လျော့ထိုင်ကြရအောင်

0
236

ခုခံအားကျဆင်းမှုကူးစက်ရောဂါပိုး (HIV) နဲ့ အဲဒီရောဂါကို ကုသတဲ့ဆေး (ART) အကြောင်းတွေကို ရေးနေကျကနေ ဒီတစ်ခါတော့ အထွေထွေ ကိုယ်လက်လှုပ်ရှားအားကစားနဲ့ လေ့ကျင့်ခန်းအကြောင်းလေးတွေကို ရေးပါ့မယ်နော်။ ART၊ HIV နဲ့ပတ်သတ်ပြီး မေးစရာ တိုင်ပင်စရာတွေ ရှိလာရင်တော့ တယ်လီကျန်းမာရဲ့ TeleRed ဆေးခန်းကိုသာ ဘွတ်ကင် လှမ်းတင်ထားလိုက်ပါ။ စာကမရေးရသေးဘူး၊ ကြော်ငြာကအရင်ဝင်တယ် ဒီဆရာဝန်။ ????

ဒါဆိုရင် အထိုင်များတဲ့အကြောင်းနဲ့ ပတ်သက်ပြီး စလိုက်ကြရအောင်….

ကိုဗစ်ကာလနဲ့ ကိုဗစ်အလွန်ကာလမှာ အိမ်ကနေပဲ အလုပ်လုပ်ရတဲ့သူအ‌ရေအတွက်ဟာ များလာသလို လုံခြုံရေးနဲ့ အခြေအနေ အကြောင်းအမျိုးမျိုးအရ အိမ်တွင်းပဲအောင်းပြီး ထိုင်ရတာများတဲ့သူတွေ တိုးလာတာကို လိုက်ရေကြည့်စရာတောင် မလိုဘူးထင်ပါတယ်နော်။ တယ်လီကျန်းမာအွန်လိုင်းဆေးခန်းကနေ လူနာကြည့်ပေးနေတဲ့ ဆရာဝန်တွေ၊ လူနာတွေကို ကူညီပေးနေတဲ့ အရေးပေါ် ဟော့လိုင်း (Hotline) နဲ့ မက်ဆင်ဂျာ (Messenger) က တာဝန်ကျ ဆရာ၊ ဆရာမတွေကိုပဲ အရင်မေးကြည့်ရင်တောင် အထိုင်များ‌နေတယ်ဆိုတာကို ပြောပြကြမှာပါ။ ????

.

ဘာလုပ်ရမယ် ဘာညာမပြောခင် ပုံပြင်လေး အရင်စပြောရမယ်ဆိုရင် အထိုင်များတာနဲ့ ကျန်းမာရေးမညီညွတ်တာကြားက ဆက်စပ်မှုကို သုတေသနပညာရှင်တွေက ၁၉၅၀ ဝန်းကျင် ဘတ်စ်ကားမောင်းသူတွေမှာ စပြီးသတိထားမိကြတာပါ။ ဘတ်စ်ကားမောင်းသူတွေက သူတို့ရဲ့ကားအကူ (ကားစပယ်ယာ) တွေနဲ့ယှဉ်ရင် နှလုံးဖောက်တာ (Heart attack) ၂ ဆလောက် ပိုအဖြစ်များတာကို တွေ့ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ ကားမောင်းသူတွေက သူတို့ တစ်နေ့တာ အလုပ်ချိန်ရဲ့ ၉၀% ကျော်လောက်ကို ထိုင်လျက်လုပ်ရပြီး ကားအကူ (စပယ်ယာ) တွေအတွက်ကျတော့ တစ်နေ့တာအလုပ်ချိန်ဟာ လှေကားထစ် ၆၀၀ ကို အတက်အဆင်းလုပ်ရတာနဲ့ သွားတူနေလို့ ဖြစ်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု နည်းတာကြောင့် ကျန်းမာရေးထိခိုက်တာကို ကာကွယ်ဖို့ရာ…

– တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ လောက် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးဖို့နဲ့

– အထိုင်များတာကိုလျှော့ဖို့ အရေးကြီးပါတယ်။

ဒီနေရာမှာ မိနစ် ၁၅၀ လေ့ကျင့်ခန်းလုပ်ဖို့အ‌ကြောင်းကို နောက်ရက်မှ ထပ်ရှင်းပြမှာမို့ အထိုင်များတာကို လျှော့ဖို့ကိုပဲ အရင်ပြောပြပါရစေနော်။

ဘာဖြစ်လို့လဲဆိုတော့ ဟိုး….လောင်းလောင်းအဂိုး၊ ရှေးရှေးတုန်းက ကိုယ်လက်လှုပ်ရှားဖို့ တိုက်တွန်းကြတာတွေမှာ ဒီအထိုင်များတဲ့ကိစ္စကို သိပ်အာရုံမရှိကြဘဲ တစ်နေ့ကို ဘယ်နှမိနစ် လေ့ကျင့်ခန်းလုပ်ရင်ရပြီ ဆိုတာကိုပဲ ဦးစားပေးပြောကြတာကိုး။ ဒါပေမယ့် လေ့ကျင့်ခန်း ပုံမှန်လုပ်နေသူဖြစ်ပါစေ။ အထိုင်များတာကို မလျှော့ရင် ကျန်းမာရေးအတွက် ထိခိုက်နိုင်တာလေးတွေ ရှိနေပါသေးတယ်တဲ့။ အဲဒီတော့ “ ငါလေ့ကျင့်ခန်း ပုံမှန်လုပ်နေတာပဲ၊ များများထိုင်လည်းရပါတယ်” ဆိုတာ မမှန်ပါဘူးနော်။ တိုတိုပြောရရင် ကိုယ်လက်လှုပ်ရှားမှု နည်းနည်းရှိရှိ၊ များများရှိရှိ အထိုင်များတာက လုံးဝ မကောင်းပါဘူး။

အချိန်အကြာကြီးထိုင်ရင် ဘာတွေဖြစ်နိုင်လဲ….

အချိန်အကြာကြီးထိုင်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို နှေးကွေးစေနိုင်ပြီး သွေးတွင်းသကြားဓာတ်၊ သွေးပေါင်ချိန်နဲ့ အဆီချေဖျက်နိုင်မှုတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ သုတေသန လေ့လာတွေ့ရှိချက်တွေအရ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းနဲ့ အဝလွန်ခြင်း၊ ရှိသင့်တဲ့ ခန္ဓာကိုယ်အလေးချိန်ထက် ပိုများနေခြင်းတို့ဟာ ဆီးချိုအမျိုးအစား-၂ (Type 2 Diabetes)၊ အချို့သော ကင်ဆာရောဂါများဖြစ်ပွားနှုန်းနဲ့ စောစီးစွာသေဆုံးရတာ စတာတွေနဲ့ ဆက်စပ်မှုတွေရှိပါတယ်။ ဒါတင်မကဘဲ အထိုင်များခြင်းဟာ ကြွက်သားတွေနဲ့ အရိုးအဆစ်တွေကိုလည်း အားနည်းစေနိုင်ပါတယ်တဲ့။

ဒီမှာ မေးစရာရှိလာတာက တစ်ရက်ကို ဘယ်လောက်ကြာအောင် ထိုင်နေမိကြသလဲဆိုတာပါပဲ….

ဗြိတိသျှနိုင်ငံ (UK) က စစ်တမ်းတွေအရ အရွယ်ရောက်ပြီးလူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်ရက်ကို ၉ နာရီဝန်းကျင်လောက် ထိုင်တတ်လေ့ရှိပါတယ်တဲ့။ ကျွန်မတို့ရဲ့ ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံမှာဆိုရင်တော့ (ခုဆို ဟိုအာဏာရူးကြောင့် ဖွံ့ဖြိုးဆဲမတိုင်ခင် အခြေအနေကိုတောင် ပြန်ရောက်နေပါပြီ) ဒီလောက်အချိန်မများနိုင်ပေမယ့်လည်း လှုပ်ရှားမှုတွေနည်းနေကြမှာတော့ ငြင်းမရလောက်ဘူးထင်ပါတယ်။ အထိုင်များတယ်ဆိုတာဟာ စာကြည့်စားပွဲရှေ့ကထိုင်ခုံနဲ့ အိမ်ရှေ့ခန်းက ဆက်တီခုံတွေပေါ်မှာပဲ ထိုင်တာကို ပြောတာမဟုတ်ပါဘူးနော်။ နေ့စဉ် တီဗီကြည့်ချိန်တွေ၊ ကွန်ပျူတာလက်တော့ (Laptop) သုံးချိန်တွေ၊ စာအုပ်ဖတ်ချိန်၊ (ကျောင်းသားကျောင်းသူတွေဆို) အိမ်စာလုပ်ချိန်၊ စာသင်ချိန်၊ ကား၊ ရထားသုံးပြီး ခရီးသွားချိန်တွေအကုန်လုံး ပါဝင်ပါတယ်တဲ့။ အဲ….အိပ်ချိန်တော့မပါပါဘူး။ အဲဒီတော့ အိပ်ရေးဝအောင်တော့ စိတ်ချလက်ချ အိပ်ကြပါ။ နိုးလာမှ တောက်လျှောက်လှုပ်ကြတာပေါ့။

ဒါဆို ဘယ်လိုလှုပ်ကြမလဲ….

“များများလှုပ်၊ နည်းနည်းထိုင်ပါ”

အထိုင်လျှော့ပါဆိုလို့ တစ်နေ့ဘယ်နှနာရီပဲ ထိုင်ရမလဲလို့ လာမေးရင်တော့ ကျွန်မမှာရော၊ ကမ္ဘာနဲ့အဝှမ်းက သုတေသနလုပ်နေတဲ့သူတွေဆီမှာပါ အတိအကျဖြေဖို့ အဖြေမရှိသေးပါဘူး။ ဒါပေမယ့် လုပ်လို့ရတာလေးတွေတော့ ရှိပါတယ်။ ကြာကြာထိုင်ရမယ့် အချိန်တွေက ဆက်တိုက်ဖြစ်နေမယ်ဆိုရင် ကြားထဲမှာ နားချိန်တွေထည့်ပြီး ထထလှုပ်တာမျိုးလေးတွေပေါ့။ ကွန်ပျူတာ ဒါမှမဟုတ် ဖုန်းရှေ့မှာ တစ်နာရီ အလုပ်လုပ်ပြီး နာရီဝက်စီ ပတ်ပြေးခိုင်းတာတော့ မဟုတ်ပါဘူးနော်။ ပေါ့ပါးတဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အချိန်တိုလေးတွေကို အထိုင်များချိန်တွေကြားထဲမှာ ထည့်ပြီးလုပ်ပေးရတာမျိုးပါ။ ကလေးတွေမှာဆိုရင်တော့ Screen time လို့ခေါ်တဲ့ ဖုန်း၊ တက်ဘလက် (Tablet) နဲ့ ကွန်ပျူတာတွေရဲ့ မျက်နှာပြင်ကို ကြည့်ချိန်၊ ဂိမ်းဆော့ချိန်တွေကို တစ်နေ့ တစ်နာရီကနေ နှစ်နာရီအတွင်းပဲ သုံးဖို့ သတ်မှတ်ပေးရင် အသက်ငယ်ငယ်နဲ့ အထိုင်များတဲ့ကိစ္စကို လျှော့ချပြီးသား ဖြစ်သွားမှာပါ။

လူကြီးတွေအတွက်ဆိုရင်ရော အထိုင်လျှော့ဖို့ နည်းလမ်းတွေ ရှိသလား….

ဟုတ်ကဲ့ ရှိပါတယ်နော်။ ကလေးမဟုတ်တော့တဲ့ ၁၈ နှစ်နဲ့အထက် လူကြီးတွေမှာတော့ အလုပ်မှာပဲဖြစ်ဖြစ်၊ တစ်နေရာကနေ တစ်နေရာကို သွားလာတာပဲဖြစ်ဖြစ် တစ်နေကုန် အထိုင်များတာကို လျှော့ချနိုင်ဖို့ လုပ်လို့ရတာလေးတွေကို ပြောပြပါရစေ….

– ကားနဲ့ ရထားပေါ်မှာ ထိုင်ခုံယူပြီး ထိုင်မယ့်အစား မတ်တပ်ရပ်ပြီး စီးသွားတာ (ကိုယ်က ကျန်းမာတဲ့သူဆိုရင် သက်ကြီးရွယ်အိုတွေနဲ့ အခြားလိုအပ်တဲ့သူတွေလည်း နေရာရပြီးသား ဖြစ်တာပေါ့)

– ဓာတ်လှေကား၊ စက်လှေကားအစား ရိုးရိုးလှေကားကိုပဲသုံးတာ (၇ ထပ်ကိုသွားရမှာမို့လို့ ၇ ထပ်လုံး မတက်ချင်ဘူးဆိုရင် အနည်းဆုံး ၂ ထပ်၊ ၃ ထပ်လောက်ကနေမှ ဓာတ်လှေကား စစီးတာမျိုး)

– မိနစ် ၃၀ တစ်ခါ ထပြီးလမ်းလျှောက်ဖို့ ဖုန်းမှာ နှိုးစက် (Alarm) ပေးထားတာ (စာရေးသူကျွန်မကိုယ်တိုင်လည်း တကယ်လုပ်ပါတယ်၊ လူနာတွေကြည့်ရင်း အရှိန်လွန်သွားတတ်လွန်းတော့ ထဖို့တင်မက ရေသောက်ဖို့အတွက်ပါ Alarm ပေးထားဖြစ်ပါတယ်။)

– လက်တော့ (Laptop) ကို မတ်တပ်ရပ်ရင် မှီတဲ့ပုံးတွေ ဒါမှမဟုတ် မတ်တပ်ရပ် အလုပ်လုပ်လို့ရတဲ့ စားပွဲပေါ်မှာ ထားပြီး သုံးတာ (ရိုးရိုးစားပွဲခုံပေါ်မှာ ကလေးပိစိတွေ စာဖတ်တဲ့ စားပွဲသေးသေးလေးကို ထပ်လိုက်ရင်လည်း ရပါတယ်နော်။)

– အလုပ်နားချိန် (Break) ယူတိုင်း ကော်ဖီ၊ လက်ဖက်ရည်သောက်ရင်တောင် ခုံမှာထိုင်သောက်တာမျိုးမလုပ်ဘဲ လမ်းလျှောက်ရင်းသောက်တာ (အခန်းအပြင်ဘက်၊ တိုက်အောက်၊ ခြံထဲမှာ ဆင်းသောက်တာမျိုးလေးပေါ့။)

– အချို့အလုပ်တွေအတွက် တစ်ရုံးထဲ တစ်တိုက်ထဲ လုပ်ဖော်ကိုင်ဖက်တွေကို အီးမေး (Email) ပို့၊ ဖုန်းဆက်တာအစား လူကိုယ်တိုင်သွားပြီး စကားပြောတာ၊ ဆက်သွယ်တာ (တစ်ဖက်လူက တအားအလုပ်ရှုပ်နေတဲ့အချိန်၊ အစည်းအဝေးလုပ်နေချိန် အတင်းကြီး စကားသွားပြောရင်တော့ ဆူခံရနိုင်တယ်နော်။ အခြေအနေအရပေါ့။)

– တီဗွီကြည့်ချိန်၊ ဇာတ်လမ်းတွဲကြည့်ချိန်တွေကို ကိုယ်ဝါသနာပါတဲ့ အလုပ်လေးတွေနဲ့ အစားထိုးတာ (လေ့ကျင့်ခန်းတွေ လုပ်ရင်း၊ ပြေးစက်တွေပေါ်ပြေးရင်း ရုပ်ရှင်ကြည့်တတ်တဲ့ သူငယ်ချင်းတစ်ယောက်ကိုတောင် ပြန်သတိရသွားမိပါတယ်။)

– ကိုယ့်အိမ်လေးမှာ မြေကြီးနေရာ ကွက်လပ်ရှိတဲ့သူက ပန်းပင်၊ ပျိုးပင်စိုက်တာ။

– အိမ်သန့်ရှင်းရေးလုပ်ရင်း သီချင်းနားထောင်တာ စသဖြင့်ပေါ့လေ။

တကယ်လို့ ကိုယ်နားထောင်ချင်တဲ့ အကျိုးရှိမယ့် ရုပ်မပါတဲ့ အသံဖိုင် (Podcast) လေးတွေ၊ စာအုပ်တွေကို နားထောင်လို့ရအောင် ဖတ်ပြထားပေးတဲ့ (Audio books) တွေကို လမ်းလျှောက်ရင်း နားထောင်တာမျိုးဆိုရင် တစ်ချက်ခုတ် ၂ ချက် ပြတ်တာပေါ့။

Youtube က တော်လှန်ရေးနဲ့ ပတ်သက်တဲ့ Podcast တွေ Audiobook တွေကို နားထောင်ရင်း ကိုယ်လက်လှုပ်ရှားတာဆိုရင်တော့ တစ်ချက်ခုတ် ၃ ချက်လောက်ပြတ်တာ ဖြစ်သွားပါပြီနော် ????

ဒီနေရာမှာ တစ်ခုပြောပြချင်တာက ကျန်းမာရေးကြောင့် မဖြစ်မနေထိုင်နေရတဲ့ သူတွေအနေနဲ့ကတော့ ဘယ်လို အထိုင်နည်းအောင်လုပ်တာက အသင့်တော်ဆုံးဖြစ်မလဲဆိုတာနဲ့ ဘယ်လေ့ကျင့်ခန်းတွေက ကိုယ့်အတွက်အကောင်းဆုံး ဖြစ်နိုင်မလဲဆိုတာတွေကို ကိုယ့်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ သေချာတိုင်ပင်‌ ဆွေးနွေးသင့်ပါတယ်။ အခု‌ဆောင်းပါးလေးကတော့ လှုပ်လို့ရရဲ့သားနဲ့ မလှုပ်ဖြစ်နေတဲ့သူတွေကို လှုပ်ဖို့သတိရသွားအောင် ရည်ရွယ်ပြီး ရေးလိုက်ရတာပါ။

ကဲ ကဲ…. ဒီဆရာမ အရမ်း စကားများတယ် မပြောကြခင် ဒီနေ့တော့ ဒီလောက်မှာပဲ ဖြတ်လိုက်ပါမယ်နော်။ တယ်လီကျန်းမာက စာဖတ်ပရိသတ်တွေလည်း တစ်နေ့ကို ပျမ်းမျှ ဘယ်လောက်၊ ဘယ်နှနာရီ ထိုင်ဖြစ်နေကြတယ်ဆိုတာလေးတွေကို ကွန်မန့်ထဲမှာ မျှဝေပေးကြပါဦး။

နေကောင်းကျန်းမာ စိတ်ချမ်းသာကြပါစေ။

-ဒေါက်တာမာယာ-

#TLKM_PhysicalActivity

Reference

https : // www . nhs . uk /live-well/exercise/why-sitting-too-much-is-bad-for-us/

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here