အခုလို အလှအပရေးရာကို ဦးစားပေးလာကြတဲ့ ခေတ်အခါမှာ ကိုယ့်ရဲ့ခြေသည်းလက်သည်းလေးတွေကလည်း သန့်ရှင်းပြီးလှပနေဖို့ အရေးကြီးတာပေါ့…
ဒါကြောင့် မိမိရဲ့ခြေသည်းလက်သည်းလေးတွေ သန့်ရှင်းနေအောင် အမြဲဂရုစိုက်နေဖို့ကလည်း အရေးကြီးပါတယ်။
ဒီနေ့မှာတော့ လူတော်တော်များများမှာ ဖြစ်လေ့ရှိတဲ့ လက်သည်းခြေသည်း မှိုစွဲတာနဲ့ပတ်သက်ပြီး ပြောပြပေးမှာ ဖြစ်ပါတယ်။
လက်သည်းခြေသည်း မှိုစွဲတာက အဖြစ်များတဲ့ ရောဂါပြဿနာတစ်ခု ဖြစ်ပါတယ်။ မှိုစွဲတဲ့အတွက်ကြောင့် ခြေသည်းလက်သည်းတွေဟာ ဝါလာတာ၊ ဒါမှမဟုတ် အဝါနဲ့အညိုရောင်သန်းတဲ့ဘက်ကို အရောင်ပြောင်းလဲလာကြပါတယ်။ မှိုစွဲတာ ကြာလာတဲ့အခါမှာတော့ အဲဒီခြေသည်းလက်သည်းက အရောင်ပြောင်းရာကနေ ထူလာမယ်။ အဆုံးမှာ အနားသားတွေပဲ့ပြီး ကြွေကျသွားတတ်ပါတယ်။
..
..
????မှိုစွဲတာကြောင့် ဘာလက္ခဏာတွေ တွေ့နိုင်လဲ ?
မှိုစွဲနေတဲ့ ခြေသည်းလက်သည်းတွေဟာ…
– ထူလာမယ်
– အရောင်ပြောင်းလာမယ်
– ကြွပ်ဆတ်ပြီး ကြွေကျမယ်၊ အနားသားတွေ မညီမညာဖြစ်နေမယ်
– ပုံပျက်နေမယ်
– လက်သည်းခြေသည်းခွံ အရင်းကနေ ကွာနေမယ်၊ ကျွတ်ထွက်သွားမယ်
– မှိုစွဲနေတာကြောင့် အနံ့အသက်မကောင်း ဖြစ်နေမယ် စတာတွေ ကြုံတွေ့နိုင်ပါတယ်။
မှိုစွဲတာက လက်သည်းတွေထက် ခြေသည်းတွေမှာ ပိုပြီး အဖြစ်များတာကိုလည်း တွေ့ရပါတယ်။
..
..
????ဘယ်သူတွေမှာ ခြေသည်းလက်သည်း မှိုစွဲနိုင်ခြေများလဲ ?
– အသက်ကြီးတဲ့သူတွေ
– ဖိနပ်အကျပ်၊ အပိတ်တွေ စီးတဲ့သူတွေ
– အရင်တုန်းက ခြေထောက်မှာ ဝဲယားနာပေါက်ဖူးတဲ့သူတွေ
– အများသုံးရေချိုးခန်း၊ အားကစားခန်း၊ ရေကူးကန်တို့မှာ ခြေဗလာနဲ့သွားနေတဲ့သူတွေ
– ခြေသည်းလက်သည်း ထိခိုက်ဒဏ်ရာရဖူးရင်
– Psoriasis လို့ခေါ်တဲ့ အသားထူအရေပြားရောဂါ ဖြစ်ဖူးတဲ့သူတွေ
– ဆီးချိုရောဂါသည်တွေ၊ သွေးလည်ပတ်မှု မကောင်းတဲ့သူတွေနဲ့ ကိုယ်ခံအားမကောင်းတဲ့သူတွေမှာ ခြေသည်းလက်သည်း ပိုးဝင်တာ၊ မှိုစွဲတာ ဖြစ်လေ့ရှိတတ်ပါတယ်။
..
..
????ခြေသည်းလက်သည်း မှိုမစွဲအောင် ဘယ်လို ကာကွယ်ရမလဲ ?
• မိမိရဲ့ ခြေသည်းလက်သည်းတွေကို အမြဲတမ်း ခြောက်သွေ့သန့်ရှင်းနေအောင် ထားပါ။ လက်တွေ၊ ခြေထောက်တွေကို ပုံမှန် ဆေးကြောသန့်စင်ပါ။ မှိုစွဲ၊ ပိုးဝင်နေတဲ့ လက်သည်းခြေသည်းတွေကို ထိတွေ့ပြီးရင် ထိထားတဲ့လက်ကို သေချာဆေးကြောဖို့ အရေးကြီးပါတယ်။
• ခြေသည်းလက်သည်းကို ညှပ်ထားပါ။
• ခြေအိတ်အထူကြီးတွေ မဟုတ်ဘဲ ပေါ့ပါးတဲ့ ခြေအိတ်တွေ ဝတ်ပါ။ ခြေအိတ်တွေကို လဲလှယ်ဝတ်ပါ။ (ကျပ်ပိတ်ပြီး ချွေးထွက်နေတဲ့အခါမှာ မှိုစွဲတာကို ပိုပြီး အားပေးတာကြောင့် ဖြစ်ပါတယ်)
• အများသုံး ရေကူးကန်တွေ သွားတဲ့အခါ ဖိနပ်စီးပေးနိုင်ရင် ကောင်းပါတယ်။
• လက်သည်းခြေသည်း အတုတပ်တာတွေ မလုပ်ပါနဲ့။
• လက်သည်းညှပ်တွေကို တခြားသူတွေနဲ မျှမသုံးပါနဲ့။
• ခြေဝဲယားနာ ဖြစ်ဖူးတယ်ဆိုရင် ကုသပါ။
..
..
????ဘယ်လို ကုသကြမလဲ ?
မှိုသတ်ဆေးတွေက သောက်ဆေးနဲ့ လိမ်းဆေးပုံစံ အမျိုးမျိုးရှိတာမို့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း စနစ်တကျ အသုံးပြုဖို့ လိုအပ်ပါတယ်။
အများအားဖြင့်တော့ သောက်ဆေးကို ပိုအသုံးများပါတယ်။
သိရှိထားသင့်တဲ့ အချက်တစ်ခုအနေနဲ့ လက်ရှိမှိုစွဲနေတဲ့ လက်သည်းခြေသည်းဟာ မှိုပျောက်ပြီး ပြန်ကောင်းသွားတာ မဟုတ်ဘဲ တဖြေးဖြေး ရှည်ထွက်လာပြီး၊ နောက်အသစ်ထွက်တဲ့ လက်သည်းခြေသည်းတွေမှာ မှိုမရှိတော့ဘဲ အကောင်းအတိုင်းဖြစ်အောင် ကုသရတာပါ။ ဒါကြောင့် ရောဂါပျောက်ချင်ရင် ဆေးကို ဆရာဝန်ညွှန်ကြားသလို လနဲ့ချီပြီး စိတ်ရှည်ရှည် စွဲသုံးဖို့ လိုတတ်ပါတယ်။
ဆီးချို၊ သွေးတိုးရောဂါအခံရှိတဲ့သူတွေလည်း ရောဂါအခံကို စနစ်တကျကုသထားဖို့ လိုအပ်ပါတယ်။
.
ဒီလောက်ဆို ခြေသည်းလက်သည်း မှိုစွဲတာနဲ့ ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်တွေကို သိရှိလောက်ပြီမို့လို့ အထက်ပါနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
Reference – ????https://www.mayoclinic.org/…/symptoms-causes/syc-20353294
https://www.mayoclinic.org/…/diagnosis…/drc-20353300
❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.