ရှေးခေတ်က ရှိခဲ့ဖူးတယ်။ သားယောက်ျားလေးမွေးမှ မြင့်မြတ်တာ။ သမီးမိန်းကလေးပဲ မွေးနေရင် ဒီမိန်းမ မမြင့်မြတ်ဘူး နိမ့်ကျတယ်ဆိုတဲ့ အယူအဆ။

အထူးသဖြင့် ရှင်ဘုရင်ခေတ်တွေမှာ ပိုဆိုး။ ထီးမွေနန်းမွေ ဆက်ခံမယ့် အိမ်ရှေ့မင်းသား အလောင်းအလျာမှ မွေးမပေးနိုင်ရင် ဒီမိဖုရား အလကား အာပလာ ချောင်ထိုးခံရပြီမှတ်။ ပြောရရင် ပဒေသရာဇ်ခေတ်က စခဲ့တဲ့ ကျား/မ ခွဲခြားဆက်ဆံရေး ခေါ်မလား၊ ကျား/မ အခြေပြု အကြမ်းဖက်ဖိနှိပ်မှု ဆိုရမလား။

အမှန်တော့ ပြဿနာရဲ့ တကယ့်အရင်းအမြစ်က ယောက်ျားတွေကိုယ်တိုင်မှာ ဖြစ်နေတာ။ သမီးမိန်းကလေး မွေးလာမလား၊ သားယောက်ျားလေး မွေးလာမလားဆိုတာ အမျိုးသမီးတွေနဲ့ မဆိုင်။ ဖခင်ဖြစ်သူနဲ့သာ ပိုသက်ဆိုင်တာကိုး။

အဖြစ်ကဒီလို…

လူရယ်လို့ဖြစ်လာရင် ခန္ဓာကိုယ်ရဲ့ ဆဲလ်လေးတွေမှာ chromosome လို့ခေါ်တဲ့ ပစ္စည်းလေးတွေရှိတယ်။ တိတိကျကျပြောရရင် chromosome ၂၃ စုံ (၄၆ ခုစီ) ရှိကြတာ။ အဲဒီထက် ပိုလို့လည်း မရဘူး၊ လျော့လို့လည်း မရဘူး၊ အတိအကျပဲ။

ပိုလို့မရ၊ လျော့လို့မရတဲ့ကိစ္စက မျိုးပွားတဲ့အချိန်မှာ ပြဿနာတက်ရော။

အဖေ့သုက်ပိုးနဲ့ အမေ့မျိုးဥ နှစ်ခုပေါင်းပြီး chromosome ၄၆ စုံ (၉၂ ခု) အထိ ဖြစ်သွားလို့ မရဘူး။ အဲဒီလိုဖြစ်သွားရင် ဂြိုလ်သားလေးတွေ ထွက်လာတော့မှာ။ ဒီတော့ မပေါင်းခင်ကတည်းက ကြိုကွဲရတယ်။ ခွဲရတယ်။ စုံတွဲတွေကို တစ်ဝက်လျှော့ရတယ်။ အတွဲလေးတွေ ဖြုတ်ရတယ်။ အဖေဘက်က ၂၃ ခု တစ်ခြမ်းပဲ လာခဲ့။ အမေဘက်ကလည်း ၂၃ ခု တစ်ခြမ်းပဲ လာခဲ့။

ဒီတော့ ကျန်တဲ့ဆဲလ်တွေနဲ့မတူ သုက်ပိုးနဲ့ မမျိုးဥတွေမှာ chromosome ၂၃ ခုစီပဲ ပါတာ။ ဒါမှ နှစ်ခုပေါင်းတဲ့အခါ ၂၃ စုံ (၄၆ ခု) ပြန်ဖြစ်သွားမှာကိုး။

နောက်တစ်မျိုး

ဒါကတော့ မိန်းကလေး/ယောက်ျားလေးနဲ့ သက်ဆိုင်တဲ့ကိစ္စ။

ခုနပြောခဲ့တဲ့ ပုံမှန်အတိုင်းရှိနေတဲ့ chromosome ၂၃ စုံထဲမှာ တစ်စုံက အထီး/အမနဲ့ သက်ဆိုင်သောစုံတွဲ။

မိန်းမဆိုရင်………….. X X အတွဲလေး
ယောက်ျားဆိုရင်….. X Y အတွဲလေး
အဲဒီလိုလေးတွေ ဖြစ်နေကြတာ။

ဒီတော့ မျိုးပွားဖို့ရာအတွက် တစ်ခြမ်းစီပဲလာခဲ့ ဆိုတဲ့အခါ အမေ့ရဲ့ဆဲလ်လေးကို ဘယ်လိုခွဲခွဲ X တစ်မျိုးပဲ ရတယ်။ မမျိုးဥလေးဆီမှာ X ရှိနေပြီ။

အဖေဘက်ကရော…

အဖေ့ဆဲလ်လေးကို တစ်ခြမ်းစီ ခွဲတဲ့အခါ ပုံစံနှစ်မျိုးရတယ်။ X ပါတဲ့အခြမ်းနဲ့… Y ပါတဲ့အခြမ်း။ အဲဒီတော့ ဖခင်ဖြစ်သူရဲ့ သုက်ကောင်လေးတွေထဲမှာ နှစ်မျိုးနှစ်စား ဖြစ်နေပြီ။ X ပါဝင်သော သုက်ကောင်များနဲ့ Y ပါဝင်သော သုက်ကောင်များပေါ့။ သုက်ကောင်အရေအတွက် တစ်သန်းရှိတယ်ဆိုရင် ငါးသိန်းစီပေါ့။

အဲဒီတော့

X ပါဝင်နေသော မမျိုးဥလေးနဲ့ X ပါဝင်သော သုက်ကောင်လေး ပေါင်းဖက်သွားရင် X X ဖြစ်သွားပြီး မိန်းကလေး မွေးမှာပေါ့။

X ပါဝင်နေသော မမျိုးဥလေးနဲ့ Y ပါဝင်သော သုက်ကောင်လေး ပေါင်းဖက်သွားရင် X Y ဖြစ်သွားပြီး ယောက်ျားလေး ဖြစ်မှာပေါ့။

ဒီလောက်ဆိုရင်တော့ ရှင်းပြီနဲ့ တူပါတယ်။

လိင်ဆက်ဆံမှုပြုအပြီး မိန်းမကိုယ်ထဲ ရောက်ရှိလာတဲ့ အမျိုးသားသုက်ရည်ထဲမှာ သုက်ကောင်လေးတွေ သန်းချီပြီး ပါတဲ့အနက် တစ်ဝက်က မိန်းကလေးဖြစ်စေမယ့် သုက်ကောင်တွေဖြစ်ပြီး၊ ကျန်တစ်ဝက်ကတော့ ယောက်ျားလေးဖြစ်စေမယ့် သုက်ကောင်လေးတွေပါ။

မမျိုးဥလေးရှိရာ သားပို့ပြွန် (ချစ်သူလမ်းကြား) ကို အသန်ဆုံး အမြန်ဆုံးနဲ့ အရင်ဆုံးရောက်သွားပြီး မျိုးဥလေးနဲ့ ပေါင်းဖက်သွားတဲ့ သုက်ကောင်လေးအပေါ် မူတည်ပြီး သမီးလေး ဒါမှမဟုတ် သားလေး ဖြစ်လာပါမယ်။

ဒါကြောင့်…

မီးမီးလေး ဖြစ်လာမလား၊ သားသားလေး ဖြစ်လာမလားဆိုတာ အဖေနဲ့ပိုဆိုင်တာလို့ ပြောခဲ့တာပေါ့။

ဖခင်များအနေနဲ့ ငါ့လက်ကလွတ် ဗြွတ်ဆိုပြီး ဖုတ်ဖတ်ခါ ထသွားလို့ မရပါ။ ခင်ဗျားကြီး ပေးပို့လိုက်သော delivery ပစ္စည်းများ၏ နောက်ဆက်တွဲအကျိုးဆက်သည် ခင်ဗျားကြီးတွင် လုံးလုံးတာဝန်ရှိပါသည် လူကြီးမင်း ခင်ဗျာ။

အိမ်ရှေ့မင်းသား မွေးမလာခြင်းဟာ ရှင်ဘုရင်ရဲ့တာဝန်ပါ။ မိဖုရားနဲ့ မသက်ဆိုင်ပါ။

အနှစ်ချုပ်ပြောရရင်
မိန်းမတွေကို ဘယ်တော့မှ အပြစ်မတင်ပါနဲ့
ဒါပဲ….။

LEAVE A REPLY

Please enter your comment!
Please enter your name here