“ သိပ်ပူပြီး ချွေးထွက်လာရင် သုတ်ပစ်သင့်သလား….” ဆိုတဲ့ မေးခွန်းလေးကို မေးမိကောင်း မေးဖူးကြမှာပါ။ တွေးမိကောင်း တွေးဖူးကြမှာပါ။

တကယ်တော့ ခန္ဓာကိုယ်ရဲ့အပူချိန်ကို လျှော့ချပေးဖို့ ထွက်လာတဲ့ချွေးကို မသုတ်ပစ်ရပါဘူး။ ဖျားပြီးကိုယ်ပူတာ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ထားတာ၊ ရာသီဥတုကြောင့် ပူအိုက်နေတာ စတဲ့အခြေအနေတွေမှာ ကိုယ်ထဲကအပူချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးဖို့အတွက် ခန္ဓာကိုယ်ရဲ့ အလိုအလျောက် လုပ်ဆောင်မှုတစ်ခုအနေနဲ့ ချွေးထွက်တာဟာ ဖြစ်ပေါ်လာပါတယ်။

အဲဒီချွေးက အငွေ့ပျံသွားတဲ့အခါ အနားကအပူကို စုပ်ယူပြီး အငွေ့ပျံတာကြောင့် ချွေးတွေကပ်နေတဲ့ အရေပြားမှာ အပူချိန်လျော့သွားပါတယ်။

တကယ်တော့ ကိုယ်ထဲက အပူဓာတ်တွေကို အရေပြားဆီ ရောက်လာအောင် သွေးလှည့်ပတ်မှုက သယ်လာပေးပါတယ်။ ယူလာတဲ့ (အရေပြားကို ရောက်လာတဲ့) အပူကို ချွေးက အငွေ့ပျံခြင်းမှတစ်ဆင့် လျှော့ချပေးပါတယ်။ ဒီလိုမျိုးနဲ့ ကိုယ်တွင်းက အပူချိန်ကို လျှော့ချတာပါ။

ဒါကို “ သဘာဝအဲယားကွန်း” လို့ ဆိုကြပါစို့။

အဲဒီလို ဖြစ်နေရမယ့်အစား ထွက်လာတဲ့ ချွေးကို သုတ်ပစ်လိုက်တဲ့အခါ အငွေ့ပျံစရာ ချွေးမရှိတော့တဲ့အတွက် အရေပြားမှာ အပူဓာတ်စွန့်ထုတ်တာကို မလုပ်ပေးနိုင်တော့သလို ကိုယ်ထဲကအပူကိုလည်း လျော့ကျအောင် မလုပ်ပေးနိုင်တော့ပါဘူး။

ချွေးသာထွက်တယ်။ ကိုယ်အပူချိန်က မကျတော့ ခန္ဓာကိုယ်က ချွေးတွေကို ထပ်ခါထပ်ခါ ထုတ်ပါတယ်။ ဒီလိုမျိုး လုံးချာလိုက်နေတာကြောင့် ချွေးထွက်တာ တအားများလာပြီး ရေဓာတ်ဆုံးရှုံးတာ များလာမှာပါ။ ချွေးထွက်သိပ်များရင် နုံးလာမယ်။ မူးမော်တာ၊ ကြွက်တက်တာ၊ နှလုံးခုန်မြန်တာ၊ သွေးပေါင်ကျတာနဲ့ မေ့လဲတာအထိ ဖြစ်နိုင်ပါတယ်နော်။

ဒါတင်မကပါဘူး။ ကိုယ်ထဲကအပူချိန်ကို ချွေးထုတ်ပြီး လျှော့ချလို့မရတာကြောင့် ကိုယ်ထဲမှာ အပူဓာတ်တွေများပြီး နေထိုင်မကောင်း ဖြစ်ပါတယ်။ ချွေးငုတ်ရင် ဖြစ်တဲ့အခြေအနေမျိုးကို ချွေးထွက်နေပေမယ့် ဖြစ်နေတာပါ။

ဒါကြောင့် ကိုယ်ထဲမှာ အပူဓာတ်များနေချိန်မှာ ထွက်တဲ့ချွေးကို မသုတ်သင့်ပါနော်။

ချွေးထွက်ရင် ယပ်ခပ်ပေးတာဟာ အငွေ့ပျံတာကို အားပေးတာကြောင့် ကိုယ်ထဲက အပူချိန်ကို ပိုပြီးမြန်မြန်လျှော့ချပေးနိုင်ပါတယ်။ ထွက်သွားတဲ့ချွေးကို ပြန်ကာမိအောင် ရေကို လုံလုံလောက်လောက်သောက်ဖို့လည်း အရေးကြီးပါတယ်နော်။

တချို့တွေပြောလေ့ရှိတဲ့ “ ချွေးနဲ့အအေးပတ်မယ်” ၊ “ ချွေးထွက်ရင် ယပ်မခပ်နဲ့” ၊ “ ချွေးစို့နေရင် သုတ်ပစ်” ဆိုတာတွေဟာ ဒီလို အခြေအနေမျိုးမှာ မမှန်ပါဘူး။

တစ်ခုတော့ရှိပါတယ်။ ကိုယ်ထဲမှာအပူချိန်များနေလို့ အပူလျှော့ချဖို့ ထွက်တာမဟုတ်ဘဲ တခြားအကြောင်းကြောင့်ထွက်တဲ့ ချွေးတွေ (ဥပမာ – ဇောချွေး၊ ချွေးထွက်လွန်ရောဂါကြောင့် ထွက်တဲ့ချွေး၊ အစပ်စားပြီး ထွက်တဲ့ချွေးတွေ) ဆိုရင်တော့ သုတ်ပစ်လို့ရပါတယ်။

ဒါကြောင့် ကိုယ်ထဲမှာ အပူဓာတ်များနေချိန်မှာ “ သဘာဝအဲယားကွန်း” ကို ပိတ်မပစ်ဖို့တော့ အထူးဂရုပြုစေချင်ပါတယ်နော်….။

Reference:

– https : // www . mayoclinic . org /diseases-conditions/heat-exhaustion/symptoms-causes/syc-20373250

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here