တယ်လီကျန်းမာအွန်လိုင်းဆေးခန်းကို လာပြတဲ့လူနာတွေထဲမှာ အသည်းအဆီဖုံးလို့ ဘယ်လို စားသောက်နေထိုင်ရမလဲလို့ ခပ်စိပ်စိပ် မေးလာကြတာတွေ့ရပါတယ်။

ဒါကြောင့် အသည်းအဆီဖုံးတဲ့အခါ ဘယ်လိုနေထိုင်စားသောက်ရမယ်ဆိုတာလေးကို ဒီတစ်ပတ်ရဲ့ အာဟာရကဏ္ဍလေးမှာ ပြောပြပေးသွားပါမယ်နော်…

..

..

တကယ်လည်း မြန်မာလူမျိုးတွေ အသက်လေးငါးဆယ်လောက်ဖြစ်လာတဲ့အခါ ဗိုက်ပူခါးတုတ်တွေ ဖြစ်၊ သွေးတိုးဆီးချိုလေး စ၀င်လာပြီး လူကလေးလံ၊ နေလို့ထိုင်လို့မကောင်း၊ အိမ်အလုပ်အပြင် အထွေအထူး အပြင်ထွက်တာတို့ ကိုယ်လက်လှုပ်ရှားမှုတို့ သိပ်မလုပ်ဖြစ်တော့တာ များပါတယ်။ ဒီ့အတွက် နောက်ဆက်တွဲ အမှုတွဲကတော့ အသည်းအဆီဖုံးပေါ့….။

ဒီလို လူနေမှုပုံစံကြောင့် သွေးလှည့်ပတ်မှုကို နည်းစေပြီး သွေးတွင်းအဆီတွေနဲ့ တခြားရောင်ရမ်းစေတဲ့ ဟော်မုန်းတွေပါ စုဝေးလာပြီး အသည်းတွင်းမှာပါ အဆီတွေ စုလာစေပါတယ်။

မြင်သာအောင်ပြောရရင်တော့ အသည်းက အစာချက်တဲ့ မီးဖိုဆောင်လိုပါဘဲ။ နိစ္စဓူဝ စားသမျှသောက်သမျှကို သူက ဒိုင်ခံချက်ပြုတ်၊ ဆေးကြောရပြီး ပြန်လည် သန့်ရှင်းရေး မလုပ်ဖြစ်တဲ့အခါ (ကိုယ်လက်လှုပ်ရှားမှုကို မီးဖိုဆောင်သန့်ရှင်းရေးလို့ ယူဆပေးပါ) မီးဖိုဆောင်ကြီးက ဆီဂျီးတွေတက်၊ ကျပ်ခိုးတွေတက်နဲ့ စားဖိုဆောင်က ရှုပ်ယှက်ခတ်နေပြီး အလုပ်လုပ်ရ မတွင်တော့တာမျိုးပေါ့။

..

..

အသည်းအဆီဖုံးမှုကို ကယ်တင်ပေးမယ့်သူရဲကောင်း၊ အဓိက အရေးကြီးဆုံး ဇာတ်ဆောင်ကတော့ ကိုယ်လက်လှုပ်ရှားမှုပါပဲ။

ပြောရတာ လွယ်သလောက် လုပ်ရတာ အပျင်းအတစ်စေဆုံးပါ။ တစ်နေ့ နာရီ၀က်လမ်းလျောက်ပေးတာကနေ အားကစားခန်းမမှာ လေ့ကျင့်ခန်းတွေလုပ်တာမျိုးအထိ ပုံစံမျိုးစုံလုပ်နိုင်ပါတယ်။ အဓိကကတော့ မောဖို့၊ ချွေးထွက်ဖို့နဲ့ ပင်ပန်းလိုက်တာလို့ ခံစားရတဲ့အထိ လုပ်ဖို့ပါ။ တစ်နေ့နာရီ၀က်တော့ လမ်းလျောက်ပါရဲ့…. ဖြေးဖြေးလေး တစ်လှမ်းစီလျှောက်ရင်တော့ သိပ်အကျိုးမထူးစေဘူးပေါ့နော်။

ကိုယ်လက်လှုပ်ရှားမှုလုပ်တာအပြင် ကိုယ်အလေးချိန် ရှိရင်းစွဲရဲ့ (၁၀) ရာခိုင်နှုန်း ကျသွားရင်ကို အသည်းအဆီဖုံးတာလျော့ပြီး အသက်ရှည်နိုင်ပါတယ်။ ဥပမာ – ပေါင် (၂၀၀) ရှိိသူဆို ကိုယ်အလေးချိန် ပေါင် (၂၀) ကျပြီး ပေါင် (၁၈၀) ဖြစ်သွားရင်ကို တော်တော်ကောင်းနေပါပြီ။

(၀ိတ်ချဖို့ ဘယ်လိုချမလဲ အသေးစိတ်ကတော့ အရင် တင်ခဲ့ဖူးတဲ့ဆောင်းပါးကို ကောမန့်မှာ လင့်လေးပေးထားပါတယ်…)

အဓိကကတော့ ကယ်လိုရီများတာ လျှော့စားရမှာပေါ့။ အဆီနဲ့လုပ်တာ တော်တော်များများနဲ့ ဆီကြော်တွေရှောင်၊ မုန့်ပဲသွားရည်စာနဲ့ အချိုရည်တွေလျှော့ရင်ကို ၀ိတ်ကျနိုင်ခြေရှိပါတယ်။ ခါတိုင်းစားနေကျထက် တစ်နေ့ ကယ်လိုရီ (၅၀၀) လောက်လျှော့စားပြီး တစ်ပတ်ကို တစ်ပေါင်နဲ့ တစ်လ (၃ – ၄) ပေါင်လောက်ဖြေးဖြေးကျတာမျိုးက ပိုသင့်တော်ပါတယ်။

ဒီတော့ ဘာတွေ ရှောင်ရမလဲ ?

ရှောင်ရမှာတော့ အများကြီးမရှိပါဘူး … ဒါလေးပါပဲ…

????????????

၁။ သကြားနဲ့ သကြားလိုမျိုး ပစ္စည်းတွေ

သကြား၊ နို့ဆီ၊ သကာရည်၊ ထန်းလျက်၊ ပျားရည်၊ အခြား syrup နဲ့ ဖျော်ရည်အဆီတွေ၊ ဖျော်ရည် လုပ်ငန်းသုံး သကြားပါ၀င်တဲ့ ပစ္စည်းတွေ၊ ရေခဲမုန့်၊ သကြားလုံး

.

၂။ ယမကာမျိုးစုံ

Alcohol ပါ၀င်တဲ့ ဘယ်အရာမဆို ဘီယာကအစ ရှောင်သင့်ပါတယ်။ အသည်းအဆီဖုံး ပိုဆိုးစေနိုင်ပါတယ်။

.

၃။ ဆေးမြီးတိုတွေ၊ ၀ိတ်ချကော်ဖီနဲ့ အခြားအလားတူတွေ

ဆေးမြီးတိုတွေ၊ တိုင်းရင်းဆေးတွေနဲ့ အချို့အင်္ဂလိပ်ဆေးတွေဟာ အသည်းကို အလုပ်ပိုစေတာမို့ အသည်းရောင်လွယ်ပါတယ်။

.

၄။ ထပ်ခါထပ်ခါ ပြန်ကြော်ဆီနဲ့ ပြုလုပ်တဲ့ အစားအစာတွေ

Trans fat ပါ၀င်တာကြောင့် ဆိုင်ကအကြော်စုံဆို ရင်နာနာနဲ့ လမ်းခွဲလိုက်ပါ….????

✔️အစားအစာနဲ့ပတ်သက်တဲ့ လိုက်နာရမယ့် အခြေခံအချက်တွေကတော့…

– တစ်ခါထဲနဲ့ အများကြီးမစားပါနဲ့

– အစားအစာ တစ်မျိုးထဲကို အလွန်အကျွံစားခြင်းကို ရှောင်ပါ

– တာရှည်ခံအစားအစာတွေထက် လတ်ဆတ်တာတွေ ပိုစားပါ

– ကစီဓာတ်လွန်ကဲတဲ့ အစားအစာတွေကို ရှောင်ပါ

– ထမင်းစားတဲ့အခါ ပန်းကန်ကို (၄) ပုံ ပုံပါ။

(၁) ပုံက ထမင်း/ အာလူး/ ခေါက်ဆွဲ…

(၁) ပုံက အသား/ ငါး/ ပဲ…

ကျန် (၂) ပုံက အမျှင်ဓာတ်များတဲ့ အသီးအရွက်တွေ…စတဲ့ပုံစံနဲ့ စားပါ။

– ဘယ်အစားအစာပဲစားစား ကစီဓာတ်တစ်မျိုးထဲပါတာမျိုးကို ရှောင်ပါ။

(ဥပမာ – ကောက်ညှင်းပေါင်းဆို ကစီဓာတ်တစ်မျိုးပဲပါလို့ သူ့ချည်းစားတာ မသင့်တော်ပါဘူး)

❗ဒါတွေအစား….ဒါတွေ ပြောင်းစားပါ။

• ထမင်းဖြူအစား…. ဆန်လုံးညိုစားနိုင်ရင် ပိုကောင်းပါတယ်။ အဲဒီလိုပဲ ပေါင်မုန့်အဖြူအစား အညို၊ ကွေကာအုတ် oatmeal ဆိုလည်း whole grain ဖြစ်တဲ့ဟာ အမျှင်ဓာတ် (fibre) ပိုများတာ ရွေးချယ်စားသုံးသင့်ပါတယ်။

• မိုင်လို၊ စတော်ဘယ်ရီနို့၊ ဘာဘယ်တီး စတာတွေအစား…. သကြားမထည့်ထားတဲ့ ကြိုချက်ထားတဲ့ နွားနို့သာ သောက်ပါ။ ပဲနို့ သောက်ချင်တယ်ဆိုရင် သကြားမပါလို့ ရေးထားရင် သောက်နိုင်ပါတယ်။

• အာလူးကြော်နဲ့ ဘီစကွတ်တွေအစား…. ပဲပြုတ် သုပ်စားတာတို့၊ လတ်လတ်ဆတ်ဆတ် အသီးစားတာတို့လုပ်ပါ။

• ယ်ိုစုံတွေ၊ အသီးယိုတွေ၊ ဆီးသီးနဲ့ စပျစ်သီးခြောက်တွေအစား…. ပန်းသီး၊ မာလကာသီး၊ လိမ္မော်သီး တို့ကို စားပါ။ တစ်ရက်ကို တစ်လုံးထက် ပိုမစားပါနဲ့။ ငှက်ပျောသီးဆိုလည်း တစ်ရက်ကို တစ်ခြမ်းထက် ပိုမစားတာကောင်းပါတယ်။ ဒူးရင်းသီး၊ ပိန္နဲသီးကတော့ ပြောစရာမလိုအောင် ရှောင်ပါ။

• အသီးဖျော်ရည်တွေအစား…. အသီးလတ်ဆတ်တာစားပါ။

• ဖျော်ရည်အစား…. ရေခဲရေသာ သောက်ပါ။

• ရိုးရိုးသကြားအစား…. ဆီးချိုသကြား သုံးပါ။

• နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာလည်း low fat ရှာ၀ယ်လို့ရရင် ပိုကောင်းပါတယ်။

• ဒိန်ချဥ်ဆိုလည်း စတော်ဘယ်ရီလို အရသာပါတာထက် ရိုးရိုးကိုပဲ သကြားမထည့်ဘဲသောက်တာ ပိုကောင်းပါတယ်။

• ချင့်ချိန်ပြီးစားပါ (စျေးဖိုးတွက်ချက်ကြရသလိုပဲ စားမိတာတွေကိုလည်း သင့်/မသင့်၊ တန်/မတန် ချင့်ချိန် တွက်ချက်ပါ) ကယ်လိုရီတွက်ချက်နိုင်ရင် ပိုကောင်းပါတယ်။ မိမိ တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီထက် လျှော့စားပေးပါ။

• မုန့်ဟင်းခါးစားရင် မုန့်ဖတ်နည်းနည်း ဟင်းရည်များများနဲ့ အကြော်မထည့်ဘဲ စားနိုင်ပါတ​ယ်။

ဘာတွေစားလို့ရလဲ ???? ?

ရှောင်ရမှာတွေကလွဲလို့ ကျန်တာတွေကို အချိုးအစား မျှအောင်စားရင် ရပါတယ်။ မနက်စာ၊ နေ့လည်စာ စားတဲ့အခါ အထက်ပါ ရေးထားတဲ့အတိုင်း (၄) ပုံ ပုံပြီး အချိုးအစား မျှတစွာစားပါ။

အသားငါးအမျိုးမျိုး၊ ဥအမျိုးမျိုးနဲ့ ပဲအမျိုးမျိုး၊ တိုဖူး၊ အစေ့အဆန်၊ ဟင်းသီးဟင်းရွက် စတာတွေကိုကြိုက်သလောက်စားနိုင်ပါတယ်။

.

အချုပ်ပြောရရင်တော့ သဘာ၀နဲ့နီးစပ်တဲ့ လတ်လတ်ဆတ်ဆတ်တွေကို စားပါ။ အချိုးကျကျစားပါ၊ အလွန်အကျွံမစားပါနဲ့။ ဟင်းသီးဟင်းရွက်ပိုစားပါ၊ ကစီဓာတ်များတာနဲ့ အချိုကဲတာတွေ ရှောင်ပါ။ တတ်နိုင်သလောက် ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ၊ ၀ိတ်လျော့ပါ။

.

“ အသည်းအဆီဖုံးခြင်း ကင်းဝေးပြီး အားလုံးပဲ ကျန်းမာကြပါစေ”

အာဟာရဆရာ၀န်တစ်ဦး

Reference : Fatty liver diet guidelines – MNGI

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here