“ ကျွန်တော်နှင့် အဆိပ်…အပိုင်း (၃)”

တစ်နေ့သောအခါကပေါ့.. ကျွန်တော်အားနေလို့ facebook ပေါ်မှာ ဟိုကြည့်ဒီကြည့်လုပ်နေရင်း စိတ်ဝင်စားစရာသတင်းလေး သွားတွေ့တယ်ခင်ဗျ။

အဲ့ဒါကတော့ ” Paraquat Lawsuit” (ပါရာကွက် အဆိပ်နှင့်ပတ်သက်သော တရားခွင်) ဆိုတဲ့ အကြောင်းပါ။ သေချာလေးရှာဖတ်ကြည့်တော့ Paraquat (ပါရာကွက်) ဆိုတဲ့ ပေါင်းသတ်ဆေးကို ရေရှည်ထိတွေ့ရင် အာရုံကြောတွေတုံ့ဆိုင်းပြီး ခန္ဓာကိုယ်ကို တောင့်တင်းနှေးကွေးစေတဲ့ ပါကင်ဆန်ရောဂါ (Parkinson’s disease) ကို ပိုဖြစ်စေတယ်ဆိုတဲ့ အဆိုပြုချက်တွေအရ၊ ယူအက်စ်က ဥပဒေလုပ်ငန်းတွေက မိမိရဲ့ပတ်ဝန်းကျင်မှာ အဲ့လိုအဖြစ်အပျက်မျိုးရှိရင် အကြောင်းကြားဖို့ အပြိုင်အဆိုင်ကြေညာထားကြပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေကလည်း အဲ့အကြောင်း အသိပေးပြောကြားထားတာ တွေ့ရပါတယ်။

ပါရာကွက် အဆိပ်သင့်တာကို ဆေးရုံမှာ ခဏခဏမြင်ဖူးနေတော့ ကိုယ့်နိုင်ငံကပြည်သူတွေကလည်း ဒီဆေးကို တွင်တွင်ကျယ်ကျယ်သုံးနေတာမို့ ပူပင်မိတယ် ခင်ဗျ။ အဲ့တာကြောင့် ပါရာကွက် ပေါင်းသတ်ဆေး အဆိပ်အကြောင်းလေး ပြောပြချင်လာလို့ ဒီစာလေးကို ရေးလိုက်ပါတယ်။

ပါရာကွက် (Paraquat) ဟာ Herbicide ပေါင်းသတ်ဆေးအမျိုးအစားဖြစ်ပြီး ဈေးလည်းပေါ၊ အစွမ်းလည်းထက်တာရယ်ကြောင့် တော်တော်အသုံးများတဲ့ဆေးပါ။ ပေါင်းပင်ဆိုတာကလည်း စိုက်ခင်းတွေကို အလွန်ဖျက်ဆီးတာကိုး။ ပါရာကွက်ကို သီးနှံစိုက်ပျိုးထားခြင်းမရှိတဲ့‌မြေမှာ ပေါင်းရှင်းတဲ့အနေနဲ့ ဖြန်းရတာပေါ့။ သူ့ အာနိသင်က အပင်မှာ ထိသေအာနိသင် ရှိတာတဲ့။ ဆေးအာနိသင်ပြမှုကလည်း အလွန်မြန်ပါတယ်။

ပါရာကွက်ပေါင်းသတ်ဆေး အဆိပ်သင့်တာကို လက်ထောက်ဆရာဝန်ဘဝထဲက ကျွန်တော် ခဏခဏ ကြုံရပါတယ်။ ကြုံရတိုင်းလည်း အင်မတန်ကို စိတ်မကောင်းဖြစ်ရတာပါပဲ။ အဆိပ်က အလွန်ပြင်းတာကြောင့် မကယ်တင်နိုင်လို့ပါ။

နှစ်ခါလားပဲ ပြန်ကောင်းသွားတာ မြင်ဖူးပါတယ်။ ကောင်းတယ်ဆိုပေမယ့်လည်း တစ်ယောက်က အစာ‌ရေမျိုပြွန် ကျဉ်းသွားလို့ နောက်ပိုင်း တော်တော် ကုယူလိုက်ရတယ်။ တစ်ယောက်ကတော့ ကျောက်ကပ်ပျက်တာ ဖြစ်ကျန်ခဲ့လို့ ကျောက်ကပ်ဌာနမှာ ကျောက်ကပ်ဆေးနေတာ ကြုံခဲ့ရတာပါ။

..

..

သတိတရရှိ‌နေတဲ့ နောက်ထပ်လူနာလေးတွေအကြောင်းလည်း ပြောပြပါဦးမယ်…

အရေးပေါ် မှာ ညနေဘက်တာဝန်ကျနေတုန်း လူနာအမျိုးသမီးလေးတစ်ယောက်ကို ရွာနီးစပ် ကျန်းမာရေးဌာနက လွှဲလိုက်တာပါ။ အိမ်မှာ သူရယ် သူ့သားလေးရယ် နှစ်ယောက်ထဲရှိတုန်း နေ့လည်စာ စားပြီးပြီးချင်း ရင်ပူတယ်၊ အန်တယ်၊ ပြီးတော့ လူးလိမ့်နေတယ်ပေါ့။ အဲ့ဒါနဲ့ အဆိပ်သင့်လူနာ ဖြစ်န်ိုင်တယ်ဆိုပြီး ဆေးရုံလွှတ်လိုက်တာပါ။

သူ့အမျိုးသားက အိမ်မှာလျှောက်ရှာတော့ ဘူးခွံတစ်ခုတွေ့တယ်ဆိုပြီး ပြလာတာ အဲ့ဒီ ပါရာကွက် ဘူးကြီး ဖြစ်နေပါရော။

(အဆိပ်သင့်လူနာလာရင် ဘာဆေးအဆိပ်သင့်တာလဲ ဆိုတာ သေချာတောင်းပြီး ဖတ်ကြည့်ရပါတယ်။ အဲ့လို ပါရာကွက် ဖြစ်နေရင် ငယ်ထိပ်မြွေပေါက်သလို ခံစားရတာပဲ….

အော် “ နောက်တစ်ယောက် လာပြန်ပြီ ” ဆိုပြီးပေါ့…????)

ဒီလိုနဲ့ ကျွန်တော်လည်း ဖြစ်ကြောင်းကုန်စင် မေးကြည့်တော့ အမျိုးသမီးလေးက ကိုယ်တိုင် အဆိပ်ကိုသောက်မိစရာအကြောင်းက ရှိမနေဘူး။ ဖြစ်ရတဲ့အကြောင်းအမှန်က သူ့မှာ ၃ နှစ်အရွယ် ကလေးတစ်ယောက်ရှိတယ်။ ဒီဆေးဘူးက ကလေးလက်ထဲရှိနေတော့ ချော့ချက်မေးကြည့်ရာက ဆေးဘူးနဲ့ဆော့ရင်း သူ့အမေစားမယ့်ဟင်းချိုအိုးထဲ အဲ့ဆေးထည့်လိုက်တယ် ပြောတာပါပဲ။ ကလေးဆိုတော့ ဘာမှ သိတာမဟုတ်ဘူးလေ။ ဘူးတွေပလုံးတွေမြင်ရင် အကုန်ဆော့ပစ်တာ။

တခြားသူတွေ လယ်ကပြန်လာတော့မှ ဖြစ်နေတာတွေကိုသိပြီး ကျန်းမာရေးဌာနကို အကြောင်းကြားရတော့တာပဲ။ အမျိုးသမီးလေးကပဲ စားမိပြီး အဆိပ်သင့်သွားတယ်လို့ ယူဆလိုက်ကြတယ်။ အဲ့အမျိုးသမီးလေး ညပိုင်းမှာ ဆုံးပါးသွားခဲ့ပါတယ်။ ကျန်ရစ်သူမိသားစုအတွက်ရော ခံရသူအတွက်ပါ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။

.

တစ်ခါကလည်း အဘိုးအဘွားလင်မယား ရန်ဖြစ်ပြီး အဘွားကစိတ်ဆိုးပြီး သောက်မိသောက်ရာ သောက်လိုက်တဲ့ဆေးက ပါရာကွက် ဖြစ်နေပါရော။ အဲ့အဘွားလည်း လူးလူးလိမ့်လိမ့်နဲ့ပဲ ဆေးရုံရောက်ပြီး သိပ်မကြာခင် ဆုံးသွားပါတယ်။

.

ကျွန်တော့်အတွက်တော့ ပါရာကွက်နဲ့ပတ်သတ်ရင် စိတ်မချမ်းသာစရာတွေက များပါတယ်။ သေနှုန်းကလည်း မြင့်တာကိုး။ ရေရှည်အဆိပ်သင့်တဲ့သူတော့ မတွေ့ဖူးသလောက်ပဲ။ နည်းနည်းနဲ့ အကြာကြီးထိတွေ့နေတာကို အခု Paraquat Lawsuit လို ကေ့စ်တွေနဲ့ သေသေချာချာ မပြုစုထားနိုင်သေးလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ပါရာကွက်အဆိပ်သင့်မှု အများဆုံးက ဆေးကို မတော်တဆ (ဒါမှမဟုတ်) တမင်တကာ စားမိလို့ ဖြစ်တာများပါတယ်။ US မှာသုံးတဲ့ ပါရာကွက်ကို အခြားစားစရာ (ရေ၊ အရည်) တွေနဲ့ မမှားနိုင်အောင် အနံ့ပြင်းပြင်းနဲ့ ဆိုးဆေးတစ်မျိုးရယ်၊ စားလိုက်ရင်အန်စေတဲ့ ဓာတုပစ္စည်းတွေရယ်နဲ့ ရောထားတယ်လို့ ဖတ်ဖူးတယ်။ တကယ်လို့ အဲ့လိုမလုပ်ဘဲ ဒီအတိုင်း ဓာတုပစ္စည်းရိုးရိုးဆိုရင် စားစရာသောက်စရာတွေထဲ မတော်တဆရောပါနေရင် လူတွေမသိဘဲ စားမိရာက အဆိပ်သင့်နိုင်တာပေါ့။ အရေပြားပေါ် အကြာကြီးထိတွေ့မိရင်လည်း အဆိပ်သင့်မှု ဖြစ်စေနိုင်သလို၊ ရှူမိလို့ အဆိပ်က အဆုတ်ထဲရောက်သွားရင်လည်း အဆုတ်ကိုပျက်စီးစေပါတယ်။

ဒါ့အပြင် သူက လောင်ကျွမ်းစေတဲ့ ဂုဏ်သတ္တိလည်းရှိတယ်။ စားလိုက်ရင် ထိသမျှ ခံတွင်းနဲ့ အစာအိမ်လမ်းကြောင်း တစ်လျှောက်လုံးကို လောင်ကျွမ်းစေပါတယ်။ ဗိုက်နာတာ၊ ရင်ပူတာ၊ အစာအိမ်နဲ့ အူတွေ ပေါက်တာမျိုး ဖြစ်နိုင်တယ်။ ပြီးရင် အဆိပ်က တစ်ကိုယ်လုံးပျံ့သွားပြီး အဆုတ်၊ အသည်းနဲ့ ကျောက်ကပ်ကို အများဆုံးထိပါတယ်။

ကိုဗစ်ရောဂါနောက်ဆက်တွဲ အဆုတ်မှာ အမာရွတ်တွေကျန်သလို fibrotic scarring အမာရွတ်တွေ အဆုတ်မှာ အများကြီးဖြစ်၊ အဆုတ်ပျက်ပြီး အသက်ရှူရခက်ခဲစေပါတယ်။

သောက်သုံးမိလို့ အဆိပ်သင့်ပြီး တစ်နာရီအတွင်း Activated charcoal လို့ခေါ်တဲ့ဆေး ပေးလို့ရပေမယ့် အရမ်းတော့ မကောင်းသလို နောက်ကျသွားရင်လည်း အသုံးမဝင်ပါဘူး။ ပါရာကွက်က အလွန်‌လောင်ကျွမ်း‌‌စေတဲ့ သတ္တိရှိတာကြောင့် အစာအိမ်ကိုဆေးတဲ့နည်းလမ်းတွေ သုံးရင်လည်း အန္တရာယ်ကြီးပါတယ်။ အစာအိမ်ဆေးဖို့ ပိုက်ထည့်လိုက်မှ ကလီစာတွေ ပေါက်သွားတာ၊ ဒဏ်ရာရသွားတာတွေ ဖြစ်နိုင်လို့ပါ။ အဆိပ်ဖြေဆေး သီးသန့်မရှိတဲ့အတွက် ဖြစ်လာတဲ့ ပြဿနာတွေကိုပဲ နောက်ကလိုက်ကုရပါတယ်။ အန္တရာယ်များပြီး သေနှုန်းမြင့်တဲ့အဆိပ်ပါ။

..

..

ဒီလို အန္တရာယ်များလွန်းလှတာကြောင့် လူတစ်ဦးတစ်ယောက် ပါရာကွက် အဆိပ်သင့်တယ်လို့ထင်ရင် အခင်းဖြစ်ရာနေရာကနေ လူနာကို အမြန်ရွှေ့ရပါမယ်။ အဝတ်အစားတွေကို လဲပစ်ပြီး ရေ၊ ဆပ်ပြာတွေနဲ့ ထိတွေ့ရာနေရာတွေကို သေချာဆေးပါ။ ပြီးရင်တော့ ဆေးကုသမှုခံယူဖို့ အမြန်ဆုံးဆက်သွယ်ပါ။ လဲထားတဲ့ အဝတ်အစား၊ အသုံးအဆောင်၊ လက်အိတ်တွေကို ပလတ်စတစ်အိတ်နဲ့ထုပ်ပြီး သေချာစွန့်ပစ်ဖို့လိုပါတယ်။

ပါရာကွက်ဆေးဟာ လူနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်တာကြောင့် တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ တောင်ကိုရီးယားနဲ့ ဥရောပနိုင်ငံတွေ စတဲ့နိုင်ငံ (၆၀) ကျော်မှာ ban လုပ်ထားပါတယ်။ ဥပဒေအရကို မသုံးခိုင်းတော့တာပေါ့။ US မှာတော့ သတ်မှတ်ထားတဲ့သူတွေပဲသုံးဖို့ အသုံးကို ကန့်သတ်ထားပါတယ်။

အခုလို ပါကင်ဆန်ရောဂါ ပိုဖြစ်စေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဥပဒေကြောင်းအရ ပြဿနာတွေဖြစ်ကြတော့ ပိုးသတ်ဆေးထုတ်တဲ့ ကုမ္ပဏီကြီးတွေက ငြင်းဆိုပြီး ပြန်ချေပပါတယ်တဲ့။ ပေါင်းပင်ဖျက်ဆီးမှုက သီးနှံထွက်နှုန်းမှာ အရေးကြီးတာကြောင့် ပါရာကွက်ဆေးကိုမသုံးဖို့ တားလို့မဖြစ်နိုင်ဘူးပေါ့နော်။

ဒါပေမယ့် ပါရာကွက်ဆေးမသုံးပေမယ့် သီးနှံအထွက်နှုန်းမလျော့ဘူး အဆင်ပြေတယ်ဆိုတဲ့ လေ့လာတွေ့ရှိချက် study တွေကို အိန္ဒိယ၊ ထိုင်ဝမ်နဲ့ တောင်ကိုရီးယား စတဲ့နိုင်ငံတွေမှာ ပြုလုပ်ထားတာ ရှိပါတယ်။ အဲဒီတော့ ပါရာကွက်ဟာ စိုက်ပျိုးရေးမှာ လုံးဝမသုံးဘဲလည်း နေလို့ရတဲ့ ဆေးပါပေါ့။

ပြီးတော့ ဒီလို ban လိုက်တာက သီးနှံထွက်နှုန်း မလျော့ပေမယ့် အဲဒီ့နိုင်ငံတွေမှာ ပါရာကွက်ကြောင့် လူသေနှုန်းတော့ သိသိသာသာကြီး လျော့သွားပါတယ်တဲ့။

ယူအက်စ်မှာတော့ ပါရာကွက် အသုံးများသလို Paraquat Lawsuit မှာလည်း ခံရတဲ့သူတွေ ထပ်ထပ်တိုးလာပါတယ်တဲ့။ Paraquat Lawsuit အရ ပါရာကွက်ဆေးနဲ့ နီးစပ်တဲ့သူတွေမှာ ပါကင်ဆန်ရောဂါဖြစ်တာကို တရားစွဲဆိုပြီး အထောက်အထားပြနိုင်ရင် ထုတ်လုပ်တဲ့ကုမ္ပဏီတွေဆီက လျော်ကြေးရမှာဖြစ်သလို၊ ပါရာကွက်အန္တရာယ်ကိုလည်း လူထုက‌ရော ဥပဒေအရရော အသိများလာပြီး ဒီဆေးကို အသုံးပိတ်လို့ရမှာမို့ ကြိုးစားနေကြတာပါ။ ဘယ်လိုဆက်ဖြစ်မယ်တော့ စောင့်ကြည့်ရမှာပဲ။

..

..

နိုင်ငံတကာမှာ ဘာ‌တွေပဲဖြစ်နေဖြစ်နေ ကျွန်တော်တို့ကတော့ အားကျဖို့ပဲ တတ်န်ိုင်ပါ‌သေးတယ်။ နိုင်ငံက ဥပဒေစိုးမိုးမှုမှ မရှိတာမို့လား… ပြည်သူကို ပြည်သူအချင်းချင်းပဲ အကာအကွယ်ပေးနိုင်တာပါ။

အဲ့ဒါကြောင့် ပိုးသတ်ဆေးတွေ သုံးနေရသရွေ့တော့ ပိုးသတ်ဆေးဘူးတွေကိုင်တွယ်ရင် အညွှန်းအတိုင်း စနစ်တကျလိုက်နာပေးပါ။ ဆေးဖျော်နည်း အချိုးအစား မှန်ပါစေ။ ဆေးဖြန်းမယ့် ပတ်ဝန်းကျင်အခြေအနေ မှန်ပါစေ။ လေဆန်အရပ်မှ ဆေးဖြန်းပါ။ လေ အလွန်တိုက်တဲ့နေ့၊ မိုးရွာတဲ့နေ့ မဖြန်းရပါ။ ဆေးဖြန်းအပြီး သေချာသန့်စင်ပါ။

ဆေးဘူးထဲကဆေးရည်တွေကို တခြားဘူးတွေထဲ အမှတ်အသားမရှိ ပြောင်းထည့်တာမျိုး၊ ကလေးတွေနဲ့ လက်လှမ်းမီရာမှာထားတာမျိုး မလုပ်ပါနဲ့။ ဆေးဖြန်းအပြီး စိုက်ခင်းထဲပြန်ဝင်ရမယ့်အချိန်ကို မှတ်ထားပြီးလိုက်နာပါ။

မိမိအတွက် အန္တရာယ်မကျအောင် ဂရုစိုက်သလို စားသုံးသူလည်း အန္တရာယ်မကျအောင် ဆေးဖြန်းပြီး ဘယ်နှစ်ရက်နေမှ စွတ်ပါဆိုရင် အဲဒီ့အတိုင်းလိုက်နာပြီး ခူးစွတ်ပေးပါ။ ပိုးသတ်ဆေး အာနိသင်မပြယ်သေးဘဲ စိတ်လောပြီး ကြိုမခူးပါနဲ့။ စားတဲ့သူတွေကလည်း ရေနဲ့သေချာဆေးပြီး စားကြပါနော်။

ကိုယ့်ပြည်သူ‌တွေကို အခြားနိုင်ငံတွေလို ခေတ်မီ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ဥပဒေ‌ရေးရာ ကာကွယ်မှုတွေ ရစေချင်ပေမယ့် အခုချိန်က ကိုယ်ထူကိုယ်ထအချိန်မို့ ဒီကနေ အသိပညာပေးတာမျိုးပဲ တတ်နိုင်ပါတယ် ခင်ဗျာ။ အားလုံးပဲ ဂရုစိုက်ကြပါ…..

ပြည်သူအားလုံး ဘေးကင်းကြပါစေ….

အဆိပ်အမျိုးမျိုး အန္တရာယ်မှလည်း လွတ်ကင်းကြပါစေလို့ တောင်းဆုပြုလျက်ပါ…..။

အထူးကုသမားတော်တစ်ဦး

တယ်လီကျန်းမာ

Reference : ????

https:// link. springer .com/article/10.1007/s11356-022-24951-0

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here