” ဆရာမရေ…ဆရာမ….ဆေးခန်းပြချင်လို့ “

အညာနွေ၏ တဖြည်းဖြည်း မြင့်သထက်မြင့်လာနေသော အပူရှိန်များအကြား… အခန်းအပြင်ဘက်မှ အမျိုးသမီးတစ်ယောက်၏ ခေါ်သံ…

ထိုအသံကြောင့် ကျွန်မလည်း အမျိုးသမီးတို့၏ လစဥ်ခံစားနေကျ နာကျင်မှုသက်သာစေရန် အိပ်ရာထက်တွင် လဲလျောင်းနေသည်မှ ထ၍ အခန်းအပြင် ထွက်ကြည့်လိုက်ရတော့သည်။

” မနက်ကတော့ မလာဘဲနဲ့ နေပူကျဲတဲကြီးမှ ရွေးလာရသလား “

ပါးစပ်ကလည်း ပွစိပွစိပြောရင်း ရောက်လာသူတို့ကို ဆေးခန်းရှိရာသို့ ဦးဆောင်ခေါ်လာမိသည်။

စိတ်မကြည်လင်စွာ ပြောလိုက်မိသည်ကို ဗွေမယူဘဲ….လသားအရွယ် ကလေးငယ်ကို ခါးထစ်ခွင်ချီလျှက် ခြောက်နှစ်သားခန့် ကလေးကို လက်ဆွဲထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသမီးက ကျွန်မကို ပြုံးရင်း ပြန်ပြောရှာသည်…

” မနက်က ကလေးက စာသင်နေရလို့ ဆရာမရေ… ခုမှ ရေချိုးလာရင်း ဆေးခန်းတစ်ခါတည်း ဝင်လာပြတာ “

ကျွန်မတို့ ဆေးခန်းတည်ရှိသော နေရာကား အညာမြေ၏ တော်လှန်ရေး စိုးမိုးနယ်မြေအစပ်တွင် တည်ရှိပြီး မကြာခဏစစ်ကြောင်းထိုးခံရ၊ မီးရှို့ဖျက်စီးခံရသော ဒေသ ဖြစ်သည်။

ရွာခံပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး နီးစပ်ရာ လယ်ထဲ ယာထဲတွင် တဲထိုးရင်း စစ်ရှောင်ရင်း လယ်ယာလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရရှာသော နေရာဆိုလည်း မမှား။

စစ်ကြောင်းသံ ကြားသည့်အခိုက် လုပ်ငန်းခွင်နဲ့ ခေတ္တကွန်းခိုရာ ဂေဟာတဲနန်းတွေကို ရှောင်ခွာပြီး တောတောင်လျှိုကြား (ဒါမှမဟုတ်) နီးစပ်ရာ စခန်းတစ်ခုခုမှာ ယာယီရှောင်ကြ တိမ်းကြသည့် အခြေအနေ…

မဖြစ်သာသည့် အခက်အခဲများကြား ရုန်းရင်းကန်ရင်း အသက်ဆက်နေရသည့် ဘဝတွေ…

ဒီလိုအခက်အခဲတွေကြား….စစ်ကောင်စီ မတရားအာဏာသိမ်းသည့် နှစ်နှစ်တာကာလအတွင်း ဤအညာကျေးလက်ဒေသရှိ ကလေးများ၏ ပညာရေးသည်လည်း နှောင့်နှေးကြန့်ကြာ နေခဲ့ရသည်မို့ လက်ရှိအချိန်တွင် နီးစပ်ရာ စေတနာ့ဝန်ထမ်း ဆရာ/ဆရာမများက စာသင်ကြားပေးနေခြင်းဖြစ်သည်။

..

..

ဖျားနေသည့် ၆ နှစ်အရွယ်ကလေးကို ကြည့်လိုက်တော့ ရေရှားသည့် အညာနွေ စစ်ဘေးသင့်ဒေသရှိ ကလေးပီပီ အဝတ်အစားခပ်နွမ်းနွမ်းမှာ ဂျီးအထပ်ထပ်နှင့် ကလေးမျက်နှာမှာ နီမြန်းလျှက်။

“ သား… မနက်က အစာရော စားခဲ့လား ဘာစားခဲ့လဲ”

“ စားတယ်ဆရာမ ထမင်းနဲ့ အာလူးချက်စားခဲ့တယ်”

“ အန်သေးလား၊ ဗိုက်ကောနာလား”

“ မအန်ဘူး ဆရာမ ဗိုက်လည်းမနာဘူး”

“ ဖျားတာ ဘယ်နှစ်ရက် ရှိပြီလဲ”

“ မနေ့ညနေက ရေချိုးပြီး မနက်ကမှ ဖျားတာ”

အပူချိန် 102°F ရှိနေသော်လည်း ကလေးက သွက်လက်လန်းဆန်းစွာ မေးသမျှကို ဖြေပေးနေသည်။

မေးသင့်တာတွေ မေးမြန်းနေရင်း တစ်ဖက်ကလည်း ကလေးကို စမ်းသပ်ပြီး လိုအပ်သည့်ဆေးများကို ကလေးကိုတလှည့် အမေဖြစ်သူကိုတလှည့် သေချာသောက်ဖို့ တိုက်ဖို့ ညွှန်းအပြီး…

ထုံးစံအတိုင်း စကားအရှည်ကြီးကို မှာကြားလိုက်မိတော့သည်…

..

“ ကလေးကို ကိုယ်ပူနေလို့ ဖျားနေလို့ဆိုပြီး ရေမချိုးခိုင်းဘဲ မနေနဲ့နော်။ အစာမစားချင်လို့ဆိုပြီး ဘာမှမကျွေးဘဲလည်း မထားနဲ့ ၊ သူထမင်းစားချင်စိတ်မရှိရင် ဆန်ပြုတ်ဖြစ်ဖြစ် ခေါက်ဆွဲပဲဖြစ်ဖြစ် ပြုတ်ကျွေး ….

ဘာမှမရှိဘူး မစားချင်ဘူးဆိုရင်တောင် ကွေကာအုပ်နဲ့ မုန့်လေးနဲ့ ကျွေး။ တစ်ခါတည်း အများကြီး မစားနိုင်ရင် နည်းနည်း နည်းနည်းနဲ့ ခဏခဏကျွေးပေး…

သားကလည်း အစာမစားဘဲ မနေနဲ့နော်။ ဓာတ်ဆားရည်လည်း သေချာသောက်နော်…

အမေက နောက်ရက်နေလို့ ကလေးက ကိုယ်ပူကျသွားပြီဆိုပြီး ပေါ့ပြီး ပစ်မထားနဲ့ဦး။ အစာမစားဘူး မလန်းဆန်းဘူး မှိန်းနေတယ်ဆို ဆေးခန်း ပြန်လာပြဦး။ လန်းလန်းဆန်းဆန်းနဲ့ အစာစားတယ်ဆိုရင် ရတယ် မလာနဲ့တော့ သိလား”

ဒီဒေသက ကလေးတွေနဲ့ မိဘတွေရဲ့ထုံးစံကို နောကျေနေပြီမို့ မနားတမ်း တရစပ် ပါးစပ်သေနတ်ပစ်နေတဲ့ ကျွန်မကိုကြည့်ရင်း ကလေးငယ်ကို ခါးထစ်ခွင်ထားနဲ့အမျိုးသမီးက “ ဟုတ်ကဲ့ပါ ဆရာမရယ်” ဟု ပြုံးရင်း ဆိုလေသည်။

..

..

အားလုံးပြီးသွားပြီမို့ စိတ်ကို ဒုန်းဒုန်းချပြီး ကလေးအမေကို ပြုံးပြလိုက်မိရင်း မျက်နှာကို စေ့ငုကြည့်မိသောအခါမှ….

အလို…

မိခင်ဖြစ်သူမှာ ဆံပင်များဖွာလန်ကျဲလျှက် မျက်နှာလည်း ဖြူဖျော့လို့ နေပါလား….

ဘာဖြစ်လို့ပါလိမ့် ?

သွေးအားနည်းနေတာလား…

အာဟာရပြည့်အောင် မစားဖြစ်တာလား…

ရုတ်တရက် ကျွန်မလည်း တစ်စုံတစ်ခုကို သတိရသွားသဖြင့်..

“ နေပါဦး…လက်ထဲက ကလေးက ဘယ်နှစ်လရှိပြီလဲ”

“ ခုနှစ်လ ဆရာမ”

” အမျိုးသားကရော အိမ်မှာ အတူတူရှိလား”

“ ရှိတယ်ဆရာမ”

” အဲဆို တားဆေးရော သုံးရဲ့လား ဘာဆေးသုံးလဲ၊ စားဆေးလား ထိုးဆေးလား ? ? “

စိတ်ပူပန်စွာဖြင့် ဗြုန်းစားကြီး မေးချလိုက်သော ကျွန်မ၏ အမေးစကားကြောင့် ထိုအမျိုးသမီးမျက်နှာသည် အိုးတိုးအန်းတန်းဖြစ်လျှက်…

“ မသုံးဖြစ်ဘူးဆရာမရဲ့ ကျုပ်ရာသီသွေးမပေါ်သေးတာနဲ့ စောင့်နေတာ”

“ ဘုရားရေ.. ခင်ဗျားကို ရာသီသွေးပေါ်မှ တားဆေးသုံးရမယ်လို့ ဘယ်သူကများပြောသတုန်း…နေပါဦး အမအသက်ကရော ဘယ်နှစ်နှစ်လဲ”

“ ၃၃ နှစ်…ဆရာမ”

” သားသမီးရော ဘယ်နှစ်​ယောက်ရှိပြီလဲ”

” ကိုးယောက်”

ရှက်ပြုံးပြုံးရင်း ပြောလိုက်သော အမျိုးသမီးရဲ့ စကားသံနောက်မှာတော့ ကျွန်မစိတ်ထဲ နောက်တစ်ကြိမ် ဘုရားတလိုက်မိတော့သည်။

..

..

အသက်က ၃၃ ..မွေးထားတာက ၉ယောက်

အရွယ်ရောက်ကတည်းက ကလေးနို့တိုက်မှ ပြတ်ရဲ့လား…

ကောင်းကောင်းမွန်မွန်မှ စားသောက်ဖြစ်ရဲ့လား…

သားဆက်ခြားနည်းတွေလည်း စနစ်တကျ သိပုံမရ..

စိုးရိမ်စိတ်က ဖျားနေသည့် ကလေးဘက်ကနေ အမေဘက်သို့ လှည့်သွားသည်။

” မမရယ် ရှင့်အသက်က ခုမှ သုံးဆယ့်သုံးနှစ်ပဲ ရှိသေးတယ်… ကလေးက ကိုးယောက်ရှိနေပြီ။ ဒါကို တားဆေးမသုံးဘူးဆိုတော့ ရှင်က ခုကာလ နောက်ထပ်ကလေးရရင် ယူဦးမလို့လား။ ယူလို့ရော အဆင်ပြေဦးမယ်များ ထင်သေးလား” ဟု သူတို့ဘဝဒုက္ခတွေကို မျက်မြင်ကိုယ်တွေ့သိ‌နေသူ ကျွန်မလည်း ဂရုဏာဒေါသောနဲ့ ဆူဆူပြောပြော လုပ်မိတော့သည်။

အမျိုးသမီးကတော့ ပြုံးပြုံးလေးပင် ပြန်ကြည့်နေရှာသည်။

သူပြုံးနိုင်သော်လည်း…

ကိုယ့်မှာ မပြုံးနိုင်ပါ။

ကျန်းမာရေး အသိပညာပေးတွေလည်း အများကြီး ပြောဖြစ်လိုက်မိသည်။

” အစ်မရဲ့… သားအိမ်ဆိုတာလေ ကလေးတွေဆော့တဲ့ ပူစီဖောင်းလိုပဲ။ ကလေး ခဏခဏမွေးတဲ့ သားအိမ်က ကြွက်သားတွေ အားပျော့သွားတာ။ အဲ့လိုဆို ကလေးမွေးရင်း သွေးသွန်တာ၊ သားအိမ် ပြောင်းပြန်လန်တာတွေ၊ သားအိမ်ကွဲတာတွေ ဖြစ်လာမှာ။ ကလေးတွေကလည်း တအားနီးရင် အာဟာရမပြည့်တာ၊ ချူချာတာ၊ အမေကျန်းမာရေး မကောင်းတာတွေ ဖြစ်တာပေါ့။ ခုနေခါမျိုးမှာ ပိုတောင် သတိထားပြီး ဂရုစိုက်ရမယ် သိရဲ့လား”

“ ကလေးမွေးပြီးလို့ နို့တိုက်နေရင် ရာသီပြန်လာဖို့က လနဲ့ချီ ကြာတယ်။ တားဆေးထိုးဖို့ ရာသီလာတာ စောင့်လို့ မရဘူး။ ကလေးတန်းပြီး ထပ်ရသွားလိမ့်မယ်။ မွေးပြီး ၄၅ ရက်နေတာနဲ့ ထိုးရမှာ”

ပြောသမျှကို ပြုံးပြုံး ပြုံးပြုံးဖြင့် နားထောင်ရင်း နောက်ဆုံးမှာတော့ အမေလည်း သဘောပေါက်သွားပြီး အခုပဲ သားဆက်ခြားဖို့ ထိုးဆေးထိုးသွားမယ် လုပ်တော့သည်။

သည်အခါမှ အခက်တွေ့သည်က လက်ရှိဆေးခန်းတွင် ထိုးဆေး ကုန်နေကြောင်း သိလိုက်ရသဖြင့်…. နီးစပ်ရာ မြို့ပေါ်က ဆေးခန်းတစ်ခုမှာ သွားထိုးဖို့ ပြောသည့်အခါ…. ပြန်ဖြေလိုက်သည့် စကားတစ်ခွန်းကြောင့် ကျွန်မ ရင်ထဲမယ် ဆို့နင့်သွားသည်။

” ဆရာမရယ် ဒီကာလ ဒီအခြေနေကြီးနဲ့ ကျုပ်တို့မယ် အဲ့လို မြို့ကို ဆေးသွားထိုးလို့မှ မဖြစ်နိုင်တာ” တဲ့….

ပြောသမျှ အမြဲပြုံးပြီး နားထောင်နေတဲ့ မမပြုံးလေးက မပြုံးနိုင်တော့ဘဲ ပြောချလိုက်တဲ့ စကားတစ်ခွန်းကြောင့် ကျွန်မရင်ထဲ တကယ့်ကိုပဲ ဆို့ဆို့နင့်နင့် ခံစားလိုက်ရပါတယ်…

ဘာကို အားနာလို့နာမှန်းမသိ အားလည်းနာသွားမိပါတယ်။

ပညာရေးအသိ၊ ကျန်းမာရေးအသိ နောက်ကျတဲ့ ဟောသည် ကျေးလက်အညာဒေသလေးဟာ တော်လှန်ရေးအသိမှာတော့ မြို့ပေါ်က​ တချို့ရေ​​ပေါ်ဆီတွေထက် ပိုသာနေခဲ့ပေမယ့်၊ စစ်ရဲ့ဒဏ် လူမဆန်တဲ့ စစ်ဘီလူးတွေရဲ့ဒဏ်ကိုလည်း အလူးအလဲခံနေရရှာတာ မဟုတ်လား။

ဆေးခန်းမှာ ဆေးရှိတဲ့အချိန်….

နောက်ရက်များကျမှ တားဆေး လာထိုးတော့မယ်လို့ပြောရင်း….ဆေးခန်းထဲကနေ တရွေ့ရွေ့ထွက်ခွာသွားတဲ့ ကျောပြင်လေးတွေကို ကြည့်ရင်း….

“ နောက်ဆို အမတို့လို လူတွေကို ပိုပြီးစိတ်ရှည်၊ ပိုပြီးဂရုစိုက်၊ ဒီထက်ပိုကောင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မူတွေရဖို့…ပိုကြိုးစားပါ့မယ်” လို့…..

ကျွန်မ ကတိတွေ အထပ်ထပ်ပေးနေမိပါတော့တယ်…..။

.

ယိမ်းင်

(မြေပြင်တစ်နေရာမှ CDMသူနာပြု/သားဖွားဆရာမတစ်ဦး)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here