“ အသုံးများကြသည့် မဟော်မုန်းနှစ်မျိုး ပေါင်းစပ်ထားသော သန္ဓေတား သောက်ဆေးအကြောင်း”

Combined oral contraceptive pills (c.o.c pills)

မြှားကဒ်၊ နေ့စဉ်သောက်ရသော သန္ဓေတား သောက်ဆေးကဒ်ဟု လူသိများပါသည်။ ဈေးကွက်အတွင်း အလွယ်တကူ ဝယ်ယူရရှိနိုင်သော တံဆိပ်များမှာ marvelon 28, Sure (စိတ်ချ), Ok စသည်တို့ဖြစ်သည်။ တစ်တန်းလျှင် ဆေးလုံး ၇ လုံးပါအတန်း ၄ တန်း၊ စုစုပေါင်း ဆေးလုံး ၂၈ လုံးပါ ဆေးကဒ်များအဖြစ် လာပါသည်။

အပေါ်သုံးတန်း စုစုပေါင်း ၂၁ လုံးသည် ဟော်မုန်းဆေးများဖြစ်ပြီး အဖြူရောင်ဆေးလုံးများအဖြစ် လာပါသည်။ အောက်ဆုံးတန်း ဆေး ၇ လုံးသည် သံဓာတ်အားဆေးဖြစ်ပြီး အချို့တံဆိပ်များတွင် အနီရောင်၊ အချို့တွင် အပေါ်သုံးတန်းပါ ဆေးလုံးများထက် အရွယ်သေးငယ်သော အဖြူရောင်ဆေးလုံးများဖြင့် လာပါသည်။

ပါဝင်သော မဟော်မုန်းနှစ်မျိုးမှာ အီစထရိုဂျင် ( estradiol) နှင့် ပရိုဂျက်စတီရုန်း (progesterone) တစ်မျိုးမျိုး ဖြစ်ပါသည်။ တံဆိပ်တစ်ခုနှင့်တစ်ခု ပါဝင်သော ပရိုဂျက်စတီရုန်း အမျိုးအစား မတူညီကြပါ။ (ထို့ကြောင့် အချို့အမျိုးသမီးများ ဤတံဆိပ်ဖြင့်သာ အဆင်ပြေသည်၊ အခြားတံဆိပ် အဆင်မပြေပါ ဖြစ်တတ်ကြပါသည်။ ကိုယ်နှင့် အဆင်ပြေ နှစ်သက်ရာတံဆိပ်ကို ရွေးချယ်အသုံးပြုနိုင်ပါသည်)

၎င်းတို့၏ ကိုယ်ဝန်တားပုံမှာ . . .

• မမျိုးဥကြွေခြင်းကို တားဆီးပေးသည်။

• အကယ်၍ မမျိုးဥ ကြွေခဲ့ပါကလည်း ၎င်းကို သုက်ပိုးများနှင့်မတွေ့အောင် တားဆီးပေးသည်။

• အကယ်၍ မမျိုးဥကြွေ၊ သုက်ပိုးနှင့်တွေ့ဆုံပေါင်းဖက်သွားပါကလည်း သန္ဓေခဲလေး သားအိမ်နံရံတွင် တွယ်ကပ်ပြီး ကိုယ်ဝန်မတည်နိုင်အောင် တားဆီးပါသည်။

ဤကဲ့သို့ အဆင့်ဆင့် တားဆီးပိတ်ဆို့သည် ဖြစ်သည့်အတွက် မှန်မှန်ကန်ကန်၊ တိတိကျကျ၊ လမ်းညွှန်သည့်အတိုင်းသာ လိုက်နာသောက်သုံးမည်ဆိုပါက ကိုယ်ဝန်တားနိုင်စွမ်း အလွန်မြင့်ပါသည်။ C.O.C pills တို့၏ Pearl ‘s index သည် တစ်နှစ်အတွင်း အတွဲတစ်ရာလျှင် တစ်တွဲအောက်သာ ကိုယ်ဝန်ရနိုင်ပါသည်။

မမျိုးဥ မကြွေစေရန် ဘယ်လိုတားသလဲ… ရှင်းပါအံ့။

ခန္ဓာကိုယ်၏ အပေါ်အောက် အပြန်အလှန်အမိန့်ပေးမှု၊ ပြန်လည်သတင်းပို့မှု ဖြစ်စဉ်ကို ပုံမှားဝင်ရောက် သပ်လျှိုလိုက်ခြင်း ဖြစ်ပါသည်။ ယခင်ပိုစ့်များတွင် ရှင်းပြခဲ့ပြီး ဖြစ်ပါသည်။ ဦးနှောက်နှင့် ဦးနှောက်အောက်အကျိတ်တို့မှ GnRH and FSH ဟော်မုန်းများထုတ်ပြီး သားဥအိမ် (ovary) ကို အမိန့်ပေးသည်။ ထိုအမိန့်အရ သားဥအိမ်အတွင်းမှ follicle များ ကြီးထွားလာပြီး မမျိုးဥကြွေသည်။ အခြွေအရံ အတွင်းလွှာမှ အီစထရိုဂျင် ထွက်သည်။ အီစထရိုဂျင်မှ အထက်သို့ ပြန်လည်သတင်းပို့သည့်အတွက် အထက်မှ အမိန့် FSH များ ဆက်မထွက်တော့ဟု ရှင်းပြခဲ့ပါသည်။ ဤနေရာတွင် ဝင်ရောက်သပ်လျှို ပုံမှားရိုက်ခြင်းဖြစ်သည်။

ပါးစပ်မှသောက်လိုက်သော အီစထရိုဂျင်များက GnRH, FSH များမထွက်အောင် အထက်ကိုသွားပိတ်ပါသည်။ Follicle များမကြီးထွားတော့ပါ။ မမျိုးဥမကြွေတော့ပါ။ ကိုယ်ဝန်မရနိုင်တော့ပါ။

….

မမျိုးဥကြွေခဲ့ပါကလည်း သုက်ပိုးများနှင့် မတွေ့ဆုံအောင်တားသည်… ဘယ်လိုတားသလဲ။

သဘာဝဖြစ်စဉ်တွင် follicle များကြီးထွားချိန်တွင် အီစထရိုဂျင် ထုတ်သည်။ မမျိုးဥကြွေသည်။ ထို့နောက်မှ ပရိုဂျက်စတီရုန်း ဆက်ထုတ်သည်။ ခုပါးစပ်မှ သောက်လိုက်သော ဆေးလုံးထဲတွင် ဟော်မုန်းနှစ်မျိုးစလုံး တစ်ပြိုင်နက်တည်း ပါဝင်သည်။ ပရိုဂျက်စတီရုန်းကြောင့် သားအိမ်ခေါင်း၊ သားအိမ်လည်တံအတွင်းတွင် အလွန်စေးပျစ်သော အကျိအချွဲများကို ဖြစ်စေသည်။ အမျိုးသားထံမှ မွေးလမ်းကြောင်းအတွင်း ထည့်ပေးလိုက်သော သုက်ပိုးများသည် ဤအကျိအချွဲများကို ထိုးဖောက်၍ အထက်တက်လာရန် ခက်ခဲသည်။ မမျိုးဥနှင့် မတွေ့နိုင်။ ကိုယ်ဝန်မရနိုင်။

အထက်ပါနှစ်ဆင့်လုံး လွတ်သွားပြီး မမျိုးဥကြွေ၊ သုက်ပိုးနှင့် တွေ့ဆုံပေါင်းဖက်ခဲ့ပါက သန္ဓေခဲလေး သားအိမ်နံရံတွင် မတွယ်အောင် ဘယ်လိုတားသလဲ။

သဘာဝဖြစ်စဉ်တွင် အီစထရိုဂျင်ဖြင့် သားအိမ်အတွင်းနံရံကို ထူထဲလာစေပြီးမှ ပရိုဂျက်စတီရုန်းက နောက်ကလိုက်၍ စိုအိစေပါသည်။ ခု ဟော်မုန်းနှစ်မျိုးစလုံး တစ်ပြိုင်တည်းပေးလိုက်သောအခါ သားအိမ်နံရံမှာ ထူထဲရမလား စိုအိရမလား ဘာလုပ်ရမှန်းမသိဖြစ်ပြီး သန္ဓေခဲလေး ရောက်လာပါက ကောင်းစွာလက်မခံနိုင်ဖြစ်ရသည်။ ကိုယ်ဝန်မရနိုင်။

ဤလောက်ဆိုလျင် c.o.c pills များ၏ အလုပ်လုပ်ပုံကို နားလည်လောက်ပြီထင်ပါသည်။

ဘယ်လိုသောက်ရမလဲ။ ဘယ်နေ့စသောက်ရမလဲ။ ဘယ်လိုလူတွေ သောက်သင့်လဲ။ ဘယ်လိုလူတွေ မသောက်သင့်ဘူးလဲ… ဆက်သွားကြမယ်နော။

• ကိုယ်ဝန်တားဖို့လိုအပ်တဲ့၊ ကိုယ်ဝန်လွယ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ (Abstainer)

• တစ်ခါမှ ကိုယ်ဝန်မဆောင်ဖူးတဲ့ (ကိုယ်ဝန်လိုချင်တဲ့အခါ မြန်မြန်ပြန်ရချင်တဲ့)

• နေ့စဉ်ဆေးသောက်ရမှာ မပျင်း၊ မမေ့တတ်တဲ့

• ဆေးလိပ်မသောက်တတ်တဲ့

• အသက် ၃၅ နှစ်အောက်

အမျိုးသမီးများအတွက် သင့်တော်ပါတယ်။

• နို့တိုက်မိခင်များ

• နေ့စဉ်ဆေးသောက်ပျင်းသူ၊ မေ့တတ်သူ abstainer များ

• ဆေးလိပ်သောက်သူ အမျိုးသမီးများ

• အသက် ၃၅ နှစ်အထက် အမျိုးသမီးများ

• သွေးကြောအတွင်း သွေးခဲ သွေးကြောပိတ်ရောဂါရှိသူများ

• အသည်းရောင်အသားဝါ ရောဂါရှိသူများ မသောက်သင့်ပါ။

.

ဘယ်နေ့ စသောက်မလဲတဲ့။

ထိုးဆေးနဲ့ လက်မောင်းအရေပြားအောက်ထည့် ဆေးတောင့် သုံးထားသူများအနေနဲ့ (သုံးထားတဲ့ဆေး သက်တမ်းကုန်လို့ ဒီသောက်ဆေး ပြောင်းချင်ရင်) ဆေးသက်ကုန်တဲ့နေ့က စသောက်ပါ။ ကာကွယ်မှု အပြည့်ပေးပါတယ်။

ဘာကိုယ်ဝန်တားဆေးမှ မသုံးဘဲ ဒီသောက်ဆေးကို ပထမဆုံး စသောက်မည့်သူများ

• ရာသီစပေါ်သောနေ့ (သို့) နောက်တစ်နေ့ စသောက်ပါ။ ကာကွယ်မှု အပြည့်ပေးပါတယ်။

• ၎င်းနေ့များတွင် စတင်မသောက်နိုင်ခဲ့ပါကလည်း မည်သည့်နေ့တွင်မဆို စသောက်နိုင်ပါသည်။ ဤသို့ဆိုပါလျှင်မူ ဆေးစသောက်သော ပထမ ၇ ရက် (တစ်ပတ်) မကာကွယ်ပါ။

• ၎င်းတစ်ပတ်တွင် အတူမနေဘဲ ရှောင်ခြင်း (သို့) condom ကို စနစ်တကျအသုံးပြုခြင်း တစ်ခုခု တွဲဖက်ရပါမည်။

• ဆေးသောက် တစ်ပတ်ကျော်မှ အပြည့်အဝ ကာကွယ်ပါမည်။

.

ဘယ်လိုသောက်မလဲတဲ့။

ဆေးကဒ်၏ နောက်ကျောဘက်ကို ကြည့်လိုက်ပါခင်ဗျ။ စသောက်ရမည့် ဆေးလုံးလေးကို အမှတ်အသားပြထားပါသည်။ ၎င်းဆေးလုံးမှစ၍ မြှားပြထားသည့်အတိုင်း တစ်နေ့တစ်လုံး မှန်မှန်သောက်ပါ။ ညအိပ်ရာဝင်ချိန် သောက်ကြသည်က များပါသည်။ ဥပမာ ည ၉ နာရီထိုးတိုင်း အတိအကျ သောက်နိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။ နာရီအနည်းငယ် နောက်ကျလျှင်သော်မှ မကောင်းပါ။ မိမိ အဖော်နှင့် လေးငါး ဆယ်ရက် ခွဲနေခဲ့ရလျှင်တောင်မှ အမျိုးသမီးမှာ ညစဉ်ဆေးသောက် ကျန်ခဲ့ရမည် ဖြစ်ပါသည်။ ဆေးကဒ် အောက်ဆုံးတန်း သုံး လေးလုံးမြောက်ကို ရောက်လျှင် ရာသီသွေးပေါ်ပါမည်။ ဆေးကဒ်ကုန်အောင် ဆက်သောက်ပါ။ တစ်ကဒ်လုံးကုန်သွားလျှင် နောက်တစ်ကဒ်ကို စသောက်ရမည့် ဆေးလုံးမှစသောက်ပါ။ ရာသီပြီးသွားပါလိမ့်မည်။

ဆေးကဒ် တစ်ခုနှင့် တစ်ခုကြား ရက်မခြားရပါ။ ကိုယ်ဝန် မလိုချင်သေးသမျှ ကာလပတ်လုံး ပျက်ရက်မရှိ ဆေးကဒ် တစ်ကဒ်ပြီးတစ်ကဒ် ဆက်တိုက်သောက်ရပါမည် ခင်ဗျ။ ဆေးမသောက်ရမည့်နေ့ လုံးဝ မရှိပါခင်ဗျ။

အကြောင်းတစ်ခုခုကြောင့် အခြားဆေးတစ်မျိုးမျိုး စွဲသောက်နေရသူများနှင့် နေမကောင်းသောကြောင့် အခြားဆေးတစ်မျိုးမျိုးကို ထပ်တိုးသောက်သုံးရချိန် ဤ c.o.c pills ကိုသုံးပါက ကိုယ်ဝန်တားနိုင်စွမ်း လျော့ကျခြင်း ဖြစ်နိုင်ခြေရှိသည့်အတွက် နီးစပ်ရာ သားဖွား၊မီးယပ် အထူးကုဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ (အထူးသဖြင့် တီဘီဆေး၊ ဝက်ရူးပြန် အတက်ရောဂါ ကာကွယ်ဆေးစွဲသောက်နေရသူများ c.o.c pills ကိုသုံးပါက ကိုယ်ဝန်တားနိုင်စွမ်း လျော့ကျစေနိုင်ပါသည်)

နေမကောင်းဖြစ်သောကြောင့် ပဋိဇီဝဆေး (antibiotic) အရပ်အခေါ် မန်းဆေး၊ ပိုးသတ်ဆေးတစ်မျိုးမျိုးကို ရက်တို (သုံးရက်မှ ၇ ရက်ကြာ) သောက်ရပါကလည်း c.o.c pills တို့၏ ကိုယ်ဝန်တားနိုင်စွမ်း ကျတတ်ပါသည်။ ထို့ကြောင့် ဆရာဝန်နှင့် သေချာတိုင်ပင်ပါ။ အချို့သော ပဋိဇီဝပိုးသတ်ဆေးများ သောက်သုံးရချိန် c.o.c pills ကို ဆက်သောက်နေရမည် ဖြစ်သော်လည်း မန်းဆေး/ပိုးသတ်ဆေး စသောက်သောနေ့မှစ၍ တစ်ပတ်တိတိ ရှောင်ရမည် (သို့) condom သုံးရမည် အစရှိသဖြင့် ရှိတတ်ပါသည် ခင်ဗျ။

C.o.c pills သောက်ရန် တစ်ည မေ့သွားခဲ့သည်ရှိသော် သတိရသောအချိန် နောက်တစ်နေ့မနက် သတိရလျှင်ရခြင်း မေ့သွားသောဆေးလုံးကို သောက်ပါ။ ညရောက်၍ ပုံမှန်ဆေးသောက်ရမည့်အချိန်တွင်လည်း ပုံမှန်ဆေးလုံးကို သောက်ပါ။ ဒါအားလုံးအတွက် ယေဘုယျသဘော ဖြစ်ပါသည်။

ဆေးကဒ်တွင် ၇ လုံးတန်း လေးတန်းပါသည့်အနက် မည်သည့်အတန်းတွင် မေ့သွားသည် ဟူသည်က အရေးကြီးပါသည်။

ပထမဆုံးအတန်းတွင် မေ့သွားပါက ကိုယ်ဝန်ရရန် ဖြစ်နိုင်ခြေ များပါသည်။ အထက်ဖော်ပြပါ ယေဘုယျသဘောအပြင် တစ်ပတ်ရှောင်ခြင်း (သို့) condom တစ်ပတ်သုံးခြင်း ပြုရပါမည်။

ဒုတိယအတန်းတွင်မေ့ပါက ယေဘုယျသဘောအတိုင်းပါပဲဗျ။ နောက်ထပ်ဘာမှမလိုပါ။

တတိယအတန်းတွင်မေ့ပါက ယေဘုယျသဘောအပြင် နောက်ထပ်က တတိယအတန်းကို ကုန်အောင်သောက်ပါ။ ပြီးလျှင် စတုထ္ထအတန်းကို ကျော်လိုက်ပါ။ တတိယအတန်းပြီးတာနဲ့ နောက်ကဒ်အသစ်ရဲ့ ပထမအတန်း ပထမဆုံးအလုံးကနေ စသောက်ပါ။ အဲဒီလအတွက် ရာသီမလာတော့ဘူးပေါ့။

စတုတ္ထအတန်းတွင် မေ့ပါကလည်း ယေဘုယျသဘောအတိုင်းပါပဲဗျ။ နောက်ထပ်ဘာမှမလိုပါ။

c.o.c pills အကြောင်းကိုပဲ ရေးရရင် မကုန်သေးဘူးဗျ။

Non- contraceptive benefits of c.o.c pills ဆိုတာ ရှိသေးတယ်။ သားဆက်ခြားခြင်းအပြင် အခြားရရှိနိုင်သော အကျိုးကျေးဇူးများပေါ့။ c.o.c pills ကို တစ်ခါတစ်ရံ အပျိုစစ်စစ်တွေကိုလည်း ပေးလို့ရတာတွေရှိပါတယ်။

ဆက်လက်ဖေါ်ပြပါမည်။

.

ဒေါက်တာဝသုန်

အထူးကုဆရာဝန်တစ်ဦး

လွတ်မြောက်နယ်မြေတစ်နေရာ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here