ရုပ်ရှင်တွေထဲမှာ အိမ်ကအဘိုးကြီးက အတွင်းရေးမှူးမလေးနဲ့ တွဲခုတ်နေတာကို ရုတ်တရက် မြင်လိုက်ရတဲ့အခါ (ဒါမှမဟုတ်) သမီးအပျိုလေးက ယောကျာ်းနောက် လိုက်သွားတယ်လို့ သိရတဲ့အခါ ရင်ဘတ်လေးဖိပြီး လဲကျသွားတဲ့ မေမေကြီးတွေကို မကြာခဏတွေ့ဖူးကြမှာပါ။

အဲဒီလို အပြင်းအထန် စိတ်ထိခိုက်ရတာကို အသည်းကွဲတယ်လို့ တင်စားပြောကြပေမယ့် တကယ်တော့ အသည်းက ဘာမှမဖြစ်ဘဲ (စိတ်ညစ်ပြီး အရက်အလွန်အကျွံသောက်ရင်တော့ အသည်းထိပါတယ်) နှလုံးသားမှာ တကယ်ဒဏ်ရာအနာတရ ဖြစ်သွားတာကို အသည်းကွဲသူရဲ့ နှလုံးဒဏ်ရာ (Broken heart syndrome) လို့ ခေါ်ပါတယ်။ Stress cardiomyopathy (သို့) Takotsubo cardiomyopathy လို့လည်းခေါ်ကြပါတယ်။

အဲဒီလို နှလုံးသားဒဏ်ရာရစေတဲ့ အခြေအနေတွေကတော့….

– ဆိုးရွားတဲ့ ပန်းနာရင်ကျပ်၊ ကိုဗစ်ရောဂါ (COVID-19) တို့လို လူကို ရုတ်တရက်ဒုက္ခပေးတဲ့ ရောဂါတွေဖြစ်တာ

– အကြီးစားခွဲစိတ်မှု ခံယူရတာ

– ရုတ်တရက်အရိုးကျိုးတာ

– သိပ်ချစ်ရသူကို ဆုံးရုံးရတာ၊ ဆိုးရွားတဲ့ဆုံးရှုံးမှုကို ကြုံရတာ

– အပြင်းအထန် ငြင်းခုန်တာ

– သတင်းတစ်ခုခုကို ကြားရပြီး စိတ်တအားလှုပ်ရှားသွားတာ (ဥပမာ – ကြင်စိုးသေပြီဆိုတဲ့သတင်းကို ရုတ်တရက်ကြားလို့ ဝမ်းသာလုံးဆို့သွားတာ ????) စတာတွေ ဖြစ်ပါတယ်။

ရှားရှားပါးပါး တချို့ဆေးဝါးတွေ (ပြင်းထန်တဲ့ ပန်းနာရင်ကျပ်နဲ့ ဓာတ်မတည့်မှုဖြစ်စဉ်တွေမှာသုံးတဲ့ Adrenalin၊ စိတ်လှုပ်ရှားမှုကို ကုတာနဲ့ နှာခေါင်းပိတ်တာမှာ သုံးတဲ့ဆေးတချို့နဲ့ ရာဘ (Methamphetamine)၊ ကိုကင်းလို မူးယစ်ဆေးတချို့ကို သုံးစွဲမိတဲ့အခါမှာလည်း နှလုံးသားဒဏ်ရာရတာမျိုးတွေ ဖြစ်စေပါတယ်။

ဘယ်သူတွေမှာ အဖြစ်များလဲ….

အမျိုးသမီးတွေ၊ အသက် (၅၀) ကျော်တွေမှာ ပိုအဖြစ်များပြီး စိတ်လှုပ်ရှားတတ်သူ၊ စိတ်ကျရောဂါခံစားရသူတွေမှာလည်း ပိုဖြစ်နိုင်ပါတယ်။

ဘယ်လိုလက္ခဏာတွေ ခံစားရလဲ….

ဒီလို နှလုံးသားဒဏ်ရာရသွားသူတွေမှာ ခံစားရတဲ့လက္ခဏာတွေက နှလုံးတိုက်ခိုက်ခံရရင် (Heart attack ဖြစ်ရင်) ခံစားရတဲ့ ရုတ်တရက် ရင်ဘတ်အောင့်တာ၊ အသက်ရှူမဝဖြစ်သွားတာမျိုးနဲ့ ဆင်တူပဲဖြစ်လို့ အဲဒီလိုလက္ခဏာမျိုး ခံစားရရင် အရေးပေါ်လူနာတင်ကားခေါ်ပြီး နီးစပ်ရာဆေးရုံကို သွားရောက်ပြသသင့်ပါတယ်။

တစ်ခါတလေ (ECG) လို နှလုံးစမ်းသပ်စစ်ဆေးတာမျိုးကို လုပ်ကြည့်ပြီးတာတောင် တကယ့်နှလုံးတိုက်ခိုက်ခံရမှု (Heart attack) နဲ့ ခွဲရခက်ပါတယ်။

(Echocardiogram) ဆိုတဲ့ နှလုံးဓာတ်မှန်ရိုက်ကြည့်ဖိုနဲ့ နှလုံးသွေးကြောထဲကို ဆေးသွင်းပြီး (Coronary angiogram) ဗီဒီယိုရိုက်ကြည့်ဖို့အထိ လိုနိုင်ပါတယ်။

အဲဒီလို စစ်ဆေးကြည့်ရင်တော့ အသည်းကွဲသူ၏ နှလုံးဒဏ်ရာ (Broken heart syndrome) မှာ တကယ့်နှလုံးတိုက်ခိုက်ခံရမှု (Heart attack) မှာလို နှလုံးသွေးကြောတွေ ပိတ်နေတာမျိုး မရှိပေမယ့်၊ နှလုံးတစ်နေရာမှာ ကြွက်သားတချို့ ဒဏ်ရာရပြီး အလုပ်ကောင်းကောင်းမလုပ်တာကို တွေ့နိုင်ပါတယ်။ ပြင်းထန်တဲ့ စိတ်လှုပ်ရှားတာ‌ကြောင့် ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာဖိစီးမှု စတဲ့အကြောင်းတစ်ခုခုကြောင့် နှလုံးရဲ့အောက်ခြေဘယ်ဘက်အခန်းဟာ လည်ပင်းကျဉ်းပြီး အောက်ခြေလုံးဝန်းနေတဲ့ ပုံစံကို ပြောင်းသွားတတ်ပါတယ်။ အဲဒါက ဂျပန်ငါဖမ်းသမားတွေ ရေဘဝဲကိုထောင်ချောက်ဆင်ပြီးဖမ်းတဲ့အိုး (Takotsubo) နဲ့ ဆင်တူတဲ့အတွက် Takotsubo cardiomyopathy လို့ နာမည်ပေးတာပါ။

ဘယ်လို ပြဿနာတွေ ရှိနိုင်သလဲ….

ကံကောင်းတာကတော့ အဲဒီအသည်းကွဲသူ၏ နှလုံးဒဏ်ရာ (Broken heart syndrome) အများစုက တစ်လ၊ နှစ်လလောက်ကြာရင် လုံးဝနီးပါးပြန်ကောင်းကြတာ ဖြစ်ပါတယ်။ တချို့တလေမှာ နောက်တစ်ခါ ပြန်ဖြစ်တတ်ပြီး တချို့တွေမှာတော့ အဆုတ်ထဲရေလွှမ်းတာ၊ သွေးပေါင်ကျတာ၊ နှလုံးခုန်စည်းချက်မမှန်တာ၊ နှလုံးအားနည်းသွားတာ၊ နှလုံးထဲသွေးခဲတာ စတဲ့ နောက်ဆက်တွဲပြဿနာတွေကို ခံစားရနိုင်ပါတယ်။

????ရှားရှားပါးပါး ကံမကောင်းသူတချို့မှာတော့ အသက်ဆုံးပါးတာမျိုး ရှိပါတယ်။

ဘယ်လိုကုထုံးတွေနဲ့ ကုသနိုင်သလဲ….

ကုထုံးကတော့ ဖြစ်စေတဲ့အကြောင်းရင်းကို ဖယ်ရှားထိန်းချုပ်ဖို့၊ စိတ်တည်ငြိမ်အောင်၊ စိတ်အေးချမ်းအောင် ကူညီပေးဖို့ လုပ်ပေးရမှာဖြစ်ပြီး၊ နှလုံးပြန်လည်ကျန်းမာသန်းစွမ်းလာအောင် နှလုံးသားနာလန်ထ အစီအစဉ်တွေ (Cardiac rehabilitation) ကို ထည့်သွင်းလုပ်ဆောင်ပေးရပါမယ်။

Reference : ????

https : // www . mayoclinic . org /diseases-conditions/broken-heart-syndrome/symptoms-causes/syc-20354617.

https : // www . svhhearthealth . com . au /conditions/takotsubo-cardiomyopathy

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here