ဂေါက်ရောဂါသည်များအတွက် အစားအသောက်နှင့် အာဟာရ (Nutrition for Gout Patients)

0
443

” အဆစ်အမြစ်ရောင် ဂေါက်ရောဂါသည်များအတွက် အစားအသောက်နှင့် အာဟာရ “

ဂေါက်ရောဂါဆိုတာ မစိမ်းဘူးလို့တော့ ထင်ပါတယ်။ ဂေါက်တောက်တောက်ဖြစ်တဲ့ ရောဂါနဲ့တော့ မမှားနဲ့ပေါ့နော်…. အဆစ်တွေလည်း ကျိုးမတတ် နာကိုက်ရသေး၊ စိတ်မနှံ့သူလို့လည်း အထင်ခံရသေးရင်တော့ လူနာခမျာ အတော်သနားစရာ ကောင်းသွားမှာ….

ဂေါက်ရောဂါအကြောင်း အသေးစိတ်ရေးထားပေးတာကိုတော့ အရင်ကတင်ဖူးတဲ့ပို့စ်မှာ ဖတ်ကြည့်လို့ရပါတယ်။

( ရှာနေရမှာစိုးလို့ ကောမန့်မှာ လင့်ချပေးထားပါတယ် )

ကဲ ပထမဆုံးအနေနဲ့ ….

ဘာတွေမတည့်ဖူးလဲ။ ဘာရှောင်ရမလဲကနေ စလိုက်ရအောင်ပါ

..

ရှောင်ရန်ကို ၂ပိုင်းခွဲပြောပါမယ်။

ပထမတစ်ပိုင်းက အဆစ်ရောင်ပြီး ဝေဒနာအရမ်းဆိုးဝါးနေတဲ့အချိန်နဲ့ ဒုတိယတစ်ပိုင်းက အမြဲတမ်းအတွက် ဆင်ခြင်သင့်တာလေးတွေ ဆိုပြီးပါ။

.

ပထမတစ်ပိုင်းဖြစ်တဲ့ အရမ်းနာကျင်ကိုက်ခဲရောင်နေတဲ့အချိန်မှာဆိုရင်

၁။ ရှောင်ရမှာကတော့ ပြူရင်း (purine) များတဲ့ အစားအစာတွေ ရှောင်ရပါမယ်

ပြူရင်းက ဘယ်လိုတွေမှာများလဲဆိုတော့ ကလီစာ၊ ဥအနှစ်များ ၊ ငါးဥ ၊ အနီရောင်ရှိတဲ့အသား (အမဲသား ၊ ၀က်သား ၊ ဘဲသား) တို့မှာများပါတယ်

.

၂။ အချိုနှင့် ဖရူတို့စ် (fructose) များသော အစားအစာများဖြစ်တဲ့

အချိုရည် ၊ ဆိုဒါကိုလာများ ၊ ယိုများ ၊ အသီးဖျော်ရည်များ ၊ သကာရည်၊ ရေခဲမုန့်နှင့် အလားတူမုန့်များ ၊ သကြားလုံးများ၊ မုန့်အချိုများ၊ အိန္ဒိယမုန့်အချိုအမျိုးမျိုးနှင့် အခြား သကြားလွန်ကဲသော နံကထိုင်၊ ဟာလ၀ါ၊ ထန်းလျက်ချောင်းတို့ကဲ့သို့ မုန့်များကိုလည်းရှောင်သင့်ပါတယ်။

.

၃။ ပင်လယ်စာများ (ပုဇွန်၊ ကမာ၊ ခရု၊ ပြည်ကြီးငါး ၊ ရေဘ၀ဲ ၊ ဂဏန်း၊ ဆယ်လမွန် ၊ ပင်လယ်ငါးအမျိုးမျိုးနှင့် အခြား)

.

၄။ အဆင့်သင့်လုပ်ထားတဲ့ အလွယ်စာများ၊ ဆီကြော်များ၊ တာရှည်ခံအောင်လုပ်ထားတာတွေ (ငပိရည်၊ ငါးသေတ္တာ၊ ဆီသွတ်ဘူးများ)

.

၅။ ယမကာ အမျိုးမျိုး (alcohol/ beer/ vodka/ others)

ဒုတိယတစ်ပိုင်းဖြစ်တဲ့ အမြဲတမ်းဆင်ခြင်သင့်တာကတော့ အချိုရည်နဲ့ ဖရူတို့စ်များတဲ့အစားအစာ (အပေါ်မှာရေးထား)တွေရှောင်ရပါမယ်…ယမကာလည်း အမြဲရှောင်သင့်တဲ့ထဲ ပါတယ်နော်…

ကလီစာနဲ့ တုတ်ထိုးအမျိုးမျိုးကတော့ ရှောင်လိုက်တာက ပိုကောင်းပါတယ်။​

အစားရှောင်လိုက်လို့ ဗီတာမင်ဓာတ်ချို့တဲ့တာကို ကာကွယ်ဖို့အတွက်တော့ ဖြည့်စွက်အားဆေးထည့်သောက်နိုင်ပါတယ်။

ငါး၊ ပုဇွန်နဲ့ ပင်လယ်စာအမျိုးမျိုးကတော့ နေ့တိုင်းစားတာမဟုတ်ဘဲ တစ်ပတ်မှာ ၂/၃ ကြိမ်လောက်ပဲစားတာဆိုရင်တော့ စားလို့ရပါတယ်။

အနီရောင်အသားတွေကလည်း တစ်ပတ်တစ်ကြိမ်ခန့်စားလို့ရပါတယ်။

အစေ့အဆန်များ ၊ ကြက်ဥနဲ့ တခြားဥအမျိုးမျိုးကတော့ ပမာဏအများကြီးမဟုတ်ဘူး ၊ နေ့တိုင်းစားနေတာလည်းမဟုတ်ဘဲ တစ်ပတ်ကို တစ်ကြိမ်မှ သုံးကြိမ်ခန့်သာစားတာဆိုရင် စားလို့ရပါတယ်။

အစာ အလွန်ရှောင်ဖို့မလိုပါဘူးနော်….

..

..

ဘာတွေဆောင်သင့်လဲ ၊ ဘာတွေ စားလို့ရလဲဆိုရင်တော့….

နေ့စဥ်နာရီ၀က်ခန့် လမ်းလျှောက်သင့်ပါတယ်။

မိမိမှာ ကိုယ်အလေးချိန်များနေပါက အလေးချိန်လျော့ သင့်ပါတယ်။

ဆေးပေးထားရင် ဆေးမပြတ်အောင် ဂရုစိုက်ပါ။

အသားငါးတို့ထက် ဟင်းသီးဟင်းရွက်၊ သစ်သီး၀လံများနဲ့ ပဲအမျိုးမျိုးမှာ အမျှင်ဓာတ်များတဲ့အတွက် အလွန်သင့်တော်ပါတယ်။

ပဲအမျိုးမျိုးနဲ့ အချို့အသီးအရွက်များ ( ပန်းဂေါ်ဖီ၊ ကညွတ်၊ ဟင်းနုနွယ်၊ ပဲသီး ၊ မှိုအမျိုးမျိုး)တို့မှာ ပြူရင်းဓာတ် အတန်အသင့်ပါ၀င်သော်လည်း အထူးတလည် ရှောင်စရာမလိုပါဘူး….တအားအများကြီးမစားနေရင်ရပါပြီ။ အသီးအရွက်အစုံ စားသင့်ပါတယ်။

အသီးများစားလို့ရပေမယ့် အသီးဖျော်ရည်များ ၊​ယိုများကတော့ မသင့်တော်ပါဘူး။

ရေများများသောက်ပါ။

နို့နှင့်နို့ထွက်ပစ္စည်းများနဲ့ တည့်ပါတယ်။

ထပ်ထပ် မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ ?

ဆေးပုံမှန်သောက်ခြင်းနှင့်အတူ ကောင်းမွန်တဲ့ ကျန်းမာရေးနှင့်သင့့်လျော်သော လူနေမှုအပြုအမူလေးတွေနဲ့ ကာကွယ်လို့ရပါတယ်….

အသေးစိတ်ပြောရရင်တော့…

– ဆေးလိပ်မသောက် ၊ အရက်မသောက်တာမျိုး

– နေ့စဥ် ခြေလှမ်း တစ်သောင်းခန့် လျောက်တာမျိုး

– တစ်နေ့တာ မိမိလိုအပ်သလောက်ပဲ စားတာမျိုး

– ​ကိုယ်အလေးချိန်လျော့ချတာမျိုး

– ဆီကြော်အစာနှင့်အလွယ်စာများ ၊ ဆိုင်စာများကို လျော့စားတာမျိုး

– တရားထိုင်တာ

– အိပ်ရေး၀အောင်အိပ်တာ …. စတာတွေနဲ့ ချင့်ချိန်ဆင်ခြင်လို့ရပါတယ်။

အချို့သူတွေမှာတော့ ကိုယ်တွင်းမှာ ယူရစ်အက်ဆစ် ချေဖျက်ရာမှာသုံးတဲ့ ဓာတ်ကူပစ္စည်းများ အလိုလိုနေရင်းကို နည်းနေတတ်ပါတယ်… ကံကြောင့်ပဲဆိုရမလားပဲ….

ဒါ့ကြောင့် သောက်ဆေးပေးရမယ့် ဆေးပမာဏရယ် ၊ ဘယ်လောက်သောက်ရမလဲဆိုတာ တစ်ဦးချင်းအလိုက် ကုသမှုမတူလို့ ဆရာ၀န်နဲ့ ဆွေနွေးပြီးဆက်ပြပါနော်….

သေချာတာကတော့ ဆေးလည်းသေချာသောက် ၊ အစားလည်းဆင်ခြင်၊ လေ့ကျင့်ခန်းလည်းပုံမှန်လုပ်ရင်တော့ အဆစ်ရောင်ဂေါက်ရောဂါကို ထပ်မဖြစ်အောင်တားလို့ရပါတယ်။

..

..

တခြား ဆက်စပ်အခြေအနေများ …

ဂေါက်ရောဂါလူနာများဟာ အဆစ်ရောင်နေတဲ့အချိန်မှာ သွေးတွင်းယူရစ်အက်ဆစ် မများတတ်ကြပေမယ့် သာမန်အချိန်သွေးစစ်ကြည့်ရင်တော့ ယူရစ်အက်ဆစ်များတာ တွေ့ရလေ့ရှိပါတယ်။

ယူရစ်အက်ဆစ်များတာဟာ နှလုံးသွေးကြောကျဥ်းရောဂါ ၊ အ၀လွန်ရောဂါ၊ ၊ ဆီးကျောက်တည်ခြင်းတို့နဲ့ တွဲလေ့ရှိလို့ အခြားရောဂါများကိုလည်း မပေါ့ဆသင့်ပါဘူး… အခြားတွဲဖက်ရောဂါများ ရှိမရှိကို စစ်ဆေးပြီး လိုအပ်ရင် ဆရာ၀န်နှင့်ပြကာ အကြံဥာဏ်ယူ ဆေးကုသမှုခံယူသင့်ပါတယ်။

ကျန်းမာသောလူနေမှုပုံစံကို အမြဲဆောင်ထားဖို့ အကြံပေးတိုက်တွန်းလိုက်ပါတယ်။

.

.

အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီးတစ်ဦး

တယ်လီကျန်းမာ

Reference: ????

http://www. http://ukgoutsociety.org/…/goutsociety…

https:// health.ucdavis.edu/food-nutrition/pdf/Gout.pdf

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here