မီနူး

Home Health Education GI and Hepatic diseases ကြိုတင်ကာကွယ် အသည်းရောင်အသားဝါ (ဘီ) ပိုး အန္တရာယ်

ကြိုတင်ကာကွယ် အသည်းရောင်အသားဝါ (ဘီ) ပိုး အန္တရာယ်

0
ကြိုတင်ကာကွယ် အသည်းရောင်အသားဝါ (ဘီ) ပိုး အန္တရာယ်

အသည်းရောင်အသားဝါ (ဘီ) ပိုးဟာ သွေးနဲ့ ကိုယ်ခန္ဓာအရည်များမှတစ်ဆင့် အဓိကကူးစက်တတ်သောရောဂါဖြစ်ပြီး အသည်းကင်ဆာဖြစ်ပွားမှု အများဆုံးဖြစ်စေတဲ့ ရောဂါပိုးတစ်ခုပါ။ ဒါကြောင့်လည်း အသည်းရောင်အသားဝါ (ဘီ) ပိုး ကာကွယ်ဆေးကို အသည်းကင်ဆာ ကာကွယ်ဆေးရယ်လို့တောင် ဆိုကြပါတယ်။

အသည်းရောင်အသားဝါ (ဘီ) ပိုး ကူးစက်မှုအများစုဟာ မည်သည့်ရောဂါလက္ခဏာမှ မပြတတ်ဘဲ ဖြစ်လေ့ရှိတာမို့ ဆေးစစ်ကြည့်ခြင်းကသာ မိမိမှာ ရောဂါပိုး ရှိ/မရှိ သိရှိနိုင်တဲ့ အကောင်းဆုံးသော နည်းလမ်းတစ်ခုပါ။

◾️အသည်းရောင်အသားဝါ (ဘီ) ပိုး ကူးစက်နိုင်သော နည်းလမ်းများ

သွေးနဲ့ ကိုယ်ခန္ဓာအရည်တွေကနေတစ်ဆင့် အဓိက ကူးစက်ပြီး

  • အကာအကွယ်မဲ့ လိင်ဆက်ဆံမှု
  • ရောဂါပိုးရှိသော သွေးသွင်းခံရခြင်း
  • ကူးစက်နိုင်တဲ့ မုတ်ဆိတ်ရိတ် စက်/ဓား၊ ဆေးထိုးအပ်၊ သွားတိုက်တံ စတာတွေ အတူဝေမျှသုံးစွဲခြင်း
  • ရောဂါပိုးရှိသောမိခင်မှ ကလေးငယ်သို့ မွေးလမ်းကြောင်းမှတစ်ဆင့် ကူးစက်ခြင်း စတာတွေကနေ ကူးစက်နိုင်ပါတယ်။
  • အစားအသောက်၊ နှာချေ ချောင်းဆိုးခြင်း၊ ပွေ့ဖက်နမ်းရှုံ့ခြင်း၊ မိခင်နို့တိုက်ကျွေးခြင်း စတဲ့နည်းလမ်းတွေကနေတော့ ကူးစက်နိုင်မှု မရှိပါ *

◾️အသည်းရောင်အသားဝါ (ဘီ) ပိုးကို ကာကွယ်နိုင်ဖို့ အသည်းရောင်အသားဝါ (ဘီ) ပိုး ကာကွယ်ဆေးအပြင် အခြားကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိသေးပါသလား

  • လိင်ဆက်ဆံမှုပြုတဲ့အခါ အကာအကွယ်အသုံးပြုမယ် (လိင်ဆက်ဆံမှုလို့ ဆိုရာမှာ ပါးစပ်ဖြင့်ဆက်ဆံခြင်း၊ စအိုပေါက်နှင့် ဆက်ဆံခြင်း စတာတွေပါ အကျုံးဝင်ပါတယ်)
  • မုတ်ဆိတ်ရိတ် စက်/ဓား၊ ဆေးထိုးအပ်၊ သွားတိုက်တံ စတာတွေ အတူဝေမျှသုံးစွဲခြင်းမပြုဘူး စတဲ့နည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါသေးတယ်။

◾️အသည်းရောင်အသားဝါ (ဘီ) ပိုး ကာကွယ်ဆေးက အန္တရာယ်ရှိသလား

အသည်းရောင်အသားဝါ (ဘီ) ပိုးကာကွယ်ဆေးဟာ အန္တရာယ်အကင်းဆုံး ကာကွယ်ဆေးတွေထဲက တစ်ခုပါ။ အသားဆေးထိုးခံရတဲ့ ကြွက်သားနေရာ နာကျင်၊ ရောင်ရမ်းမှု ဖြစ်စေတတ်ရုံကလွဲလို့ ကြီးမားတဲ့ ဘေးထွက်ဆိုးကျိုးနဲ့ အသက်အန္တရာယ်ထိခိုက်မှု မရှိပါ။ နောက်ပြီး ကာကွယ်ဆေးကနေ ရောဂါပိုးပြန်ကူးစက်နိုင်ခြင်းလည်း (လုံးဝ) မရှိပါဘူး။

◾️ဘယ်လိုလူတွေဟာ အသည်းရောင် အသားဝါ (ဘီ) ပိုး ကူးစက်ခံရနိုင်ခြေ အများဆုံးလဲ

  • သွေးနှင့် ဆက်စပ်ပစ္စည်းတွေကို ထိတွေ့ကိုယ်တွယ်နေရသူတွေ (ဥပမာ ကျန်းမာရေးလုပ်သားတွေ၊ ဓာတ်ခွဲပညာရှင်တွေ စသည်)
  • အသည်းရောင်အသားဝါ (ဘီ) ပိုးရှိတဲ့ မိခင်ကမွေးတဲ့ ကလေးငယ်တွေ
  • အသက် ၁၉ နှစ်အောက် ကာကွယ်ဆေး ပြည့်စုံစွာမထိုးရသေးသူတွေ
  • မိမိရဲ့လိင်ဆက်ဆံဖော်မှာ ရောဂါပိုးရှိနေတဲ့သူတွေ
  • လိင်ဆက်ဆံဖော် များသူတွေ၊ လိင်အပျော်အပါး လိုက်စားတတ်သူတွေ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံသူတွေ
  • ဆီးချို၊ နာတာရှည်ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ HIV/ AIDS လို ခုခံအားကျဆင်းမှု ကူးစက်ရောဂါရှိသူတွေ…. စတဲ့ နာတာရှည်ရောဂါအခံရှိသူတွေမှာ အသည်းရောင်အသားဝါ (ဘီ) ပိုး ကူးစက်ခံရဖို့များလို့ အမြန်ဆုံး အသည်းရောင်အသားဝါ (ဘီ) ပိုးကာကွယ်ဆေး ကြိုတင်ထိုးနှံထားသင့်သူတွေ ဖြစ်ပါတယ်။

◾️ကာကွယ်ဆေး ထိုးနှံခြင်း

ဦးစွာ အသည်းရောင်အသားဝါ (ဘီ) ပိုး ရှိ/မရှိ စစ်ဆေးရပါမယ်။ ပိုးမရှိလျှင် ကြိုတင်ကာကွယ်ဖို့ စတင်ထိုးနှံနိုင်ပါပြီ။

ကာကွယ်ဆေးထိုးတဲ့အခါ…

ပထမ အကြိမ် – မိမိစတင်ထိုးနှံသည့်ရက်

ဒုတိယအကြိမ် – ပထမအကြိမ်မှ တစ်လပြည့်သည့်ရက်

တတိယအကြိမ် – ပထမအကြိမ်မှ ခြောက်လပြည့်သည့်ရက်တွေမှာ ထိုးနှံနိုင်ပါတယ်။

ကာကွယ်ဆေး သုံးကြိမ်ပြည့်တဲ့အခါ မိမိခန္ဓာကိုယ်အတွင်းက ထွက်ရှိလာတဲ့ အသည်းရောင်အသားဝါ (ဘီ) ပိုးကို တန်ပြန်ခုခံတဲ့ ကိုယ်ခံအားပမာဏ (anti-HBV level) ကိုတိုင်းတာပြီး ရှိသင့်တဲ့ပမာဏအတွင်းမှာ ရှိနေရင် ကာကွယ်ဆေးအောင်ပါတယ်။

နောက်ပိုင်း Booster dose များကိုတော့ ဒီ anti-HBV level ကို ပြန်လည်စစ်ဆေးပြီး လိုအပ်သလို ထိုးနှံနိုင်ပါတယ်။ အကြမ်းအားဖြင့်တော့ ငါးနှစ်တစ်ကြိမ် Booster dose ထိုးနိုင်ပါတယ်။

***မွေးကင်းစကလေးငယ်တွေမှာတော့ ပထမအကြိမ် ကို မွေးပြီးစမှာ ချက်ချင်းထိုးနှံသင့်ပါတယ်။

◾️မိမိချစ်ရသူမှာ ရောဂါပိုးရှိနေတဲ့အခါ

မိမိရဲ့လက်တွဲဖော်ဖြစ်စေ၊ လက်တွဲဖော်အဖြစ်ရည်ရွယ်ထားသူဖြစ်စေ၊ မိမိနဲ့အတူနေ မိသားစုဝင် တစ်ဦးဦးမှာ ရောဂါပိုးရှိနေခဲ့ရင်ဖြစ်စေ…

  • မိမိမှာလည်း ရောဂါပိုး ရှိ/မရှိ ဦးစွာစစ်ဆေးပါ။
  • ရောဂါပိုးမရှိလျှင် ကာကွယ်ဆေးထိုးနှံပြီး ကာကွယ်မှုရယူပါ။

အသည်းရောင်အသားဝါ (ဘီ) ပိုးရှိနေခြင်းဟာ မိမိချစ်ရတဲ့ လက်တွဲဖော်နဲ့ အတူပေါင်းဖက်နေထိုင်သွားဖို့ရာ မဖြစ်နိုင်ဘူးလို့ မဆိုလိုပါ။ မိမိလက်တွဲဖော်အဖြစ် ရည်ရွယ်ထားသူမှာ ရောဂါပိုးရှိနေရင်တောင် မိမိက ကာကွယ်ဆေးအပြည့်အဝ ထိုးနှံထားမယ်ဆိုရင် ကာကွယ်ပြီးသား ဖြစ်ပါတယ်ဆိုတာ အသိပေးလိုက်ပါရစေ….။

Reference: 📚
Hepatitis B Foundation : Hepatitis B Vaccination

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here