ဒီကာလ နေပူကြီးထဲ အလုပ်လုပ်နေသူများသို့…

❄️ ရာသီဥတုနွေအပူရော၊ ရင်ထဲကအပူရော အပူတွေစုနေတဲ့ ဒီခေတ်ကာလကြီးထဲ ၀မ်းရေးအတွက် မဖြစ်မနေ နွေနေပူအောက်မှာ အလုပ်လုပ်နေကြရတဲ့သူတွေ (ပစ္စည်းပို့သူ၊ တက္ကစီသမား၊ ကာယလုပ်သား) ၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ၊ ရောဂါအခံရှိသူတွေ၊ အရက်သောက်သူတွေ၊ စစ်ဘေးရှောင်တွေအဖို့ အပူဒဏ်ကြောင့် အသက်အန္တရာယ်ရှိတဲ့အထိ ဒုက္ခဖြစ်တတ်ပါတယ်။

❄️ အခုချိန်က မီးပါမမှန်တော့ အပြင်နေရောင်အောက်တင်မက အိမ်ထဲကလူတွေပါ အရင်ကထက် အပူဒဏ်အန္တရာယ် ပိုများလာပါတယ်။

ဒီ့အတွက် လိုက်နာ/ ရှောင်ကြဥ်သင့်တာလေးတွေကို အကျဥ်းချုံး ပြောပါရစေ…

..

..

❄️(၁) ရာသီဥတုနဲ့ ကိုယ့်ခန္ဓာကိုယ်အကြောင်းသဘောပေါက်ပါ။

☃️ ပူပြီးခြောက်သွေ့တဲ့ရာသီဥတုမှာ ခန္ဓာကိုယ်က မြင့်တက်လာတဲ့အပူကို ချွေးထွက်စေပြီး ကိုယ်တွင်းအပူချိန်ကို ပြန်ထိန်းပါတယ်။ ပူနေပေမယ့် ချွေးထွက်လာတဲ့အခါ ကိုယ်က အေးအေးလေးဖြစ်လာပါတယ်။ ချွေးတအားရွှဲလာရင်တော့ အ၀တ်လဲပေးပါ။ မဟုတ်ရင် အအေးပြန်မိတတ်တာမို့ပါ။

☃️ ဒါပေမယ့် ပူပြီးစိုထိုင်းတဲ့ ပတ်၀န်းကျင်ဖြစ်နေရင်တော့ ခန္ဓာကိုယ်ကနေ ချွေးထွက်စေဖို့ကို ခက်ခဲစေတတ်တာမို့ အဲဒီလိုပတ်၀န်းကျင်ကို ပိုဂရုစိုက်သင့်ပါတယ် (ခန္ဓာကိုယ်ရဲ့ မြင့်တက်လာတဲ့အပူကို ချွေးထွက်စေပြီး ပြန်ထိန်းရခက်လို့ပါ) ။ ဒီလိုအခါမျိုးမှာ လူ့ခန္ဓာကိုယ်ကပါ ခြောက်ခြောက်ပူပူကြီး ခံစားရတတ်ပါတယ်။

.

❄️(၂) ရေဓာတ်ပြည့်‌၀နေပါစေ။

☃️ ခန္ဓာကိုယ်က အပူကို ချွေးထွက်စေပြီး အေးအောင်ပြန်လုပ်တာဖြစ်တာမို့ ဆုံးရှုံးသွားတဲ့ရေဓာတ်အတွက်ချွေးထွက်သလောက် သေချာလိုက်သောက်ပေးနိုင်ရင် တော်ရုံတန်ရုံကတော့ ခန္ဓာကိုယ်က သူ့ဘာသာ အေးအောင် ပြန်လုပ်ပေးပါလိမ့်မယ်။

☃️ ရေဓာတ်နည်းလာလို့ ချွေးထွက်ဖို့မလုံလောက်ရင်တော့ ခန္ဓာကိုယ်ထဲ အပူတွေစုလာပြီး ကိုယ်တွင်းအပူချိန်တက်လာမှာပါ။ အဲဒီအခါ ခန္ဓာကိုယ်ရဲ့ ဂေဟစနစ်၊ အတွင်းအင်္ဂါတွေနဲ့ အာရုံကြောတွေ အန္တရာယ်ရှိလာမှာပါ။ ဒါကြောင့် ရေကို တောက်လျှောက်သောက်ပေးနေပါ။ အစာလည်း သေချာ၀င်အောင်စားပေးပါ။

☃️ ရေကို သေချာသောက်ဆိုတာမှာ ချွေးထွက်တဲ့အခါ ရေဓာတ်သာမက ဆားဓာတ်အပါအဝင် အခြားဓာတ်တွေပါ ဆုံးရှုံးတတ်တာမို့ ဓာတ်ဆားရည်သောက်သင့်ပါတယ်။ ကိုယ်ချွေးထွက်တဲ့ပေါ်မူတည်ပြီး တစ်နေ့ အထုပ်တစ်၀က် (သို့) တစ်ထုပ်သောက်ပါ။

☃️ နေရောင်အောက် တောက်လျှောက်သွားလာနေရသူတွေအဖို့ သောက်ရေကို၀ယ်သောက် (ဒါမှမဟုတ်) ကိုယ်နဲ့အတူ သယ်ဆောင်သွားမယ်ဆိုရင် ရေမပူအောင် ထိန်းထားပေးနိုင်တဲ့ ရေဘူးတွေ (insulated water bottle) နဲ့ ထည့်သွားသင့်ပါတယ်။

☃️ နေတအားပူနေချိန် ရေခဲရေအေးအေး သောက်ခြင်းဟာ အာရုံကြောကို နှိုးဆွစေလို့ (vasovagal attack) ခေတ္တခဏ သတိလစ်တာ၊ မေ့လဲတာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရိုးရိုးရေကိုသာ သောက်သင့်ပါတယ်။

☃️ အရက်သောက်သူတွေအဖို့လည်း ဒီလိုတအားပူတဲ့ရာသီဥတုမှာ လျှော့သောက်ကြဖို့ တိုက်တွန်းလိုပါတယ်။

(အရက်က ရေဓာတ်ဖြည့်ဖို့ ပြန်သောက်ရမယ့်အရည်ထဲ မပါပါ ????)

.

❄️(၃) အလုပ်ကို ဖြည်းဖြည်းလုပ်ပါ။

☃️ နေပူကြီးထဲ၊ နေရောင်အောက်ထဲမှာ အလုပ်ကို အားသွန်ခွန်စိုက် တအားမလုပ်ပါနဲ့။ လောဘမကြီးဘဲ တစ်နေ့တာ အလုပ်ပြီးမြောက်အောင် ဖြည်းဖြည်းမှန်မှန်ပဲ လုပ်ပါ။ အပူသက်သာအောင် နေရိပ်ထဲ ခဏနား/စောင့်ပြီးမှ ပြန်လုပ်ပါ။

.

❄️(၄) ဂရုတစိုက် ၀တ်ဆင်ပါ။

☃️ အပူစုပ်တဲ့ အရောင့်ရင့်အဝတ်တွေ မ၀တ်ဆင်သင့်ပါဘူး။ အရောင်ဖျော့၊ ပေါ့ပေါ့ပါးပါးနဲ့ ခပ်ပွပွအ၀တ်အစား (ဥပမာ- ချည်ထည်အပါး) တွေကိုသာ ကိုယ့်အသားအရည် နေမထိအောင် လုံခြုံစွာ ၀တ်ဆင်သင့်ပါတယ်။

☃️ နေပူထဲသွားလာချိန်မှာ ဦးထုပ် (သို့) ထီး ပါသင့်ပါတယ်။ ဦးထုပ်နဲ့ ထီး‌အရောင်ကိုလည်း သေချာရွေးချယ်သင့်ပါတယ်။ နေကာမျက်မှန် တပ်သင့်ပြီး နေရောင်ခြည်ဒဏ်ကာကွယ်တဲ့ SPF 15 နဲ့အထက်ပါတဲ့ lotion တွေ လိမ်းသင့်ပါတယ်။

☃️ အ၀တ်အစားကို သေချာဂရုတစိုက်နဲ့ လုံခြုံစွာ၀တ်ဆင်ခြင်းဟာ ကိုယ့်အရေပြားကို နေရောင်နဲ့ တိုက်ရိုက် မထိအောင် ကာကွယ်ပေးပါတယ်။

.

❄️(၅) ခန္ဓာကိုယ်က ပြောလာတဲ့စကားကိုလည်း သတိပြုနားထောင်ပါ။

☃️ ရေဆာ၊ စိတ်တိုလွယ်လာပြီး ချွေး အလွန်အမင်းထွက်လာရင်၊ ကြွက်တက်လာရင်၊ ကိုယ်အပူချိန်တက်လာပြီး ရင်တုန်၊ နုံး၊ အားအင်ချိနဲ့၊ မူးဝေဝေဖြစ်လာရင် “ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (heat exhaustion)” ဖြစ်နေတာပါ။

☃️ ရင်တုန်၊ ချွေးအလွန်အမင်းထွက် (သို့) အသားအရည် ပူခြောက်ခြောက်ဖြစ်ပြီး အာရုံထွေပြား၊ တက်၊ သတိလစ်သွားရင်တော့ “ အပူဒဏ်ကြောင့် သတိလစ်ခြင်း (heat stroke)” ဖြစ်တာပါ။

အဲဒါတွေဖြစ်ရင် အသက်အန္တရာယ်ရှိပါတယ်။ နီးစပ်ရာဆေးရုံဆေးခန်းကိုသာ သွားပါ။

သွားရဝေးရင်၊ ခက်ခဲရင်တော့ ရှေးဦးစွာ…

(၁)‌ ပိုအေးတဲ့နေရာကို ခေါ်သွားပါ။ ဥပမာ- အဲယားကွန်း လေအေးစက်ရှိတဲ့ အခန်း (သို့) အရိပ်ရှိရာ

(၂) အပေါ်ယံအ၀တ်အစားတွေ ချွတ်လိုက်ပါ။

(၃) ပန်ကာ (သို့) အဲယားကွန်းဖွင့်ထားပါ၊ ဒါမှမဟုတ် ယပ်ခတ်ပေးပါ။

(၄) အပူဒဏ်ခံစားနေရသူကို အေးမြတဲ့ရေထဲ စိမ်လိုက်ပါ (သို့) ရေအေး၀တ်/ ရေခဲ၀တ်တွေကို ခေါင်း၊ လည်ပင်း၊ ဂျိုင်း၊ ကိုယ်လုံး၊ ပေါင်ခြံတွေပေါ် တင်ပေးပါ။ ပူလာရင် အသစ်လဲ လဲပေးပါ။

လူနာတင်ယာဉ်ခေါ်နေစဉ် (သို့) ဆေးရုံဆေးခန်းသွားနေစဉ်၊ ဒါမှမဟုတ် ဆေးရုံဆေးခန်း မသွားနိုင်တဲ့နေရာတွေမှာ အထက်ပါ ရှေးဦးသူနာပြုစုနည်းကို ပြုလုပ်ထားပြီး ဆရာ၀န်၊ ဆရာမနဲ့ ဆက်လက်ဆွေးနွေး ကုသဖို့လိုအပ်ပါတယ်။

ဒါကြောင့် မရှောင်လွှဲသာ ပူနေတဲ့ကာလကြီးမှာ “ ငါတို့မှာ ငါတို့ပဲ ရှိတာမို့” …. ကိုယ်တွင်းအပူဒဏ် တတ်နိုင်သမျှလျှော့ချဖို့နဲ့ ဖြစ်လာရင် စောစောသိဖို့အတွက်ရှေးဦးသူနာပြုစုနည်းနဲ့တကွ ဖော်ပြပေးလိုက်ရပါတယ်။

အားလုံးပဲ အသက်ကို ဉာဏ်စောင့်နေထိုင်ခြင်းဖြင့် တော်လှန်ရေးမှာ ဆက်လက်ပါ၀င်ကြရအောင်ပါလား….။

Reference

https://www.southernminn.com/…/article_1acba17a-e443…

https://www.osha.gov/heat-exposure/illness-first-aid

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here