(၁) ရာသီကို မှန်စေပါတယ်။ အောက်ဆုံးတန်း သုံးလေးလုံးမြောက်လောက်ရောက်ရင် ရာသီပေါ်တယ်လေ။ အသက်နှစ်ဆယ်ကျော် အစိတ်ပိုင်း အရွယ်တော်တစ်ဆိတ်ဟိုင်းနေတဲ့ ရာသီမမှန်တဲ့ အပျိုကြီးများကို ဒီ c.o.c pills နဲ့ ရာသီမှန်စေနိုင်ပါတယ်။ ရှင်းတော့ပြရမှာပေါ့။ မဟုတ်ရင် အပျိုစစ်စစ်ကို ကိုယ်ဝန်တားဆေး ပေးရလားလို့ စိတ်ဆိုးခံရနိုင်ပါတယ်။ အပျိုဖော်ဝင်ခါစ ဆယ်ကျော်သက်လေးတွေ ရာသီမမှန်တာကတော့ များသောအားဖြင့် ကုစရာမလိုပါဘူး။ အရင်ကပြောခဲ့သလိုပဲ။ ခန္ဓာကိုယ်အတွင်း အထက်အောက် အပြန်အလှန် အမိန့်ပေးသတင်းပြန်ပို့မှု ဖြစ်စဉ်တွေ တိုင်ပင်မကိုက်သေးလို့ပါ။ တဖြည်းဖြည်း မှန်လာမှာပါ။ ဒီလိုရှင်းပြ စိတ်မပူအောင် နားချရုံပါပဲ။ အရပ်ရှည်ကြီးထွားမှု မပြီးဆုံးသေးခင် c.o.c pills တွေ သောက်လိုက်ရင် အရပ်ရှည်ကြီးထွားမှု ရပ်သွားနိုင်လို့ပါ။
…
…
(၂) ရာသီလာရက် ရှည်လွန်းသူများ၊ ရာသီသွေးဆင်းများလွန်းသူများ (heavy and prolonged mensturation, menorrhagia) ကိုလည်း c.o.c pills ဖြင့် ကုသနိုင်ပါသည်။
…
…
(၃) ရာသီလာစဉ် အလုပ်ပျက်လောက်အောင် နာကျင်ကိုက်ခဲသူများ (severe dysmenorrhoea) paracetamol, mefenamic acid စသည်တို့ဖြင့် မသက်သာသူများကိုလည်း c.o.c pills ဖြင့် ကုသနိုင်ပါသည်။
…
…
(၄) အသားအရည်ကို စိုပြေလှပစေပြီး မျက်နှာပေါ်မှဝက်ခြံများကို ပျောက်ကင်းစေပါသည်။ ဝက်ခြံပျောက်ဆေးအနေဖြင့် သုံးကြသည်များလည်း ရှိပါသည်။ ဝက်ခြံပျောက်ရန် အသုံးပြုပါက Dinette 35 ဟူသော တံဆိပ်ကို သုံးကြပါသည်။ ၎င်းထဲတွင် ပါဝင်သော ပရိုဂျက်စတီရုန်း အမျိုးအစားက ဝက်ခြံပျောက်စေနိုင်သော အမျိုးအစားဖြစ်ပါသည်။
…
…
(၅) သားဥအိမ်ကင်ဆာ (ovarian carcinoma) ရောဂါကို ကာကွယ်ပေးပါသည်။ မမျိုးဥ မကြွေအောင် တားဆီးပေးခြင်း၏ နောက်ဆက်တွဲ အပိုဆုဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်လျှင်လည်း သားဥအိမ်ကင်ဆာရောဂါကို ကာကွယ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ဆောင် ကိုးလတစ်လျှောက်လုံးနှင့် မွေးပြီးခါစ တစ်လခန့်က မမျိုးဥ မကြွေပါ။ ယင်ဖိုမျှပင် မသန်းဖူးသော အပျိုစစ်စစ်ကြီးများတွင် အပျိုဖော်ဝင်သည်မှစ၍ သွေးမဆုံးမီအချိန်ထိ လစဉ်တစ်လတစ်လုံး မမျိုးဥ ကြွေကြရပါသည်။ ထို့ကြောင့် သားဥအိမ်ကင်ဆာရောဂါသည် အပျိုစစ်စစ်ကြီးများတွင် အဖြစ်များပါသည်။ ယောင်္ကျားယူကြည့်ပါဗျ။ c.o.c pills သော်လည်း သောက်ရပါမယ်။ သို့မဟုတ် ကိုယ်ဝန်သော်လည်း ဆောင်ရပါမယ်။ ဘာပဲဖြစ်ဖြစ် သားဥအိမ်ကင်ဆာရောဂါကို ကာကွယ်ပါတယ်။ မရှိ မကောင်း၊ ရှိ မကောင်းဆိုတာ ကျွန်တော်တို့ ယောက်ျားလေးတွေပါဗျ။
…
…
(၆) သားအိမ်အတွင်းနံရံကင်ဆာ (Endometrial carcinoma) ကိုလည်း ကာကွယ်ပေးပါတယ်။ အထက်ပါအတိုင်း အပျိုကြီးစစ်စစ် ရောဂါပါပဲခင်ဗျ။
…
…
(၇) Polycystic ovarian syndrome သားဥအိမ်အတွင်း ရေအိတ်ငယ်လေးများတည်ခြင်းရောဂါကို ကုသရာမှာလည်း c.o.c pills က ကုသမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ပါဝင်ပါတယ်။
…
…
(၈) Endometriosis (ectopic endometrium) ရာသီသွေးများ သားအိမ်အတွင်းမှာတင်မက သားအိမ်ပြင်ပတွင်ပါ ဖြစ်ပေါ်သောရောဂါ (ရာသီပေါ်စဉ် အလွန်နာကျင်သော ဝေဒနာ ခံစားရပါသည်) ကို ကုသရာတွင်လည်း c.o.c pills က ကုသမှု တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ပါသည်။
…
…
(၉) အရေးပေါ်အခြေအနေအရ သဘာဝအတိုင်းရာသီလာမည့်ရက်ကို နောက်ဆုတ်စေရန် အတွက်လည်း အသုံးပြုနိုင်ပါသည်။ (ဒီအတွက် ဆောင်းပါး သီးသန့်ရေးပေးပါမယ်)
ကျန်တာတွေကတော့ မမှတ်မိတော့ဘူးဗျာ။
ဆက်လက်ဖေါ်ပြပါမည်….။
ဒေါက်တာဝသုန်
အထူးကုဆရာဝန်တစ်ဦး
လွတ်မြောက်နယ်မြေတစ်နေရာ
..
..
❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.