ရာသီလာခြင်းနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုဟာ အမျိုးသမီးတိုင်းရဲ့ကျန်းမာရေးအတွက် အလွန် အရေးကြီးပါတယ်။
ဒါပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးတိုင်းကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အမျိုးသမီးလစဥ်သုံးပစ္စည်းတွေကို သုံးစွဲခွင့်မရကြပါဘူး။ ဒါ့အပြင် ရှေးရိုးစွဲအယူအဆတွေကြောင့် အမျိုးသမီးတွေဟာ ရာသီလာခြင်းနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကိုလည်း ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်ခြင်း မရှိကြပါဘူး။
အထူးသဖြင့် ကျွန်မတို့နိုင်ငံမှာဆိုရင် ရာသီလာတာနဲ့ပတ်သတ်ပြီးတော့ ထုတ်ပြောရမှာကို ရှက်ရွံ့တာ၊ ကြောက်တာမျိုးတွေ ရှိနေကြတုန်းပါပဲ။ ဒါကြောင့်မို့ ဒီလို အမျိုးသမီးတွေနဲ့ အမျိုးသမီးငယ်လေးတွေအနေနဲ့ ရာသီလာစဉ်မှာ တစ်ကိုယ်ရေသန့်ရှင်းမှုကိို ထိန်းသိမ်းနိုင်စေဖို့နဲ့ ရာသီလာတယ်ဆိုတာ ရှက်စရာမဟုတ်ကြောင်း လူတိုင်းသိအောင် အမှတ်တရအနေနဲ့ ဒီနေ့မှာကျရောက်တဲ့ “ ရာသီလာစဥ် တကိုယ်ရေသန့်ရှင်းမှု ဂရုပြုစရာနေ့” (Menstrual Hygiene Day) မှာ မျှဝေလိုက်ပါတယ်။
..
..
Menstrual Hygiene Day ဖြစ်ပေါ်လာပုံ
Menstrual Hygiene day ကို နှစ်စဥ် မေလ (၂၈) ရက်နေ့မှာ ကျင်းပကြပါတယ်။ ရာသီလာစဉ် အလေးထားရမယ့် ကျန်းမာသန့်ရှင်းမှုရဲ့အရေးကြီးပုံနဲ့ သန့်ရှင်းတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ အသုံးပြုခွင့်မရတဲ့ အမျိုးသမီးလေးတွေနဲ့ ပတ်သက်တဲ့ ပြဿနာရပ်တွေအတွက် အသိပညာပေးရအောင် (ပညာပေးလှုံဆော်နိုင်အောင်) သတ်မှတ်ထားတဲ့ရက်လည်း ဖြစ်ပါတယ်။
ဘာဖြစ်လို့ မေလ (၂၈) ရက်ကိုမှ ရွေးချယ်ရသလဲဆိုတဲ့ ရည်ရွယ်ချက်ကတော့ အမျိုးသမီးတွေရဲ့ ပျမ်းမျှ ရာသီလာတဲ့ရက်က (၅) ရက်ဖြစ်ပြီး ရာသီစက်ဝန်းက (၂၈) ရက် တစ်ခါ ဖြစ်တာကြောင့်၊ နှစ်တစ်နှစ်ရဲ့ (၅) လမြောက်ဖြစ်တဲ့ မေလ (၂၈) ရက်နေ့မှာ ကျင်းပခြင်းဖြစ်ပါတယ်တဲ့…….
စိတ်ဝင်စားစရာပဲနော်
ပြီးတော့ ဒီနှစ်ရဲ့ theme ကတော့ ၂၀၃၀ ပြည့်နှစ်မှာ ရာသီသွေးဆင်းခြင်းကြောင့် မည်သူမှ ဖွံ့ဖြိုးတိုးတက်မှုနောက်မကျစေရေးနဲ့ ရာသီလာခြင်းဟာ သဘာဝဖြစ်စဉ်တစ်ခုသာဖြစ်ပြီး မည်သူမှ ရှက်ရွံ့နေစရာမလိုအောင်ပြုလုပ်ဖို့က ပန်းတိုင်ဖြစ်ပါတယ်။
…
…
MHD အတွက် ကမ္ဘာလုံးဆိုင်ရာ သင်္ကေတ
MHD အတွက် အထိမ်းအမှတ် သင်္ကေတကတော့ ရာသီလာခြင်းနဲ့ပတ်သက်တဲ့ အထိမ်းအမှတ်လက်ကောက်လေး (menstruation bracelet) ဖြစ်ပါတယ်။ ဒီလက်ကောက်လေးမှာ အမျိုးသမီးတွေရဲ့ရာသီစက်ဝန်းကို ညွန်ပြဖို့ ပုတီးစေ့ (၂၈) လုံးပါဝင်ပြီး ပျမ်းမျှရာသီသွေးဆင်းတဲ့ရက်ကို ဖော်ပြဖို့ ပုတီးစေ့ (၅) လုံးမှာ အနီရောင်ကို အသုံးပြုပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီလက်ကောက်ကို ဝတ်ဆင်ထားခြင်းအားဖြင့် အမျိုးသမီးတွေအနေနဲ့ ရာသီလာတာဟာ ရှက်စရာ၊ ဖုံးကွယ်စရာ မဟုတ်ကြောင်း ဖော်ပြဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
…
…
Menstrual Hygiene ဆိုတာ ဘာလဲ ❓
Menstrual Hygiene ဆိုတာ အမျိုးသမီးတစ်ဦးချင်းစီရဲ့ ရာသီစက်ဝန်းကို ဘေးကင်းပြီးကျန်းမာအောင် ပြုလုပ်သင့်တဲ့ အလေ့အကျင့်တွေနဲ့ သန့်ရှင်းတဲ့အမျိုးသမီးသုံးပစ္စည်းကို သုံးစွဲဖို့ ရည်ညွှန်းပါတယ်။ ရာသီလာစဉ် တစ်ကိုယ်ရေသန့်ရှင်းမှု ကောင်းကောင်းထိန်းသိမ်းထားဖို့၊ ဓမ္မတာလာတဲ့သူတွေရဲ့ကျန်းမာရေးနဲ့ သက်တောင့်သက်သာရှိဖို့က menstrual hygiene ရဲ့ အရေးကြီးတဲ့ အချက်တွေဖြစ်ပါတယ်။ ဒီ့အတွက် အောက်ပါအချက်တွေကို ဂရုပြုဖို့ လိုအပ်ပါတယ်…
????????????
???? အမျိုးသမီးလစဉ်သုံးပစ္စည်း
လစဥ်သုံးပစ္စည်းတွေထဲမှာ အမျိုးသမီးသန့်ရှင်းရေးသုံးပစ္စည်းတွေ၊ tampons ၊ ရာသီခွက်နဲ့ ပြန်သုံးနိုင်တဲ့အ၀တ်အထည်တွေ စသဖြင့် များစွာရှိပါတယ်။ ဒီအထဲမှာမှ ကိုယ့်အတွက် သက်တောင့်သက်သာဖြစ်ပြီး၊ ကိုယ့်ရဲ့နေထိုင်မှုပုံစံနဲ့ ကိုက်ညီတဲ့ အသုံးအဆောင်ပစ္စည်းကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။ အနံ့ဆိုးတွေ၊ ရောဂါပိုးမွှားတွေနဲ့ မသက်မသာဖြစ်မှုတွေကို ကာကွယ်ဖို့အတွက် ပုံမှန်လဲလှယ်ပေးဖို့လည်း လိုအပ်ပါတယ်။
.
???? မှန်ကန်သောစွန့်ပစ်ခြင်း
အသုံးပြုပြီးသား အသုံးအဆောင်ပစ္စည်းတွေကို စနစ်တကျစွန့်ပစ်သင့်ပါတယ်။ အကယ်၍ pads ဒါမှမဟုတ် tampons တွေကို အသုံးပြုနေရင် ဒါတွေကို အိမ်သာသုံးစက္ကူ (သို့) ပေးထားတဲ့ ပလပ်စတစ်အခွံထဲ လုံခြုံစွာထုပ်ပိုးပြီး သတ်မှတ်ထားတဲ့ ပုံးတွေမှာ စွန့်ပစ်ရပါမယ်။ အကယ်၍ ပြန်သုံးနိုင်တဲ့ menstrual cup ကို အသုံးပြုနေရင်လည်း အဲဒါကို သန့်သန့်ရှင်းရှင်းသိမ်းဆည်းဖို့အတွက် အညွှန်းပါအတိုင်း လိုက်နာဖို့ လိုအပ်ပါတယ်။
.
???? တစ်ကိုယ်ရေသန့်ရှင်းရေး
ဓမ္မတာလာစဉ်အတွင်း တစ်ကိုယ်ရေသန့်ရှင်းရေးကို ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ အမျိုးသမီးလစဉ်သုံးပစ္စည်းကို မလဲခင်နဲ့ လဲလှယ်အပြီး လက်ကိုဆပ်ပြာနဲ့ သေချာဆေးကြောပါ။ private area ကို သန့်ရှင်းရေးလုပ်တဲ့အခါ ဆပ်ပြာအပျော့စားနဲ့ ရေနွေးနွေးကို သုံးပါ။ pH မျှတမှုကို နှောင့်ယှက်နိုင်ပြီး ယားယံမှုကို ဖြစ်စေနိုင်တဲ့ အပြင်းစားဆပ်ပြာ (သို့) ရနံ့ထွက်ပစ္စည်းတွေကို အသုံးပြုခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။
.
???? ပုံမှန်လဲလှယ်ပေးခြင်း
ယိုစိမ့်ခြင်းမှ ကာကွယ်ဖို့နဲ့ သန့်ရှင်းမှုကို ထိန်းသိမ်းဖို့အတွက် pads ကို ပုံမှန်လဲလှယ်ပေးဖို့လည်း အရေးကြီးပါတယ်။ တစ်နေ့ ဘယ်နှစ်ခါ လဲသင့်သလဲ ဆိုတာကတော့ မိမိရဲ့ ပုံမှန်ယိုစိမ့်မှုပေါ်မူတည်ပြီး (၄-၆) နာရီတိုင်း pads (ဒါမှမဟုတ်) tampons ကိုပြောင်းလဲဖို့ ယေဘုယျအားဖြင့် အကြံပြုထားပါတယ်။ Menstrual cups ကိုတော့ မိမိ flow ပေါ် မူတည်ပြီး (၁၂) နာရီကြာတဲ့အထိ ထားနိုင်ပါတယ်။
.
???? သက်တောင့်သက်သာရှိစေရန်နှင့် နာကျင်မှု သက်သာစေခြင်း
ရာသီလာစဉ် ဗိုက်အောင့်ခြင်းဟာ နေရထိုင်ရ မသက်မသာ ဖြစ်တတ်ပါတယ်။ အပူလိမ်းပေးခြင်း၊ အကိုက်အခဲပျောက်ဆေးသောက်ခြင်း၊ yoga လေ့ကျင့်ခြင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို ရွေးချယ်စားသုံးခြင်းတွေဟာ မအီမသာဖြစ်ခြင်းကို သက်သာစေနိုင်ပါတယ်။
.
???? ပညာရေးနှင့် အသိပညာပေးခြင်း
ရာသီလာစဥ်တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်း အသိပညာပေးခြင်းဖြင့် ရှေးရိုးစွဲအယူအဆတွေကို ဖယ်ရှားဖို့ရာ အရေးကြီးပါတယ်။ အသိပညာပေးတယ်ဆိုတာမှာ မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေကို ဓမ္မတာလာခြင်းနဲ့ပတ်သက်ပြီး ပညာပေးတာ၊ မီးယပ်သန့်ရှင်းရေး၊ အမျိုးသမီးသုံးပစ္စည်းတွေကို နေရာတိုင်းလက်လှမ်းမီရရှိနိုင်ရေးနဲ့ ဓမ္မတာနဲ့ပတ်သက်တဲ့ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အတားအဆီးတွေကို ဖြေရှင်းပေးတာတွေ ပါဝင်ပါတယ်။
…
…
????ရာသီလာခြင်းနဲ့ စစ်ဘေးသင့် အမျိုးသမီးငယ်လေးတွေ
စစ်ဘေးသင့်အမျိုးသမီးငယ်လေးတွေနဲ့ ရဲဘော်အမျိုးသမီးလေးတွေရဲ့ အဓိကလိုအပ်တဲ့အရာတွေထဲမှာ အစားအစာ၊ ဆေးဝါးတွေနဲ့တန်းတူ သန့်ရှင်းတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ၊ ဆပ်ပြာနဲ့ သန့်ရှင်းတဲ့ရေတို့ဟာလည်း အဓိကလိုအပ်ချက်ဖြစ်နေတာကို တွေ့ရပါတယ်။
စစ်ဘေးရှောင်အမျိုးသမီးတွေဟာ လစဉ်သုံးအမျိုးသမီး pad တွေ မလုံလောက်တာကြောင့်မို့ အဝတ်အပိုင်းအစ၊ ထမိန်တို့ကို ခံပြီး သုံးနေကြရပါတယ်။ ဒီလို မသန့်ရှင်းတာမျိုး သုံးနေရတာကြောင့် ရောဂါပိုးဝင်တာတွေနဲ့ နောက်ဆက်တွဲပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့်မို့ အစားအစာနဲ့ ဆေးဝါးတွေအပြင် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကိုလည်း လှူဒါန်းပေးဖို့ အသိပညာရအောင် တိုက်တွန်းချင်ပါတယ်။
…
…
????ရာသီလာစဉ် တစ်ကိုယ်ရေသန့်ရှင်းမှု မကောင်းလျှင် ဖြစ်တတ်သော နောက်ဆက်တွဲများ
Menstrual hygiene မကောင်းတဲ့အခါ အမျိုးသမီး မွေးလမ်းကြောင်း ပိုးဝင်တာနဲ့ ဆီးလမ်းကြောင်းပိုးဝင်တာလိုမျိုး ရောဂါတွေခံစားရပြီး နောက်ဆက်တွဲအနေနဲ့ ကလေးမရခြင်း၊ ကလေးမွေးဖွားစဉ်မှာ နောက်ဆက်တွဲပြသာနာတွေ ကြုံရခြင်းတို့ ခံစားရတတ်ပါတယ်။
…
…
ကဲ….” ရာသီလာစဥ် တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုပြုစရာနေ့” အတွက် မျှဝေပေးချင်တာကတော့ ဒီလောက်ပါပဲ။
ဒီနေ့မှာကျရောက်တဲ့ Menstrual Hygiene Day ကို အများပြည်သူလူထု ပိုမိုသိရှိစေဖို့ ဒီပိုစ့်လေးကို မိမိတို့ရဲ့ social media account တွေမှာ မျှဝေခြင်းအားဖြင့်လည်း လူအများထံ ရောက်ရှိပျံ့နှံ့ရေးအတွက် ပါဝင်ကူညီလိုက်ကြပါစို့နော်…..။
..
..
❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.