ကိုယ်ဝန်လနုနုမှာဖြစ်တတ်တဲ့ မိခင်လောင်းအသက်ကို အန္တရာယ်ပေးနိုင်တဲ့ ပြဿနာတွေ။

ဘာတွေဖြစ်မလဲ။ အဲဒါတွေက သားဖွားစာအုပ်ကျမ်းကြီးတွေထဲမှာ မရေးထားဘူးနော်။ မီးယပ်ကျမ်း စာအုပ်တွေထဲမှာ ရေးထားတာ။

(၁) သားပျက်၊ သားလျောခြင်း (spontaneous miscarriage) နှင့် ကိုယ်ဝန်ဖျက်ချခြင်း (termination of pregnancy and Illegal abortion)

(၂) သားအိမ်ပြင်ပတွင် နေရာလွဲ သန္ဓေတည်ခြင်း ( Ectopic pregnancy)

(၃) သားစပျစ်ခိုင်ကိုယ်ဝန် တစ်နည်း ကလေးမပါဘဲ အချင်းချည်းဖြစ်သောကိုယ်ဝန် (H. mole) ဟူ၍ သုံးခုရှိပါသည်။

အဖြစ်အများဆုံး၊ အတွေ့ရအများဆုံးမှစ၍ အစဉ်လိုက် စီစဉ်ရေးသားထားသည်ဟု မီးယပ်ရောဂါ ကျမ်းစာအုပ်များက ဆိုပါသည်။

နံပါတ်တစ် သားလျော၊ သားပျက်ခြင်းသည် အတွေ့ရအများဆုံးဖြစ်သည်က အငြင်းပွားစရာမရှိပါ။

နံပါတ်နှစ်နှင့် နံပါတ်သုံးကတော့ ဦးတည်လေ့လာသည့် အမျိုးသမီးတို့၏ လူမှုအသိုက်အဝန်း၊ အသက်အပိုင်းအခြား၊ နေထိုင်ရာ ပထဝီအနေအထား၊ လူမျိုး စသည်တို့အပေါ် မူတည်၍ Ectopic pregnancy အတွေ့ရပိုများသည် (သို့) H. mole အတွေ့ရပိုများသည် ဖြစ်နိုင်ပါသည်။

အခုဒီစာမှာတော့ သားပျက်၊ သားလျောခြင်း အကြောင်းပဲ ဆွေးနွေးရအောင်နော။ နောက်နှစ်ခုကတော့ နောင်မှပေါ့နော်။

သားပျက်ခြင်းကို နှစ်မျိုးခွဲမယ်နော်။

အလိုအလျောက်သားပျက်ခြင်း (Spontaneous miscarriage) နဲ့ ဖျက်ချခြင်း (Abortion)

ဖျက်ချခြင်းကိုတောင်မှ ကျန်းမာရေးဝန်ထမ်းတွေ လုပ်ပေးတဲ့ “ သန္ဓေသားသည် မွေးဖွားလာပါက အပြင်လောကတွင် လုံးဝ (လုံးဝ) အသက်မရှင်နိုင်၍ ဖျက်ချခြင်း (Therapeutic abortion or Termination of pregnancy)” နဲ့ “ လူမှုရေးပြဿနာများကြောင့် မလိုချင်သောကိုယ်ဝန်များကို ဥပဒေပ မကျွမ်းကျင်သူများ လုပ်ကြတဲ့ ဖျက်ချခြင်း (Illegal abortion or Septic induced abortion)” ဟူ၍ ရှိပါသေးတယ်။

အလိုအလျောက်ပျက်ကျခြင်း (Spontaneous miscarriage) အကြောင်းလေး တွေးကြည့်ရအောင်နော။

ပထမဆုံး ဒီဝမ်းနည်းဖွယ် အတွေ့အကြုံကို ရင်ဆိုင်ခဲ့ရတဲ့စုံတွဲတွေ အထူးသဖြင့် မိခင်လောင်းတွေ မေးကြတာက ကျွန်မဘာမှားသွားလို့လဲတဲ့။ ဟိုဟာအစားမှားသွားလို့လား၊ အနေအထိုင်မှားသွားလို့လား စသည်ဖြင့် ကိုယ့်ဘာသာကိုယ် အပြစ်ရှိသလို ခံစား‌နေကြတယ်။ တကယ်က မဟုတ်ပါဘူးနော်။

ရှေ့က ကျွန်တော်ရေးခဲ့တဲ့ ကိုယ်ဝန်ဘယ်လိုရသလဲဆိုတဲ့ စာတွေထဲမှာ အရိပ်အမြွက် ရေးခဲ့ဖူးပါတယ်။ လူတစ်ယောက်ဖြစ်လာဖို့ ဖခင်လောင်း ထုတ်ပေးလိုက်တဲ့ အဖိုမျိုးစေ့၊ သုက်ပိုးပေါင်း သန်းလေးဆယ်ကျော်ထဲကမှ အသန်စွမ်းဆုံး၊ အမြန်ဆုံးတစ်ခုနဲ့ မိခင်လောင်းရဲ့ တစ်လအတွင်းကြီးထွားလာတဲ့ မမျိုးဥ ဆယ့်ငါး-နှစ်ဆယ်ထဲကမှ အသန်ဆုံးတစ်ခုပဲ မျိုးဥကြွေကျတယ်။သူတို့ အသန်မာဆုံးနှစ်ခုပေါင်းပြီး အကောင်းဆုံး မျိုးဆက်သစ်လေး ထွက်လာဖို့ သဘာဝက ဖန်တီးထားတာပါ။

ဒါပေမယ့် QC quality control က အဲဒီတစ်နေရာထဲတင် မဟုတ်ပါဘူး။ အကောင်းဆုံး အဖို၊ အမ မျိုးစေ့ထုတ်လုပ်မှု QC မှာ အရည်အချင်းမပြည့်ဘဲနဲ့ ကျော်ဖြတ်သွားပြီး ပေါင်းစည်းသန္ဓေခဲလေး ဖြစ်သွားခဲ့ကြတာလည်း ရှိပါတယ်။ အဲဒီလို QC မအောင်တဲ့ သန္ဓေခဲလေးတွေဟာ သားအိမ်ထဲ ကိုယ်ဝန်တည်တဲ့ ဒီတစ်ခေါက် QC မှာ မကျော်လွန်နိုင်တော့ဘဲ အလိုအလျောက် ပျက်ကျကြရတာ ဖြစ်ပါတယ်ဗျ။

ဒီ QC နှစ်ခုကျော်ပြီးတာတောင် စိတ်မချရသေးဘူးလေ။ မွေးရာပါ ကိုယ်လက်အင်္ဂါချို့ယွင်းမှုတွေ၊ ဉာဏ်တိမ်မှု‌တွေနဲ့ မွေးဖွားလာသူတွေ အများကြီးပဲလေ။ စောက်ပုလေးက အကောင်းဆုံးဥပမာပေါ့။ အသေလေး မွေးခဲ့ရမှာကိုမဟုတ်ဘူး။ စတည်ကတည်းက ပျက်ကျရမှာ။ သဘာဝတရားကြီးရဲ့ QC passed ပေးပုံ အားနည်းချက်ပြောပါတယ်။

အဲဒါကြောင့် လနုနုမှာ အလိုအလျောက် သားပျက်ခြင်းရဲ့ ရာခိုင်နှုန်းအတော်များများက သဘာဝတရားကြီးရဲ့ QC မအောင်တာပါ။ ဖခင်လောင်း၊ မိခင်လောင်းတို့ရဲ့ အပြစ်မဟုတ်ပါဘူးနော်။ တားဆီးလို့လည်း မရပါဘူး။ လေအဝှေ့မှာ တောင့်မခံနိုင်ဘဲ တဖြုတ်ဖြုတ်ကြွေကျ မြေခသွားရတဲ့ သရက်ကင်းလေးတွေကို မြင်ယောင်ကြည့်ပါ။ မိခင်သရက်ပင်ကြီး အပြစ်လား။ ရင့်မှည့်သွားတဲ့အထိ အောင်မြင်စွာ မွေးဖွားပေးလိုက်တဲ့ သရက်သီးလေးတွေလည်း အများကြီးလေ။ ဒီတစ်ခါ QC မအောင်ရင် နောက်တစ်ခါအောင်မှာပါ။ စိတ်မပူကြပါနဲ့။ ကိုယ်ဝန်ရဖို့ စကြိုးစားချိန်ကတည်းက အမျိုးသားရော အမျိုးသမီးရော နေ့စဉ် folic acid ဆေးပြား တစ်နေ့တစ်လုံး ပုံမှန်သောက်ပါဗျ။

ဒါပေမယ့် ဒါပေမယ့်ပေါ့လေ။ သုံးကြိမ်ဆက်တိုက် လနုနုမှာ ပျက်ကျသော မိခင်လောင်းများ၊ ဆီးချိုရောဂါသည်၊ ကျောက်ကပ်ရောဂါသည်၊ လည်ပင်းအကျိတ် (thyrotoxicosis) အဆိပ်ဖြစ်သောရောဂါသည်၊ သွေးကြောများအတွင်း ပုံမှန်မဟုတ် သွေးခဲသောရောဂါသည် (Antiphospholipid syndrome) စသည်တို့အတွက်ကတော့ ကိုယ်ဝန်ကို အလိုအလျောက်ပျက်မကျအောင် ကာကွယ်ဆေးတွေ ရှိကြပါတယ်။ သက်ဆိုင်ရာရောဂါအလိုက် ကုထုံးတွေ၊ low dose progesterone ပေးတာတွေ၊ Aspirin low dose and heparin ပေးတာတွေ စသဖြင့်ပေါ့။ QC passed ပြီး အထက်ပါရောဂါတွေကြောင့် ပျက်ကျတာဖြစ်မှပါနော်။ သူတို့ရဲ့ရာခိုင်နှုန်းက နှစ်ဆယ်ပတ်ဝန်းကျင်ပါပဲတဲ့။

QC မအောင်တဲ့ အဖို၊ အမ မျိုးဥတွေနဲ့ မျိုးအောင်လာတဲ့ သန္ဓေသားလေးကတော့ ဘာနဲ့မှ ထိန်းလို့မရပါ။ ပျက်ကျမှာပါ။ နောက်တစ်ခါ ထပ်ကြိုးစားပါပဲ အားပေးရမှာပါ။

အထက်ကပြောခဲ့တာတွေက ဆေးသုတေသန လုပ်ကြတဲ့ ဆရာဝန်တွေ ပြောရမယ့်စကားတွေပါ။ ကျွန်တော်တို့လို လူနာကို ကိုယ်တိုင်ကိုယ်ကျ ကုသရမယ့် ဆရာဝန်တွေ ပြောရမယ့်စကားတွေပဲ ပြောတော့မယ်ဗျာ။

ကိုယ်ဝန်ရဖို့ ကြိုးစားနေတယ်ဗျာ။ တားဆေးတွေအားလုံး ဖြတ်ထားတယ်ဗျာ။ အမျိုးသားရော အမျိုးသမီးရော Folic acid တစ်နေ့တစ်လုံးစီ သောက်နေကြတယ်ဗျာ။ အနည်းဆုံး တစ်ရက်ခြား သို့ နှစ်ရက်ခြားတစ်ခါလည်း အတူနေကြတယ်ဗျာ။ အမျိုးသမီး ရာသီပေါ်ရမယ့်ရက် မပေါ်တော့ဘူး။ သုံးလေးရက် ကျော်လာတော့ သိချင်လာကြပြီ။ ကိုယ်ဝန်ဟုတ်/မဟုတ် ဆီးစစ်ကြည့်ကြတယ်။ နှစ်ကြောင်းပေါ်တယ်။ ကိုယ်ဝန်ပေါ့ သေချာတယ်။ ပျော်ပြီလေ။ ပျော်လို့မှ သိပ်မကြာသေး။ မွေးလမ်းကြောင်းက သွေးဆင်းလာတယ်။ ကျွန်တော်တို့ဆီ ပြေးချလာရော။ ပျက်ပြီလားဆရာတဲ့။

ကိုယ်ဝန်လနုနုနဲ့ သွေးဆင်းတာတစ်ခုထဲကို သေချာပေါက်ပျက်ပြီလို့ ပြောမရပါ။ ဆီးစပ်က ကိုက်ခဲခြင်းလည်းမရှိ၊ မိန်းမကိုယ်အတွင်းပိုင်း စမ်းသပ်မှုမှာ သားအိမ်အဝ ပွင့်ခြင်းမရှိ၊ ဆင်းတဲ့သွေးထဲမှာလည်း အတုံးအခဲတွေ၊ အသားစတွေ၊ ငါးပူစီဘောင်းလို ရေအိတ်တွေ ပါဝင်ခြင်းမရှိ၊ မည်ကာမတ္တ သွေးစွန်းရုံလေးဆိုရင် စမ်းသပ်စစ်ဆေးမှုအရ (clinical diagnosis) ကိုယ်ဝန်ပျက်ချင်သလိုလို ဖြစ်ခြင်း (Threatened miscarriage) လို့ သတ်မှက်ပါတယ်။

သူက ဖြစ်ချင်သလို ဖြစ်သွားနိုင်ပါတယ်။ USG ရိုက်ကြည့်ရပါတယ်။ USG မှာ ပုံမှန်ဆက်လက်ကြီးထွားမည့် ကိုယ်ဝန် ( normal ongoing pregnancy) လို့လည်း ထွက်နိုင်ပါတယ်။ အဲဒါဆိုရင်တော့ ကိုယ်ဝန်အားဆေးတွေ ဆက်ပေး။ သွေးလည်းဆက်မဆင်း။ ပျော်စရာပေါ့။

USG မှာ ဆက်လက်မကြီးထွားတော့ဘူး။ ရပ်သွားပြီဆိုတဲ့ကိုယ်ဝန် (missed miscarriage) လို့လည်း ထွက်နိုင်ပါတယ်။ အဲဒါဆိုရင်တော့လည်း ခြစ်ထုတ်ပစ်ရုံပဗျာ။ အတော်ကြီးမှ လူရုပ်ပေါ်ပြီးမှ ရပ်သွားတယ်ဆိုရင် ရှေးက လူခြောက်လေးမွေးတယ်လို့ ခေါ်ကြတယ်။ ကလေးအရှင်လေးလိုပဲ ထိန်းသိမ်းထားကြတယ်။ ခုတော့ အတော်ရှားသွားပါပြီ။

နောက်တစ်ခုက ခုလောလောဆယ် ဘာမှအတိအကျ မပြောနိုင်သေးပါဘူး။ နောက်နှစ်ပတ်နေမှ ပြန်ရိုက်ကြည့်ပါ။ အဲဒီတော့မှ သေချာပြောနိုင်မယ်။ ဒီလိုလည်း ရှိနိုင်ပါတယ်။ အဲဒီတော့မှ ongoing pregnancy လား၊ missed miscarriage လား အတိအကျပြောတာလည်း ရှိပေါ့။

အဲဒီလိုမဟုတ်ပဲနဲ့ ဒါကတော့ ectopic pregnancy၊ ဒါကတော့ H. mole ဒီလိုလည်း ဖြစ်နိုင်ပါတယ်။

Ectopic pregnancy ဆိုရင်လည်း သူ့ကုသမှု လမ်းကြောင်းအတိုင်းပဲပေါ့။ H. mole ဆိုရင်လည်း သူ့ကုသမှု လမ်းကြောင်းအတိုင်းပေါ့။

အဲဒီလိုမဟုတ်ဘဲ သွေးဆင်းရုံတင်မက၊ ဆီးစပ်ကပါနာတယ်၊ အမျိုးသမီးမွေးလမ်းကြောင်းကို စမ်းသပ်လိုက်တဲ့အခါ သားအိမ်ဝ ပွင့်နေတယ်၊ ဆင်းခဲ့တဲ့သွေးထဲမှာလည်း သွေးခဲတွေ၊ အသားစတွေ၊ ငါးပူစီဖောင်းလို ရေအိတ်တွေ ပါခဲ့တယ်ဆိုရင်တော့ clinical diagnosis နဲ့သေချာပါတယ်။ ရှောင်လွဲထိန်းသိမ်းမရနိုင်တော့သော ကိုယ်ဝန်ပျက်ခြင်း (inevitable miscarriage) သို့မဟုတ် တစ်ဝက်တစ်ပျက် ကိုယ်ဝန်ပျက်ခြင်း (incomplete miscarriage) ဒါပဲပေါ့။

အဲလိုဆိုရင်လည်း ကုသမှုက လေးခုရှိပါတယ်။

(၁) ဘာမှမလုပ်ဘူး။ သဘာဝအတိုင်း အကုန်အစင် ပျက်ကျသွားတဲ့အထိ စောင့်နေမှာ (conservative treatment)
(၂) သားအိမ်ညှစ်ဆေးပြားတိုက်ပြီး အကုန်ပျက်ကျတဲ့အထိ စောင့်မှာ (medical curettage)
(၃) MVA နဲ့ စုပ်ထုတ်မှာ
(၄) ရှေးရိုးနည်းအတိုင်း သားအိမ်ခြစ်မှာ စသည်ဖြင့်ပေါ့။

တစ်ခုချင်းစီရဲ့ အားသာချက်၊ အားနည်းချက်တွေကို ရှင်းပြပြီး ဘာနည်းလမ်းရွေးချင်သလဲ မေးရတာပေါ့။ လူနာက သွေးပေါင်တအားကျ shock ဖြစ်နေတဲ့ အချိန်ဆိုရင်တော့ မရွေးခိုင်းပါဘူး။ သွေးသွင်း၊ သားအိမ်ညှစ်အားကောင်းမယ့်ဆေးထည့်၊ သားအိမ်ခြစ် တစ်ပြိုင်နက်ထဲ လုပ်တာပါ။

ဆက်လက်ဖေါ်ပြပါမယ်ဗျ….။

ဒေါက်တာဝသုန်
သားဖွားမီးယပ် ဆရာဝန်
လွတ်မြောက်နယ်မြေတစ်နေရာ

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here