထင်ကြပါတယ်။ အချို့ကတော့ အရောင်ကျစေခြင်း၊ ပိုးသတ်စေနိုင်ခြင်းတို့ကြောင့် သဘာဝကုထုံးထုတ်ကုန်အနေနဲ့ မြင်ကြပါတယ်။ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်သူတွေ၊ ပျားဆိပ်နဲ့ ဓာတ်မတည့်သူတွေကတော့ ပျားဝတ်မှုန်ကို မစားသုံးသင့်ပါဘူး။ 

🐝 ပျားဝတ်မှုန်ဆိုတာ ဘာလဲ

ပျားတွေဟာ အပင်အမျိုးမျိုးမှ ဝတ်မှုန်တွေကို စုဆောင်းကြပြီး ပျားအုံဆီပြန်လာတဲ့အခါ ဝတ်မှုန်တွေကို ပျားအုပ်အတွက် အစားအစာအနေနဲ့ သိမ်းဆည်းကြပါတယ်။ လူသားတွေအတွက် ထုတ်ကုန်အနေနဲ့သုံးတဲ့ ပျားဝတ်မှုန်တွေကို လိမ္မော်ရောင်၊ အညိုရောင်နဲ့ အနက်ရောင် အလုံးလေးတွေအနေနဲ့ တွေ့ရတတ်ပါတယ်။ ဝတ်မှုန်စုဆောင်းတဲ့ အပင်အမျိုးအစားပေါ်မူတည်ပြီး အရသာကွာခြားနိုင်ပါတယ်။ 

🐝 ပျားဝတ်မှုန်ကို ဘယ်လိုစားသုံးနိုင်လဲ

Cereal တွေ၊ ဒိန်ချဉ်နဲ့ salad အသုပ်တွေမှာ သုံးနိုင်သလို နည်းလမ်းအမျိုးမျိုးနဲ့လည်း အသုံးပြုကြပါတယ်။ ဖြည့်စွက်စာအနေနဲ့လည်း ကုမ္မဏီမျိုးစုံက ထုတ်လုပ်ဖြန့်ဖြူးနေကြပါတယ်။
(ဒီဖြည့်စွက်စာတွေရဲ့ ကောင်းကျိုးဆိုးကျိုးတွေနဲ့ ချင့်ချိန်နိုင်ဖို့ အကြံပြုချက်တွေကိုတော့ နောက်တစ်ပတ်မှာ ဖော်ပြပေးသွားပါမယ်)

ဝတ်မှုန်ကနေထုတ်ထားတဲ့ ပစ္စည်းတွေကို အသုံးပြုတဲ့အခါ အသက်ရှူကျပ်တာ၊ ဓာတ်မတည့်တာတွေ ဖြစ်စေနိုင်တာကို သတိပြုဖို့ လိုအပ်ပါတယ်။ 

🐝 ပျားဝတ်မှုန်တွေမှာ ဘယ်လိုအာဟာရတွေ ပါဝင်လဲ

ပျားဝတ်မှုန်တွေမှာ amino acid, triglycerides, phospholipids, vitamins, macronutrients/ micronutrients, flavonoids တွေအပါအဝင် အာဟာရအမျိုးပေါင်း ၂၀ ကျော်လောက် ပါဝင်ပါတယ်။ ဒါ့အပြင် ပရိုတင်း၊ ကာဗွန်ဟိုက်ဒရိတ်နဲ့ အဆီဓာတ်တို့လည်း ပါဝင်ပါတယ်။

🐝 Apitherapy ဆိုတာဘာလဲ

အချို့တိုင်းရင်းဆေးပညာရှင်တွေဟာ ပျားကနေရတဲ့ပစ္စည်းတွေ ဥပမာအားဖြင့် ဝတ်မှုန် စတာတွေကို ဆေးဝါးအဖြစ် အသုံးပြုကြပါတယ်။ ကျန်းမာရေးအတွက် ပျားရည်နဲ့ ပျားထွက်ပစ္စည်းတွေ အသုံးပြုခြင်းကို apitherapy လို့ခေါ်ပါတယ်။ ပျားဝတ်မှုန်မှာ အရွယ်တင်နုပျိုစေတဲ့ antioxidant၊ ရောဂါပိုးတွေသေစေနိုင်တဲ့ antimicrobial နဲ့ ရောင်ရမ်းမှုသက်သာစေတဲ့ဓာတ်တွေလည်း ပါဝင်နေပါတယ်။ 

Antioxidant — ပျားဝတ်မှုန်မှာ antioxidant တွေ၊ ဗီတာမင်နဲ့ အခြားဒြပ်ပေါင်းများစွာပါ၀င်ပြီး ဆဲလ်တွေပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ နေရောင်ခြည်ကြောင့် ဆဲလ်တွေပျက်စီးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ 

Antimicrobial — ၂၀၁၁ ခုနှစ်က လေ့လာမှုတစ်ခုအရ ပျားဝတ်မှုန်မှာ ပါဝင်တဲ့ flavonoids quercetin နဲ့ kaempferol တို့က ရောဂါပိုးအချို့ကို သေစေနိုင်တာ တွေ့ရပါတယ်။ 

Anti-inflammatory — ပျားဝတ်မှုန်တွေဟာ ရောင်ရမ်းမှုကို သက်သာစေနိုင်တာ တွေ့ရပါတယ်။ ၂၀၁၀ ခုနှစ်အတွင်းက သုတေသနပြုချက်တစ်ခုအရ ပျားဝတ်မှုန်တွေဟာ ကြွက်တွေမှာ ရောင်ရမ်းမှုကို လျော့ကျစေနိုင်ကြောင်း တွေ့ရပါတယ်။ 

ဒါပေမယ့်လည်း ဒီအကျိုးရလဒ်တွေဟာ လူသားတွေမှာပါ သက်ရောက်မှု ရှိ/မရှိ အတည်ပြုဖို့ နောက်ထပ်လေ့လာမှုတွေပြုလုပ်ဖို့ လိုအပ်နေပါသေးတယ်။

🐝 ပျားဝတ်မှုန်မှာ အခြားကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိသေးလား

ပျားဝတ်မှုန်အပါအဝင် ပျားထွက်ပစ္စည်းတွေဟာ အခြားကျန်းမာရေးအကျိုးကျေးဇူး များစွာရှိပါတယ်။ 

ကိုယ်ခံအားစနစ်ကို ထိန်းညှိပေးခြင်း — ၂၀၁၀ ခုနှစ် သုတေသနဆောင်းပါးတစ်ခုမှာ ပျားဝတ်မှုန်တွေဟာ ဆဲလ်အတွင်းရှိ ကိုယ်ခံအားတုံ့ပြန်မှုကို ပိုမိုကောင်းမွန်စေခြင်း သို့မဟုတ် လိုအပ်သည့်အခါ ခုခံအားဆဲလ်များကို လှုံ့ဆော်ပေးခြင်းဖြင့် ခုခံအားစနစ်ကို ထိန်းညှိပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။ ပျားဝတ်မှုန်မှာပါတဲ့ flavonoids နဲ့ steroids တွေက ခုခံအားစနစ်ရဲ့ ဓာတ်မတည့်မှုကို လျှော့ချပေးနိုင်ပါတယ်။

အနာကျက်နှုန်းမြန်စေခြင်း — ပျားဝတ်မှုန်တွေဟာ အနာကျက်ခြင်း၊ အပူလောင်ခြင်း စတာတွေကို သက်သာစေနိုင်ပါတယ်။ ပျားဝတ်မှုန်ပါဝင်တဲ့လိမ်းဆေးတွေဟာ အချို့သောရောဂါပိုးမွှားတွေကို အတိုင်းအတာတစ်ခုအထိ သေစေပြီး အနာကျက်မြန်စေပါတယ်။

နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း — ပျားဝတ်မှုန်တွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ သုတေသနပြုချက်အချို့အရ ပျားဝတ်မှုန်တွေက သွေးတွင်းအဆီဓာတ်နဲ့ ကိုလက်စထရောပမာဏကို လျော့ကျစေနိုင်ပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ နှလုံးရောဂါရှိသူတွေမှာ ပျားဝတ်မှုန်တွေဟာ သွေးကြောကျဉ်းစေတဲ့အရာတွေကို လျော့နည်းစေပြီး သွေးခဲများ မဖြစ်အောင် ကူညီပေးပါတယ်။ သွေးကြောအတွင်း fatty acid ပမာဏကိုလည်း လျှော့ချပေးပါတယ်။ 

ကင်ဆာဆဲလ်များကို တိုက်ထုတ်ပေးခြင်း — အချို့ပျားထွက်ပစ္စည်းတွေဟာ ကင်ဆာအကျိတ်ဆဲလ်တွေကို တိုက်ဖျက်ရာမှာ ကူညီပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။ ပျားဝတ်မှုန်တွေက လူသားတွေမှာ ကင်ဆာရောဂါအပေါ် သက်ရောက်မှု ရှိ/မရှိ စမ်းသပ်မှုတွေလုပ်ဖို့တော့ လိုပါသေးတယ်။

🐝 ပျားဝတ်မှုန်တွေက ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ ဘာတွေဖြစ်နိုင်လဲ

ဓာတ်မတည့်မှု၊ မသန့်ရှင်းမှုနဲ့ သွေးကျဲဆေးစတဲ့ ဆေးဝါးတွေနဲ့မတည့်မှု စတာတွေဟာ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပါတယ်။ ပျားဝတ်မှုန်ကို သုံးစွဲဖို့ စဉ်းစားနေတယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။ 

ဓာတ်မတည့်ခြင်း — ဝတ်မှုန်နဲ့ဓာတ်မတည့်သူတွေဟာ ၀တ်မှုန်ထွက်ပစ္စည်းတွေ အသုံးမပြုခင် ဆရာဝန်နဲ့တိုင်ပင်ရပါမယ်။ ဓာတ်မတည့်မှုရှိသူတွေကတော့ ပျားထွက်ပစ္စည်းတွေကို ရှောင်သင့်ပါတယ်။

မသန့်ရှင်းခြင်း — ပျားဝတ်မှုန်ဟာ သဘာဝထုတ်ကုန်ဖြစ်တာကြောင့် အင်းဆက်ပိုးမွှားတွေ၊ မှိုတွေ ပါလာနိုင်ပါတယ်။ ဒါ့အပြင် သေချာမသိုလှောင်တဲ့အခါမှာလည်း ပျားဝတ်မှုန်ရဲ့ အာနိသင်ကို ထိခိုက်စေပါတယ်။ 
ဆေးဝါးများနဲ့ မတည့်ခြင်း — ပျားဝတ်မှုန်ပါတဲ့ ဒြပ်အချို့က ဆေးဝါးတွေမှာ သက်ရောက်မှု ရှိတတ်ပါတယ်။ ပျားဝတ်မှုန်ကို မသုံးစွဲခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ကိုယ်ဝန်ဆောင်များ — ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်နေသူ မိခင်တစ်ဦးဟာ ပျားထွက်ပစ္စည်းတွေကို ရှောင်ကြဉ်သင့်ပါတယ် ဒါမှမဟုတ် မသုံးစွဲခင် ဆရာဝန်နဲ့ ဆွေးနွေးရပါမယ်။

ကလေးငယ်များနဲ့ အသည်း၊ ကျောက်ကပ်စတဲ့ နာတာရှည်ရောဂါရှိသူတွေအနေနဲ့ ကိုယ်တွင်းအဆိပ်အတောက် ဖြစ်နိုင်ခြေတွေရှိလို့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ သုံးစွဲရပါမယ်။

ပျားဝတ်မှုန်ကို အသုံးပြုပြီးနောက် အသက်ရှုရခက်တာ၊ မျက်နှာရောင်ရမ်းလာတာ ဒါမှမဟုတ် အရေပြားအဖုတွေထွက်လာတာ စတဲ့ဓာတ်မတည့်လက္ခဏာတွေ ခံစားရရင် ဆေးကုသမှု ချက်ချင်းခံယူသင့်ပါတယ်။ 

Reference : 📖
https:// www. medicalnewstoday. com / articles/bee-pollen

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here