သားဆက်ခြားနည်း နောက်တစ်နည်းဖြစ်တဲ့ အမျိုးသားလိင်တံအစွပ် Condom အသုံးပြုနည်းအကြောင်း (Barrier Method) ပြောကြရအောင်နော်။

သမိုင်းကို ပြန်လှန်ကြည့်ရမယ်ဆိုရင် condom ဆိုတာ BC 300 လောက်ကတည်းက ပေါ်ခဲ့တာတဲ့။ စပေါ်ခါစက သိုးတွေ၊ ဆိတ်တွေရဲ့ ဆီးအိမ်၊ အူသိမ်စသည်တို့ဖြင့် ပြုလုပ်ခဲ့ကြပါတယ်တဲ့။ အဲဒီအချိန်ကတည်းက လိင်မှတစ်ဆင့်ကူးစက်သော ရောဂါများကို ကာကွယ်ရန်နှင့် ကိုယ်ဝန်တားရန် ရည်ရွယ်ချက်နှစ်ခုစလုံးဖြင့် အသုံးပြုပါတယ်တဲ့။ AD ၁၇ ရာစုခန့်မှာတော့ ရာဘာကို စတင်ပြောင်းလဲ အသုံးပြုခဲ့ကြပါတယ်တဲ့။

Condom ကို ပြင်သစ်တွေက English Raincoat လို့နောက်ပြောင်ခေါ်ကြပြီး အင်္ဂလိပ်တွေက French Leather လို့ နောက်ပြောင်ခေါ်ကြပါတယ်တဲ့။ Dr Alexander Fleming က ပင်နယ်စလင် ပိုးသတ်ဆေး (Penicillin) ကို ရှာမတွေ့မီကာလက လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်သောရောဂါတစ်ခုဖြစ်တဲ့ ဆစ်ဖလစ် (Syphilis) ရောဂါဟာ သားစဥ်မြေးဆက်အထိ ဒုက္ခပေးတဲ့ရောဂါပေါ့။ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ် အတွင်းမှာတော့ condom ကို စစ်သားများ ဆစ်ဖလစ် ကူးစက်မခံရစေရန် မဟာမိတ်တပ်များဘက်ကရော ဂျာမဏီဘက်ကပါ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြရပါတယ်တဲ့။ စစ်ပွဲမှာ ဒဏ်ရာရတာထက် ဆစ်ဖလစ်ကိုက်ခံရတဲ့ စစ်သားကပိုများနေလို့ပါတဲ့ ????။

ဆစ်ဖလစ်ရောဂါကို မြန်မာပြည်မှာ အင်္ဂလိပ်အပြေး ဂျပန်အတက်ခေတ်မှာ “ အချစ်နတ်သမီးရောဂါ” လို့ ခေါ်တယ်လို့ ဆရာခက်ဇော်ရေးတဲ့ The Guys Of Rangoon ထဲမှာ အတိအကျရေးထားတာတော့ မှတ်မိတယ်။ (1930)

ဆရာသော်တာဆွေလားမသိ သူ့ဝတ္ထုတစ်ပုဒ်ထဲမှာလည်း သူတို့ခေတ်ရန်ကုန်မှာ ဂျပန်မတွေ အလုပ်လုပ်တဲ့ ပြည့်တန်ဆာခန်း ရှိတယ်တဲ့။ အဲဒီမှာ ဂျပန်ဆရာဝန်လည်း ရှိတယ်တဲ့။ ပျော်ပါးဖို့လာတဲ့ ယောက်ျားတွေက ဆေးအရင်စစ်ရသတဲ့ဗျ။ ဆေးအောင်မှ ပျော်ပါးခွင့် ရပါသတဲ့။ စျေးကလည်း အကြီးဆုံးဆိုပဲ။ မြန်မာငွေတစ်ကျပ်တိတိတဲ့ဗျ ခုခေတ်ခေါ် တစ်ကြောင်းကိုလေ။

အဲဒီဂျပန်မမျိုးလေးတွေဟာ မြန်မာပြည်မှာတင်မက အခြားနိုင်ငံတွေမှာရောတဲ့။ ဘယ်တော့မှလည်း မွေးရပ်မြေဂျပန်ကို ပြန်မရောက်တော့ဘူးတဲ့။ စစ်လျှော်ကြေး စရိတ်တွေ၊ တိုင်းပြည်ပြန်လည်ထူထောင်ရေးစရိတ်တွေအတွက် ရှာရသမျှပိုက်ဆံတွေပဲ ပြန်ပို့ကြသတဲ့။

ထားပါလေ… ပြောရင်းနဲ့လိုရင်းမရောက် ဘေးရောက်သွားတယ်။ ဆိုလိုတာက condom ကို အသုံးပြုရခြင်းရဲ့ ရည်ရွယ်ချက်က လိင်မှတစ်ဆင့် ကူးစက်သောရောဂါကိုကာကွယ်ဖို့ အဓိကဖြစ်ခဲ့တာပါ။ ခုခေတ်စကားနဲ့ပြောရရင် one night stand အတွက် Club တက် Bar သွားဖို့အတွက် အရံသင့်ဆောင်သွားရတဲ့ ကျည်ကာပေါ့။ ဟိုးယခင်က condom ဝယ်လိုရင် ခိုးကြောင်ခိုးဝှက် သွားဝယ်ရတယ်။ condom ကို လက်ဝယ်ကိုင်ဆောင်ထားတာ တွေ့သွားရင်လည်း လူရှုပ်လူပွေလို့ သတ်မှတ်ခဲ့ကြတယ်။

Penicillin ပေါ်လာပြီးတဲ့နောက် ဆစ်ဖလစ်တွေ၊ ဂနို‌ရောဂါတွေကို သိပ်ကြောက်စရာမလိုတော့ချိန်မှာ condom က ခေတ္တအမေ့ခံအရာလေး ပြန်ဖြစ်သွားသေးတယ်။ ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်ဆိုတဲ့ အသိရှိသူအနည်းစုပဲ အသုံးပြုကြတယ်။ စျေးကွက်စကားနဲ့ပြောရရင် condom အတွက် demand သိပ်မများခဲ့ဘူး။

သို့သော် HIV ပိုး AIDS ရောဂါ ပေါ်လာတဲ့အချိန်မှာကျတော့ condom ရဲ့အရေးပါမှုကို တစ်ကမ္ဘာလုံးက လက်ခံခဲ့ရတယ်။ ကျွန်တော် လက်ထောက်ဆရာဝန်ဖြစ်ခါစ ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃ ခုနှစ်တွေမှာ ရာနှုန်းပြည့် condom အသုံးပြုရေးစီမံချက် (100% condom promotion project) တောင် လုပ်ခဲ့ရသေးတယ်။ ၂၀၀၃ ခုမှာ ကျွန်တော်က ချင်းပြည်နယ်မှာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှုး (မြို့နယ်ဆရာဝန်ပေါ့)။ Unicef ကထောက်ပံ့တဲ့ တစ်ဘူးကို condom ၁၂ ဒါဇင် (၁၄၄) ခုပါတဲ့ဘူးတွေကို လိုချင်သူတွေ အလွယ်တကူယူလို့ရအောင် စားသောက်ဆိုင်စားပွဲတွေပေါ်မှာ လိုက်တင်ပေးခဲ့ရတယ်။ ရန်ကုန်မှာလည်း စေတနာ့ဝန်ထမ်း တက်ကြွလူငယ်များက ကော်ဖီဆိုင်လေးတွေဖွင့်၊ စားပွဲပေါ်မှာလိုသလောက်ယူ ဘူးလိုက်ချပေးထားတဲ့ ဆိုင်လေးတွေ ဖွင့်ခဲ့ကြတယ်။

နောက်ဆုံး ဥပဒေတောင် ပြင်ပေးခဲ့ရတယ်ဗျ။ မြန်မာပြည်မှာ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုမထားဘူးလေ။ ပြည့်တန်ဆာနှိမ်နင်းရေးဥပဒေဆိုတာ ရှိတယ်။ အဲဒီမှာ ပြည့်တန်ဆာအမှုနဲ့ တရားစွဲဆိုခြင်းခံထားရသော အမျိုးသမီးလက်ဝယ်မှ သိမ်းဆည်းရမိသည့် condom ကို တရားရုံးတွင် သွယ်ဝိုက်သက်သေအဖြစ် အသုံးပြုခွင့်မရှိစေရလို့ကို ဥပဒေထုတ်ပေးရတယ်။

အခုတော့ condom သည် လိင်မှတစ်ဆင့်ကူးစက်သော ရောဂါများကို ကာကွယ်နိုင်သော တစ်ခုတည်းသော သားဆက်ခြားနည်းအဖြစ် လက်ခံနေကြပြီထင်ပါတယ်။ အိမ်ထောင်သည်များ regular partners များကြားမှာပင် သားဆက်ခြားနည်းအဖြစ် အသုံးပြုနေကြပါပြီ။ သားဆက်ခြားပုံကတော့ အမျိုးသားပြီးမြောက်ချိန်မှာ ပန်းထုတ်လိုက်တဲ့ သုက်ရည်များသည် condom ထဲတွင်သာ ရှိနေပြီး မိန်းမကိုယ်ထဲသို့ မဝင် ရောက်သွား၊ မမျိုးဥနှင့်မတွေ့၊ ဖူးစာမဆုံ ကိုယ်ဝန်မရပေါ့။

အဲဒီလိုဖြစ်ဖို့ရန်အတွက် ဂရုစိုက်ရမည့်အချက်များ ရှိပါသည်။

ပထမဆုံးအနေဖြင့် condom ကို ထုပ်ပိုးထားသောအိတ် ပေါက်ပြဲမှုမရှိ၊ ရက်လွန်ခြင်းမရှိ သေချာ‌အောင် စစ်ဆေးရပါမည်။ သေချာပြီဆိုမှ အိတ်၏အစွန်းတစ်ဖက်မှနေ၍ condom ကို မထိခိုက်အောင် သေချာဖွင့်ပြီး ယူရပါမည်။ အလေ့အကျင့်ရှိဖို့ လိုပါသည်။ အဘယ့်ကြောင့်ဆိုသော ဤအလုပ်ကို အလင်းရောင်လုံလုံလောက်လောက်မရှိသော နေရာများတွင် လုပ်ရလေ့ရှိသောကြောင့် ဖြစ်သည်။

Condom ကို စွပ်ရမည့်အချိန်သည် အမျိုးသားမှဆက်ဆံရန် အဆင်သင့်ဖြစ် ကြီးထွားထောင်မတ်နေပြီး လိင်ဆက်ဆံမှုမစမီအချိန် ဖြစ်ပါသည်။

ထိုအချိန်တွင် အထက်ပါနည်းအတိုင်း condom ကို ဂရုတစိုက်ဖောက်ပြီး ယူပါ။ အလိပ်လိုက်လေး ဖြစ်နေသော condom ၏ထိပ်တွင် နို့သီးခေါင်းလေးကဲ့သို့ စူထွက်နေသော အဖေါင်းလေး ရှိပါသည်။ ထိုအဖောင်းလေးကို လက်ညှိုး၊ လက်မနှစ်ခုဖြင့် ဖိညှပ်ပြီး လေထုတ်ပါ။ ပြီးနောက် လိင်တံထိပ်တွင် တေ့ကပ်ပြီးအခြားလက်တဖက်ဖြင့် condom အလိပ်ကို လိင်တံအရင်းထိ ရောက်အောင်​ဖြည်ချပါ။ လိင်တံထိပ်ရှိ condom ၏ အဖေါင်းအိတ်လေးထဲတွင် လေခိုမနေစေရန် ဂရုစိုက်ပါ။

လေခိုနေပါက လိင်ဆက်ဆံစဉ် အသွင်းအထုတ်ပြုလုပ်ချိန်တွင် လေဗူပေါင်းကို ညှစ်ဖောက်လိုက်သလိုဖြစ်ပြီး ပေါက်သွားနိုင်ပါသည်။ သုက်ရည်များ မိန်းမကိုယ် အတွင်း ဝင်သွားနိုင်ပါသည်။ ကိုယ်ဝန်ကိုလည်း မကာကွယ်နိုင်တော့သလို ရောဂါများကိုလည်း မကာကွယ်နိုင်ပါ။

နောက်တစ်ချက်မှာ အမျိုးသမီး အဆင့်သင့်ဖြစ်ပြီးအမျိုးသမီးတွင်လည်း ပျစ်ချွဲချွဲအရည်များထွက်မှဆက်ဆံပါ။ သိုမဟုတ်ပါက ချောမွေ့မူ့မရှိဘဲ ပွတ်တိုက်အားကြောင့် condom ပေါက်တတ်ပါသည်။ ချောဆီအသုံးပြုမည် ဆိုပါကလည်း condom နှင့်တွဲဖက်သုံးရန် သေချာထုတ်လုပ်ထာသော ရေကိုအခြေခံသည့် ချောဆီကိုသာ သုံးရပါမည်။ condom သည် ရာဘာဖြင့်ပြုလုပ်ထားသည်အတွက် ရာဘာနှင့်ဓာတ်မတည့်သော ဆီများသုံးလျှင် condom ပေါက်တတ်ပါသည်။

အမျိုးသား အထွတ်အထိပ်သို့ရောက်ရှိပြီး သုက်ရည်များပန်းထုတ်ပြီးပါကလည်း လိင်တံပျော့ခွေမသွားမီ (resolution) မိန်းမကိုယ်ထဲမှ ထုတ်ရပါမည်။ သို့မဟုတ်ပါက condom ကျွတ်ကျန်ခဲ့ပြီး သုက်ရည်များ ဝင်သွားနိုင်ပါသည်။ လိင်ဆက်ဆံသောအချိန် တိုင်း ဤအတိုင်း အတိအကျလိုက်နာရပါမည်။

Condom များသည် တစ်ခါသုံးဖြစ်ပါသည်။ ပြန်လည်အသုံးမပြုရပါ။ ဥာဏ်ကောင်းသူများကတော့ ရက်ရှောင်နည်းနှင့် condom အသုံးပြုနည်းကို နှစ်ခုပေါင်းအသုံးပြုကြပါသည်။ Clander and Condom Method ဟု ခေါ်ပါသည်။ အမြဲတမ်းကြီး Condom သုံးနေရတော့လည်း တို့နှစ်ယောက်ကြားမှာ နံရံတစ်ချပ်ခြားလို့နေဆိုပြီး မကြိုက်ကြသူများလည်း ရှိပါသည်။

Clander Method အရ မျိုးဥကြွေရန် ဖြစ်နိုင်ခြေနည်းသောရက်များတွင် သဘာဝအတိုင်းနေကြပြီး မျိုးဥကြွေရန် ဖြစ်နိုင်ခြေများသော အလယ် ၁၄ ရက်တွင် condom ကို စနစ်တကျ အသုံးပြုကြသူများလည်း ရှိပါသည်။

သို့သော် ဤပေါင်းစပ်နည်းလမ်း၏ ကိုယ်ဝန်ရသွားနိုင်သည့်နှုန်း (Pearl’s index) မည်မျှရှိသည်ကို လေ့လာထားသော စစ်တမ်းမရှိပါ။ ကိုယ်ဝန်တားနေသည့်ကြားက ရလာလည်း ယူမည့်သူ (Spacer) များအနေဖြင့် သုံးကြည့်နိုင်သော်လည်း ကိုယ်ဝန်လွယ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်သူ (Abstainer) များအတွက်တော့ အထက်ပါနည်းလမ်းများကို အကြံမပြုလိုပါခင်ဗျ။

ဆက်လက်ဖော်ပြပါမည်။

ဒေါက်တာဝသုန်

အထူးကုဆရာဝန်တစ်ဦး

လွတ်မြောက်နယ်မြေတစ်နေရာ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here