အခုတစ်လော ကလေးတွေမှာ အဖြစ်များနေတဲ့ လက်၊ ခြေနဲ့ ပါးစပ်မှာ အနာတွေ၊ အရည်ကြည်ဖုတွေ ဖြစ်တဲ့ရောဂါဟာ Hand, Foot and Mouth disease (HFMD) လို့ခေါ်တဲ့ ကူးစက်ရောဂါတစ်ခုဖြစ်ပါတယ်။

ဘာကြောင့်ဖြစ်တာလဲ….

ဗိုင်းရပ်စ်ပိုးကြောင့်ပါ။ တစ်မျိုးမကတဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ အဖြစ်များတာက Coxsackievirus နဲ့ Enterovirus ဆိုတဲ့ ဗိုင်းရပ်စ်အုပ်စုတွေပါ။
.

ဘယ်လိုမျိုး ကူးစက်နိုင်သလဲ….

အလွန်ကူးစက်လွယ်ပါတယ်။

  • ကိုဗစ် ၁၉ လိုပဲ နှာချေတာ၊ ချောင်းဆိုးတာကနေထွက်လာတဲ့ အမှုန်တွေထဲမှာ ပါလာတဲ့ဗိုင်းရပ်စ်တွေကို အနားမှာရှိတဲ့သူတွေက ရှူမိတာ
  • ပိုးရှိတဲ့ သွားရည်၊ ဝမ်း၊ အနာဖုကအရည် စတာတွေကို ထိမိ/ကိုင်မိပြီး လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်း၊ မျက်စိတွေကို ထိမိ/ကိုင်မိတာ
  • ရောဂါရှိတဲ့သူကို ပွေ့ဖက်တာ၊ နမ်းတာ
  • ပန်းကန်၊ ခွက်၊ ဇွန်းနဲ့ ခက်ရင်း စတဲ့ အသုံးအဆောင်တွေကို အတူတူမျှသုံးတာ
  • ပိုးရှိတဲ့ သွားရည်၊ နှာရည်တွေပေနေတဲ့ အရုပ်တွေ၊ ခုံတွေကို ကိုင်မိပြီး လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်း၊ မျက်စိတွေကို ထိမိ/ကိုင်မိတာ စတာတွေကနေ ကူးနိုင်ပါတယ်။

ခြုံပြောရရင်တော့ ကိုဗစ် ၁၉ ရောဂါကူးနည်းနဲ့ ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။

ရောဂါလက္ခဏာတွေက ဘာတွေလဲ….

ရောဂါအစပိုင်းရက်မှာ တခြားဗိုင်းရပ်စ် ရောဂါတွေလို ကိုယ်ငွေ့ငွေ့ပူတာ၊ လည်ချောင်းနာတာ၊ နှာရည်ယိုတာ၊ ဗိုက်နာတာ၊ အစားအသောက်ပျက်တာ စတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။

နောက်နှစ်ရက်၊ သုံးရက်လောက်နေရင်တော့ ရောဂါအစပိုင်းကဖြစ်ခဲ့တဲ့ လက္ခဏာတချို့ဟာ ပျောက်သွားပြီး…

  • လက်၊ ခြေ၊ အထူးသဖြင့် လက်ဖဝါး၊ ခြေဖဝါးတွေမှာ အနီစက်တွေ၊ အဖုသေးသေးတွေ စထွက်ပါတယ်။ တချို့က ယားပါတယ်။ နောက်တော့ အစက်တွေကြီးလာပြီး အရည်ကြည်ဖုတွေ ဖြစ်သွားပါတယ်။
  • ပါးစပ်ထဲမှာ၊ နှုတ်ခမ်းအတွင်းမှာ၊ လျှာနဲ့ အာခေါင်တွေမှာ အနီစက်လေးတွေကစလို့ အနာတွေအထိ အရွယ်စုံပုံစံစုံ တွေ့ရနိုင်ပါတယ်။
  • အနာတွေကြောင့် ကလေးက သွားရည်ကို မျိုမချတဲ့အတွက် သွားရည်‌တစ်ချိန်လုံးယိုစီးနေတတ်သလို အစားသောက်တွေကိုလည်း မျိုချဖို့ ငြင်းဆန်နိုင်ပါတယ်။
  • လည်ပင်းမှာ အဖုအကျိတ်တွေ ကြီးလာတာကို စမ်းမိနိုင်ပါတယ်။
  • အရည်ကြည်ဖုတွေ၊ အစက်တွေကို ခြေ၊ လက်မှာတင်မကဘဲ ကိုယ်လုံး၊ လက်ဖျံ၊ ခြေသလုံး၊ မျက်နှာပေါ် အထူးသဖြင့် ပါးစပ်တစ်ဝိုက်၊ ပေါင်ခြံ၊ ကျား/မ လိင်အင်္ဂါတွေမှာလည်း တွေ့နိုင်ပါတယ်။
  • တချို့ ခြေဖဝါးအဖုတွေက လမ်းလျှောက်ရင် နာပါတယ်။
  • အသက် ၅ နှစ်အောက် ကလေးတွေမှာ အဖြစ်များပေမယ့် ကလေးကြီးတွေနဲ့ တချို့လူကြီးတွေမှာလည်း ဖြစ်နိုင်ပါတယ်နော်။

ကုသဖို့ လိုသလား….

အများစုက ရောဂါမပြင်းထန်ဘဲ တစ်ပတ်/ဆယ်ရက်လောက်အတွင်း သူ့ဘာသာသူ ပျောက်ပါတယ်။

လက္ခဏာသက်သာစေတဲ့ ဆေးတွေကိုသာ လိုအပ်ပါတယ်။

  • ကိုယ်ပူတာ၊ ပါးစပ်၊ လည်ချောင်း နာတာတွေအတွက် ပါရာစီတမော (Paracetamol)
  • ယားယံရင် ကာလမိုင်းလူးဆေး (Calamine)
  • ပါးစပ်အနာအတွက် သင့်တော်တဲ့လူးဆေး စတာတွေကို လိုအပ်နိုင်ပြီး ဆားရည်နွေးနွေးနဲ့ အာလုတ်ကျင်းပေးလို့ ရပါတယ်။ အရည်များများဝင်အောင် တိုက်ရပါမယ်။

ရေဓာတ်လည်းရ၊ အချိုဓာတ်လည်းရတဲ့ အချိုရည်အေးအေး၊ ရေခဲမုန့်၊ ရေခဲချောင်းတွေကို တိုက်ကျွေးပေးရင် ကလေးအများစုဟာ မျိုနိုင်/စားနိုင်ကြပါတယ်။

ဘယ်လိုအခြေအနေမှာ ဆေးရုံ/ဆေးခန်းကို သွားပြသင့်လဲ….

  • အရည်ကို လုံလုံလောက်လောက် မသောက်နိုင်လို့ ရေဓာတ်နည်းတဲ့ လက္ခဏာတွေရှိရင် (အာခေါင်ခြောက်တာ၊ မျက်ရည်ခြောက်တာ၊ ပျော့ခွေတာ၊ အရေပြားလျော့ရဲတာ၊ ဆီးနည်းတာ စတဲ့လက္ခဏာတွေ)
  • ဖျားတာဟာ သုံးရက်ထက် ပိုကြာနေရင်
  • ဆယ်ရက်ကျော်တဲ့အထိ မသက်သာရင်
  • ကိုယ်ခံအားနည်းတဲ့ ရောဂါ/ပြဿနာရှိရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်နော်။
    .

ဖြစ်တောင့်ဖြစ်ခဲဆိုပေမယ့် ဦးနှောက်ရောင်၊ ဦးနှောက်အမြှေးရောင် ဖြစ်တတ်တာမို့ ကိုယ်ပူကြီးတာ၊ ခေါင်းအရမ်းကိုက်တာ၊ အလွယ်တကူလန့်တာ၊ တက်တာ ဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့သေချာကုဖို့ လိုပါတယ်။

ဘယ်လို ကာကွယ်နိုင်သလဲ….

အလွယ်ပြောရရင် ကိုဗစ် ၁၉ ကာကွယ်နည်းတွေအတိုင်း ကျင့်သုံးမယ်ဆိုရင် လုံလောက်ပါတယ်။ နှာခေါင်းစည်း (Maks) တော့ တပ်စရာမလိုပါဘူး။

  • ရောဂါကူးစက်ခံနေရတဲ့ကလေးကို တခြားကလေးတွေနဲ့ ခွဲထားတာ
  • ချောင်းဆိုး၊ နှာချေရင် ပါးစပ်နဲ့ နှာခေါင်းကို တံတောင်ကွေးနဲ့ အုပ်ကာထားတာ
  • ရောဂါရှိတဲ့ကလေးသုံး‌နေတဲ့ အသုံးအဆောင်တွေကို တခြားကလေးတွေကို မသုံးစေဘဲ ခွဲခြားထားတာ၊ သေချာပိုးသတ်တာ
  • ကလေးရဲ့ သွားရည်၊ နှာရည်တွေ ပေနေတဲ့ အရုပ်၊ ပစ္စည်း၊ ခုံ စတာ‌တွေကို အရက်ပျံလိုမျိုး၊ ကလိုရင်းဆေးရည်လိုမျိုး ပိုးသတ်ဆေးနဲ့ ပိုးသတ်တာ၊ အဝတ်၊ အိပ်ရာ၊ ခေါင်းအုံးတွေကို သေချာလျှော်ဖွပ်တာ စတဲ့နည်းလမ်းတွေနဲ့ ကာကွယ်လို့ရပါတယ်။

ရောဂါကူးစက်ပျံ့ပွားတာ များလာရင် ဘာတွေလုပ်သင့်သလဲ….
နေ့တိုင်းနေ့တိုင်း ကျောင်းတွေမှာ ဆရာ/ဆရာမတွေက ကလေးတွေကို ကျောင်းရောက်တာနဲ့ စစ်ဆေးပြီး သံသယရှိရင် မိဘဆီကို ပြန်အပ်တာ၊ ဆေးခန်းပြခိုင်းတာ၊ ရောဂါလက္ခဏာ မရှိ‌ပေမယ့်လည်း ကလေးတိုင်းရဲ့လက်ကို ဆပ်ပြာနဲ့ သေချာဆေးပြီးမှ အတန်းထဲကို ဝင်စေတာ၊ မုန့်စားဆင်းချိန် အစာမစားခင် လက်ကို တစ်ခါပြန်ပြီးဆေးခိုင်းတာ၊ စားပွဲ၊ ထိုင်ခုံတွေကို နေ့တိုင်း ပိုးသတ်တာတွေကို လုပ်နိုင်ပါတယ်။

တချို့နိုင်ငံတွေမှာ ရောဂါကူးစက်ခံရတဲ့ ကလေးတွေကို တစ်ပတ်အထိ ကျောင်းမသွားစေရပါ။ အတန်းသားတွေ ကူးစက်တာများရင်လည်း အတန်းကို ခဏပိတ်ပေးတာအထိလုပ်ကြပါတယ်။

လူကြီးတွေကိုတော့ ကူးစက်ခဲပါတယ်။

ဒီနေရာမှာ အမှတ်မှားနိုင်တဲ့ ရောဂါတွေအကြောင်းကိုလည်း ပြောပြပါရစေ။

အရည်ကြည်ဖုတွေပေါက်တဲ့ ပဲသီတာလို့ခေါ်တဲ့ ရေကျောက်ရောဂါနဲ့ မတူတာက ရေကျောက်အဖုက ခန္ဓာကိုယ်နဲ့မျက်နှာက စထွက်ပြီး ခြေလက်တွေမှာ နောက်မှထွက်ပါတယ်။ ပါးစပ်မှာ အနာဖြစ်ခဲပါတယ်။ အရည်ကြည်ဖု၊ ပြည်ဖု၊ အနာဖေးတက်အဖု စတဲ့အဆင့်မျိုးစုံကို တစ်ပြိုင်တည်းတွေ့နိုင်ပါတယ်။

လက်၊ ခြေနှင့် ပါးစပ်နာရောဂါ Hand, Foot and Mouth disease ကို ကျွဲ၊ နွားတွေမှာဖြစ်တဲ့ ခွာနာလျှာနာ (Foot and mouth disease) နဲ့ အခေါ်အဝေါ်တူလို့ မှားတတ်ပါသေးတယ်။ ခွာနာလျှာနာ‌ရောဂါက လူတွေကို မကူးစက်ပါ။

Reference: 📖

  • Hand, Foot & Mouth Disease (HFMD): Symptoms & Causes (clevelandclinic. org)
  • ..
  • ..
  • ❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
  • 👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
  • *** ပိတ်ရက်မရှိပါ ***
  • ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
  • https://m.me/telehealthmm
  • (နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
  • 👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
  • မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
  • Zero Suicide Hotline သို့ ဆက်သွယ်ရန်
  • (၁) https://t.me/zeroscbot
  • (မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
  • ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
  • *** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
  • Ministry of Health,
  • National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here