(နှိုက်နှိုက်ချွတ်ချွတ် ရေးပြသည်ကို ရိုင်းသည်ဟု မထင်စေလိုပါ။ ရှင်းရှင်းလင်းလင်းသိမှ ဖြစ်မည့်အရာများဖြစ်ပါသဖြင့် ရှေ့မျက်နှာနောက်ထား၍ ရေးလိုက်ခြင်း ဖြစ်ပါသည်)
????????????
…
…
ကိုယ်ဝန်တားနည်းများထဲမှ ပထမဆုံးအနေဖြင့် သဘာဝနည်းလမ်းများကို ဆွေးနွေးကြည့်ပါရစေ။ လူသိများသော သဘာဝနည်းလမ်းများမှာ…
၁။ အမျိုးသားသုက်ရည်ကို အပြင်သို့စွန့်ထုတ်သောနည်း (coitus interruptus)
၂။ မျိုးဥကြွေနိုင်သောရက်များတွင် လိင်ဆက်ဆံခြင်းမပြုဘဲ ရှောင်သောနည်း၊ တိုတိုပြောရရင် ရက်ရှောင်သောနည်း (Clander Method) ဟူ၍ ရှိပါသည်။
အထက်ပါနည်းနှစ်ခုစလုံး၏ ရည်ရွယ်ချက်မှာ မမျိုးဥလေးနှင့် သုက်ပိုးများ မတွေ့ဆုံ မပေါင်းစပ်ရလေအောင် သဘာဝအတိုင်းကာကွယ်ခြင်း ဖြစ်ပါသည်။
…
…
အမျိုးသားနှင့်အမျိုးသမီး လိင်ဆက်ဆံမှုသည် တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်ရသောဖြစ်စဥ် ဖြစ်ပါသည်။ပထမဆုံးအဆင့်အနေဖြင့် နှစ်ယောက်စလုံးတွင် ဆက်ဆံလိုသောဆန္ဒ (desire) စတင်ဖြစ်ပေါ်ရမည် ဖြစ်ပါသည်။ အမျိုးသားများတွင် ဤဆန္ဒသည် အချိန် တိုအတွင်း ဖြစ်နိုင်သော်လည်း အမျိုးသမီးများတွင် အချိန်အနည်းငယ် ပိုယူရတတ်ပါသည်။ ဆန္ဒဖြစ်ပေါ်ပြီးလျှင် နောက်တစ်ဆင့်အနေဖြင့် ဆက်ဆံရန်အသင့် (arousal) အခြေအနေသို့ ရောက်ရှိရပါသည်။ ဤအဆင့်တွင် အမျိုးသားများ၏လိင်တံသည် ကြီးထွား၊ ရှည်လျား၊ တောင့်တင်းလာပြီး လိင်တံထိပ်အပေါက်ဝတွင် ပျစ်ချွဲချွဲအရည်ကြည် အနည်းငယ်ထွက်လာတတ်ပါသည်။ အမျိုးသမီးများတွင်လည်း မွေးလမ်းကြောင်းသည် ရှည်လျားဆန့်ထွက်လာပြီး ပျစ်ချွဲချွဲအရည်ကြည်များ ထွက်လာပါသည်။ ဤအဆင့်အတွက်လည်း အမျိုးသားများက အချိန်အနည်းငယ်သာ ယူရလေ့ရှိပြီး အမျိုးသမီးများတွင် အသင့်ဖြစ်ရန် အချိန်ပိုယူရတတ်ပါသည်။ ကြင်နာမှုရှိသော၊ လိင်ပညာအသိရှိသော အမျိုးသားများအနေဖြင့် အချိန်ပေးစောင့်ခေါ်သင့်ပါသည်။
နောက်တစ်ဆင့်ကတော့ အမျိုးသားလိင်တံကို အမျိုးသမီးမွေးလမ်းကြောင်းအတွင်း အထုတ်အသွင်းပြုလုပ်ခြင်း၊ လိင်ဆက်ဆံခြင်း (consummation) ဖြစ်ပါသည်။ ဤအဆင့်သည် ပျမ်းမျှအားဖြင့် ၁၀-၁၅ မိနစ်ခန့် ကြာတတ်ပါသည်။ နောက်တစ်ဆင့်က လိင်ဆန္ဒ အထွတ်အထိပ်သို့ ရောက်ရှိပြီးမြောက်ခြင်း ဖြစ်ပါသည်။ လိင်သာယာမှုအရသာ (sexual pleasure) ကို အပြည့်အဝခံစားရသောအချိန် ဖြစ်ပါသည်။
ဤအဆင့်သို့ အမျိုးသားတိုင်းသည် လိင်ဆက်ဆံတိုင်းနီးပါး ရောက်ရှိကြပါသည်။ ဤအဆင့်တွင် အမျိုးသားများသည် သုက်ရည်ကို အမျိုးသမီး၏မွေးလမ်းကြောင်းထဲသို့ ထည့်ပေးပါသည် (ejaculation)။ အမျိုးသမီးများက ဤအဆင့်သို့ လိင်ဆက်ဆံတိုင်း မရောက်ကြပါ။ ကိုယ်ဝန်ရရန်အတွက်လည်း အမျိုးသမီးများ ဤအဆင့်သို့ရောက်ရန် မလိုပါ။အမျိုးသားပြီးမြောက်ပြီး သုက်ရည်ထုတ်ပေးလျှင် ရပါပြီ။
နောက်ဆုံးအဆင့်ကတော့ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိခြင်း (resolution) ဖြစ်ပါသည်။အမျိုးသား၏လိင်တံသည် ပြန်လည်ပျော့ခွေသွားပြီး အသွင်းအထုတ် လုပ်၍မရတော့သော အခြေအနေသို့ ပြန်ရောက်သွားပါသည်။
…
…
သုက်ရည်ကို အပြင်သို့စွန့်ထုတ်သောနည်းဟူသည်မှာ လိင်ဆက်ဆံနေစဥ်မှ အမျိုးသားအထွတ်အထိပ်သို့ ရောက်ခါနီးအချိန်တွင် ဆက်ဆံမှုကိုရပ်တန့်၍ အထွတ်အထိပ်သို့ရောက်ချိန် ထုတ်ပေးသောသုက်ရည်များကို မိန်းမမွေးလမ်းကြောင်းအပြင်ဘက်သို့ (အိပ်ရာခင်းပေါ်သို့) ပန်းထုတ်ခြင်း ဖြစ်ပါသည်။
ရည်ရွယ်ချက်က သုက်ပိုးများ မွေးလမ်းကြောင်းထဲမရောက်ရှိရန် ဖြစ်ပါသည်။ မမျိုးဥထံသို့ အပြေးသွားပေါင်းစပ်မည့် သုက်ပိုးများမရှိပါက ကိုယ်ဝန်မရနိုင်ပါ။ ဤသို့ယုံကြည်ပြီး အသုံးပြုကြခြင်း ဖြစ်ပါသည်။
သို့သော် ဤနည်းလမ်းဖြင့် ကိုယ်ဝန်တားနိုင်ခြေအလွန်နည်းပါသည်။
အကြောင်းအရင်း နှစ်ရပ်ရှိပါသည်။ ပထမအကြောင်းက အမျိုးသားများ လိင်ဆက်ဆံရန် အဆင်သင့်ဖြစ်သောအဆင့်တွင် ရှေ့ပြေးထွက်လာသော အရည်ကြည်ထဲတွင်ပင် သုက်ပိုးအနည်းငယ် ပါနိုင်ပါသည်။ ကိုယ်ဝန်ရရန် သုက်ပိုးတစ်ကောင်တည်းလိုသည်ကို သတိချပ်ပါ။ ဒုတိယအကြောင်းက လိင်သာယာမှုအရသာ အပြည့်အဝခံစားရခါနီးအချိန်တွင်မှ လိင်ဆက်ဆံခြင်းကိုရပ်တန့်ပြီး အမျိုးသားလိင်တံကို အပြင်သို့ထုတ်ခါ သုက်ရည်ကို အိပ်ရာခင်းပေါ် ပန်းထုတ်စွန့်ပစ်ရန်မှာ အတော်မလွယ်သောကိစ္စ ဖြစ်ပါသည်။ အချိန်ကိုက်မဖြစ်ဘဲ အနည်းငယ်နောက်ကျသွားလျှင်ပင် သုက်ရည်အနည်းငယ် ဝင်သွားနိုင်ပါသည်။ ကိုယ်ဝန်ရရန် သုက်ပိုးတစ်ကောင်တည်းလိုသည်ကို သတိချပ်ပါ။
နောက်အကြောင်းအရင်းတစ်ခုက လိင်ဆက်ဆံသည့်အကြိမ်တိုင်း ဤသို့လုပ်ရပါက တစ်ကြိမ်မဟုတ်တစ်ကြိမ် မထိန်းနိုင် ဖြစ်နိုင်ပါသည်။ လိင်သာယာမှုကို အပြည့်အဝခံစားရရန်လည်း အနှောင့်အယှက် ဖြစ်ပါသည်။ ကိုယ်ဝန်လွယ်ဖို့ လုံးဝမဖြစ်နိုင်သူ (Abstainer) များ လုံးဝ အားမကိုးသင့်သောနည်း ဖြစ်ပါသည်။ အမျိုးသားအများစုကလည်း မကြိုက်လောက်ဟု ထင်ပါသည်။
…
…
နောက်တစ်မျိုး ရက်ရှောင်သောနည်းကို ဆက်ကြည့်ရအောင်ပါ။
ဒါကတော့ အမျိုးသမီးများသည် မျိုးဥကြွေသောတစ်ရက်သာ ကိုယ်ဝန်ရနိုင်သည်ဟူသော အသိအပေါ်တွင်အခြေခံပါသည်။ လက်ခုပ်ဟူသည် နှစ်ဖက်တီးမှ မြည်သည် မဟုတ်ပါလား။ အမျိုးသားများဘက်မှ သုက်ပိုးများ ဘယ်လောက်သန်းချီထည့်ပေးပါစေ အမျိုးသမီးဘက်မှ မမျိုးဥမရှိလျှင် ကိုယ်ဝန်မရနိုင်ပါ။မျိုးဥကြွေသောရက်တွင် ရှောင်၊ ကျန်ရက်များတွင် လိင်ဆက်ဆံပါက သုက်ရည်အပြင်မထုတ်လည်း ကိုယ်ဝန်မရနိုင်ဘူးမဟုတ်လားဟု မေးစရာရှိလာပါသည်။ ပြဿနာက ဘယ်ရက်မျိုးဥကြွေမှန်း ခန့်မှန်းရခက်ခြင်း ဖြစ်ပါသည်။
အမျိုးသမီးများတွင် မျိုးဥကြွေနိုင်သောရက်များ (possible ovulation days) သည် တစ်ပတ်ခန့် ရှိနိုင်ပါသည်။ အမျိုးသမီးတစ်ဦးတည်းပင်လျှင် တစ်လနှင့်တစ်လ မျိုးဥကြွေသောရက် မတူပါ။ ထို့ကြောင့် အမျိုးသမီးတစ်ဦးတည်းတွင်ပင် တစ်လနှင့်တစ်လ ရာသီစက်ဝန်းကြာချိန် မတူကြပါ။
ရာသီစက်ဝန်းကို နှစ်ပိုင်းခွဲပါသည်။ ပထမပိုင်းသည် ရာသီစလာသည့်ရက်မှ မျိုးဥကြွေသောရက်အထိ ဖြစ်ပါသည်။ ဒုတိယပိုင်းသည် မျိုးဥကြွေပြီးရက်မှ နောက်ရာသီသွေး စပေါ်သောရက်အထိ ဖြစ်ပါသည်။ ကြွေကျလာသောမျိုးဥလေး မျိုးမအောင်ပါက ရာသီစက်ဝန်း၏ဒုတိယပိုင်းသည် အမျိုးသမီးတိုင်းတွင် ၁၄ ရက်ဖြစ်သည်ဟု ကိုယ်ဝန်ဘယ်လိုရသလဲအပိုင်း (၃) တွင် ရှင်းပြခဲ့ပြီးဖြစ်သည်။
ရာသီစလာသော ပထမဆုံးရက်ကို day 1 ဟုခေါ်ပါသည်။ ထိုနေ့မှစရေပါက ၁၄ ရက်မြောက်နေ့တွင် မျိုးဥကြွေသည်ဆိုပါစို့။ ထိုမျိုးဥသည် မျိုးမအောင်ပါက နောက်ထပ် ၁၄ ရက်ပေါင်း ၂၈ ရက်မြောက်နေ့တွင် ရာသီပြန်လာမည်ဖြစ်သည်။
ထို့ကြောင့် ရာသီစက်ဝန်းတစ်ခုသည် ၂၆ ရက်ကြာခဲ့ပါက မျိုးဥကြွေခဲ့သောရက်သည် ၂၆ – ၁၄ = ၁၂ ရက်မြောက်နေ့ဖြစ်သည်။ ရာသီစက်ဝန်းတစ်ခုသည် ၃၅ ရက်ကြာခဲ့ပါက မျိုးဥကြွေခဲ့သောရက်သည် ၃၅ – ၁၄ = ၂၁ ရက်မြောက်နေ့ ဖြစ်ပါသည်။
ထို့ကြောင့် အမျိုးသမီးတစ်ယောက်အတွက် အစောဆုံးမျိုးဥကြွေနိုင်သောရက် (Earliest possible ovulation day) သည် ရာသီစလာသောရက်မှ စတင်ရေတွက်လျှင် ၁၂ ရက်မြောက်နေ့ဖြစ်ပြီး နောက်ဆုံးမျိုးဥကြွေနိုင်သောရက် (latest possible ovulation day) သည် ၂၁ ရက်မြောက်နေ့ဖြစ်သည်။ ထို့ကြောင့်လိင်ဆက်ဆံမှုကို ရှောင်ရမည့်ရက်များသည် ရာသီစလာသောနေ့မှ စတင်ရေတွက်လျှင် ၁၂ ရက်မြောက်နေ့မှ ၂၁ရက်မြောက်နေ့အထိ ၁၀ ရက်တိုင်တိုင်ဖြစ်ပါသည်။
မပြီးသေးပါ ရှေ့နှစ်ရက်ထပ်ပေါင်းပါ။ နောက်တစ်ရက်ထပ်ပေါင်းပါ။ ၁၀ ရက်မြောက်နေ့မှ ၂၂ ရက်မြောက်နေ့အထိ ၁၃ ရက်တိုင်တိုင် ရှောင်ရပါမည်။ အဘယ်ကြောင့်ဆိုသော် သုက်ပိုးများသည် မွေးလမ်းကြောင်းထဲ၊ သားအိမ်ထဲ၊ ချစ်သူလမ်းကြားထဲတွင် သုံးရက်အသက်ရှင်နိုင်ပါသည်။ ၁၀ ရက်မြောက်နေ့တွင် လိင်ဆက်ဆံမိသည့်လတွင်မှ မျိုးဥက အစောဆုံး ၁၂ ရက်နေ့ကြွေလျှင် ကိုယ်ဝန်ရသွားနိုင်ပါသည်။ မျိုးဥလေးက တစ်ရက်အသက်ရှင်သည်ဟု ပြောခဲ့ပါသည်။၂၂ ရက်မြောက်နေ့တွင် လိင်ဆက်ဆံမိသောလတွင်မှ မျိုးဥလေးက နောက်အကျဆုံး ၂၁ ရက်နေ့တွင်ကြွေလျှင် ကိုယ်ဝန်ရသွားနိုင်ပါသည်။ ပျူခွေးများလိုပဗျာ သေမယ့်အပတ်မှ စစ်ထဲလိုက်မိတယ် ဖြစ်မှာစိုးလို့ပါ ????
ထို့ကြောင့် ရာသီစလာသော ပထမဆုံးရက်မှ ၉ ရက်မြောက်နေ့အထိသည် ကိုယ်ဝန်ရနိုင်ခြေနည်းသော ရက်များဖြစ်ပြီး အတူနေလိုက နေနိုင်ပါသည်။ ၁၀ရက်မြောက်နေ့မှ ၂၂ ရက်မြောက်နေ့အထိသည် ကိုယ်ဝန်ရနိုင်ခြေများသောရက်များဖြစ်၍ ရှောင်ရပါမည်။၂၃ ရက်မြောက်နေ့တွင်မှ စိတ်ချလက်ချ အတူပြန်နေနိုင်မည်ဖြစ်ပါသည်။
၁၄ ရက်ကြာကြီး မြင်သာမြင်ရ မကြင်ရအဖြစ် နေနိုင်ကြပါ့မလား မောင်တို့မယ်တို့ဟု မေးခွန်းထုတ်လိုက်ပါသည်။
ဤကဲ့သို့ နှိုက်နှိုက်ချွတ်ချွတ်ရေးပြသည်ကို ရိုင်းသည်ဟု မထင်စေလိုပါ။ ရှင်းရှင်းလင်းလင်းသိမှ ဖြစ်မည့်အရာများဖြစ်ပါသဖြင့် ရှေ့မျက်နှာနောက်ထား၍ ရေးလိုက်ခြင်း ဖြစ်ပါသည်။ ဤသို့ အသေအချာအတိအကျမသိဘဲ လိင်ဆက်ဆံမိ၍ မလိုချင်သောကိုယ်ဝန် (unwanted pregnancy) များ ရလာပြီးမှ ရင်ဆိုင်ရသည့်ပြဿနာများက အလွန်ကြီးမားသောကြောင့် ဖြစ်ပါသည်။ ဆေးရုံဆရာဝန်ဘဝ အနှစ်နှစ်ဆယ်ကျော်ကာလအတွင်း မလိုချင်သောကိုယ်ဝန်များကို ဖျက်ချပြီး ကြေကွဲဖွယ်ဇာတ်လမ်းပေါင်းများစွာကို မျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ရသော ဆရာဝန်တစ်ဦး၏စေတနာစကားများ ဖြစ်ပါသည်။
ဆက်လက်ဖော်ပြပါဦးမည်…..။
Dr ဝသုန်
အထူးကုဆရာဝန်တစ်ဦး
လွတ်မြောက်နယ်မြေတစ်နေရာ
Ministry of Health,
National Unity Government.