ဒီတစ်ပတ်မှာတော့ အသည်းအဆီဖုံးခြင်းကို အစားအသောက် ဘယ်လိုဆင်ခြင်သင့်လဲဆိုတာ ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
အသည်းအဆီဖုံးအကြောင်း မပြောခင် အသည်းက ဘာတွေလုပ်လဲ အရင်ပြောရအောင်……
အသည်းရဲ့လုပ်ငန်းစဥ်က အဆိပ်အတောက်တွေဖယ်ရှားတာနဲ့ ခန္ဓာကိုယ်တွင်း ဇီ၀ဖြစ်စဥ်တွေကို အဓိက လုပ်ဆောင်ပေးပါတယ်။
သွေးထဲက ဂလူးကို့စ်ဓာတ်ကို ပုံမှန်အတိုင်းဖြစ်နေအောင် မတက်လွန်းမကျလွန်းအောင် ထိန်းတဲ့နေရာမှာ အသည်းက ဆရာတစ်ဆူပေါ့…
အမှန်တော့ ဂလူးကို့စ်တစ်ခုထဲမဟုတ် စားလိုက်သမျှ အသား ၊ အဆီ ၊ ကစီ စတဲ့ ဓာတ်တွေကို အသည်းက အကုန်ထိန်းချုပ်နေတာ….သူ့စက်ရုံကို ဖြတ်ရတယ်ပေါ့
နေရာတိုင်းမှာ ကိုယ့်အသည်းလေး ပါဝင်နေတယ်ပေါ့….FA များမပါ
(အဲ မှားလို့)
ပြောချင်တဲ့အသည်းက ဗိုက်ထဲကအသည်းလေးပါ
အသည်းက ညာဘက်အောက်ဆုံး နံရိုးတွေအောက်မှာ လုံခြုံစွာနေပါတယ် (အရေးကြီးတာကိုးသူက)
တစ်ခါတစ်လေ အသည်းရောင်တာတို့ သည်းခြေ ကျောက်တည်တာတို့ဆို အဲ့နေရာက အောင့်တာကြားဖူးတယ် ဟုတ် ?
အသည်းအဆီဖုံးရင်တော့ တော်ရုံဘာလက္ခဏာမှကို ပြလေ့မရှိတော့ မသိရပါ။
ဒါပေမယ့် သွေးတွင်းအဆီတွေများတဲ့သူ ၊ ဆီးချိုရှိတဲ့သူ ၊ ခါးတုတ်ပြီး ဗိုက်အဆီများသူတွေမှာ အသည်းအဆီဖုံးနေလေ့ရှိပါတယ်။ ဆီးချိုရှိသူများမှာလည်း အလွန်ဖြစ်လွယ်ပါတယ်။ အကြောင်းအရင်းက သွေးတွင်းအချိုဓာတ်တွေတက်နေရင် အဲဒီ့အချိုဓာတ်တွေကို အဆီအဖြစ်ပြောင်းလဲခြင်းကြောင့် အသည်းမှာ မလိုအပ်ဘဲ အဆီတွေသိုလှောင်လာရပြီး အသည်းအဆီဖုံးတတ်ပါတယ်။
အသည်းဟာ အဆီနဲ့ မတည့်တာကြောင့် ကြာရှည်ပိုလျှံစွာ သိုလှောင်ရတဲ့အခါ အသည်းရောင်လာပြီး ဒီ့ထက်ကြာလာရင် အသည်းခြောက်တဲ့အထိ ဖြစ်နိုင်ပါတယ်။
အထက်ပါအချက်ရှိသူတွေဟာ အသည်းအဆီဖုံး မဖုံး သိချင်ရင် အလွယ်ဆုံး အာထရာဆောင်းရိုက်ကြည့်လို့ရပါတယ်။ တကယ်တော့ အသည်းအဆီဖုံးတာ မြင်လဲမမြင်ရ…ဘာမှလဲမသိရဘဲ ဘာလို့ ဒီလောက်ပြောနေတာလဲ တွေးနေကြလောက်ပြီနဲ့တူပါတယ်
ဟုတ်ပါတယ်…အသည်းအဆီဖုံးတာကနေ အသည်းခြောက်တတ်လို့ပါ။ ရေဖျဥ်းဆွဲတဲ့အထိလည်း ဖြစ်နိုင်ပါတယ်။ ယမကာဖြင့်တစိုးစိမျှမသောက်ဘဲ (ဘုရားနဲ့တရားနဲ့) ၊ ဘီပိုးစီပိုးလဲမရှိ…အသည်းခြောက်တော့ ထူးဆန်းနေသလိုပါလဲ….
တကယ်ဖြစ်တာဗျာ…မယုံမရှိနဲ့
ကြောက်အောင်ခြောက်တယ်လို့တော့ မထင်စေချင်ပါ။ အသည်းအဆီဖုံးတာ နှစ်ရှည်မကုဘဲထားရင် တကယ်စိုးရိမ်ရတယ်ဗျ
အသည်းအဆီဖုံးတာ ကုဖို့ဆေးရှိလား ?
တချို့ဆေးတွေပေးလို့တော့ ရပါတယ်။ အထူးကုများသမားတော်များက သင့်သလိုပေးပါလိမ့်မယ်။ ဒါပေမယ့် အသည်းအဆီဖုံးတာဟာ ဘီပိုးစီပိုးတွေလို ဆေးနဲ့ အဓိကကုရတဲ့ အခြေအနေတော့ မဟုတ်ပါ။ ဆေးထက် အစားအစာနဲ့ထိန်းတာ ပိုသင့်တော်ပါတယ်။
အရှင်းကောင်းဖို့ကို အစားအစာ ဆင်ခြင် ၊ Lifestyle ကို မျှတအောင်နေထိုင်မှ အဆင်ပြေတာပါ
မိမိမှာဆီးချိုရှိပါက ဆီးချို ထိန်းနိုင်အောင်လုပ်ပါ၊
အချိုရည်သောက်တတ်ပါက ဇီးရိုးသကြားဟုရေးထားတာကိုပဲ ရွေးသောက်ပါ…ဇီးရိုးကိုလာလိုမျိုးပါ။ အသီးဖျော်ရည်များ အားဖြည့်အချိုရည်များ ရှောင်ပါ၊
သကြား ထပ်ထည့်ခြင်းကို ရှောင်ပါ။ 3 in 1 teamix, coffemix သောက်တာအစား ကော်ဖီကြမ်းကို နို့ဖြင့်ရောသောက်နိုင်ပါတယ်။ နို့ဆီ နို့စိမ်းရှောင်နိုင်ရင် ပိုကောင်းပါတယ်
ကော်ဖီသောက်လို့ရပါတယ်။ တကယ်ဆို သကြားမပါ နို့ဆီမပါတဲ့ကော်ဖီက အသည်းအတွက် ကောင်းတယ်လို့ တွေ့ရှိချက်တွေရှိပါတယ်။
အသီးများ သစ်သီး၀လံများ များစွာစားခြင်းကို ရှောင်ပါ။ တစ်နေ့ကို လက်တစ်ဆုပ်ခန့် သစ်သီး၀လံများစားလို့ရပါတယ်
ဟင်းရွက်များ ကြိုက်သလောက်စားလို့ရပါတယ်။ သို့သော် ဟင်းသီးများဖြစ်တဲ့ ရွှေဖရုံသီး ၊ အာလူး ၊ ဘူးသီး ၊ ခရမ်းသီးများကို သင့်သလောက်သာ တစ်ပွဲစာခန့်သာ စားပါ။
သွေးတွင်းအဆီဓာတ်များကို (၃) လတစ်ကြိမ်ခန့် စစ်ဆေးကာ ပုံမှန်အတွင်းဖြစ်အောင် ထိန်းပါ
ခါးဆိုဒ်ကို တိုင်းထားသင့်ပါတယ်…
အမျိုးသားဆို ၉၀ စင်တီမီတာအောက်(၃၆လက်မအောက်) အမျိုးသမီးဆို ၈၀ စင်တီမီတာအောက် (၃၂ လက်မ)ခါးဆိုဒ်ရောက်အောင်ကြိုးစားသင့်ပါတယ်။
လေ့ကျင့်ခန်းကို မောတဲ့အထိ တစ်နေ့ နာရီဝက်ခန့်အနည်းဆုံးအချိန်ပေးလုပ်ပါ
အကောင်းဆုံးကတော့ ၀ိတ်ကျတာပါပဲ။ တစ်လမှာ ၂ ပေါင်လောက်နဲ့ ရေရှည်ချနိုင်ဖို့ကို တွေးတာ ပိုသင့်တော်ပါတယ်။ တစ်နှစ်မှာ မိမိလက်ရှိအလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်း ချနိုင်ရင်ရပါပြီ။ ဥပမာ ပေါင် ၁၅၀ ရှိတဲ့သူဆို တစ်နှစ်အတွင်း ၁၅ ပေါင်ချနိင်ရင် သိပ်ကိုကောင်းပါတယ်။ ကျသွားတဲ့၀ိတ်ကိုလည်း ဆက်လက်ထိန်းထားနိုင်ဖို့ အရေးကြီးပါတယ်။
ကယ်လိုရီများတဲ့ အစားအစာများ ကို ချင့်ချိန်စားနိုင်ရင်တော့အကောင်းဆုံးပါ။ အရပ် ၅ပေမှ ၅ပေ၆လက်မလောက်ရှိတဲ့ မြန်မာလူမျိုးများအတွက် အမျိုးသားများဆို တစ်ရက်တာ ၁၆၀၀ ကယ်လိုရီ ခန့် ၊အမျိုးသမီးများဆို ၁၂၀၀ ကယ်လိုရီခန့် ကဲ့သို့ အစားအစာများကို ချင့်ချိန်စားသောက်သင့်ပါတယ်။
ကြက်ကြော်စားရင် အကြွပ်မစားဘဲ အထဲက အသားပဲစားတာမျိုး ၊ သုံးထပ်သားရှောင်တာမျိုး ၊ မြင်နေရတဲ့ အသားနဲ့တွဲလျက် အဆီတွေ အဖြူတွေ ဖယ်စားတာမျိုး အကြံပေးလိုပါတယ်။
ဆီကြော်များ ၊ ဆီပြန်ဟင်းမှအနှစ်များ ၊ ဒံပေါက်ကဲ့သို့ အဆီအဆိမ့်များ ရှောင်နိုင်ရင် ကောင်းပါတယ်။
ဆီနဲ့ကြော်မည့်အစား ကင်ခြင်း ၊ မီးဖုတ်ခြင်း ၊ ပေါင်းခြင်း ၊ ဟင်းခတ်အမွှေးအကြိုင်များဖြင့် ပြုတ်ခြင်းတို့ကဲ့သို့ နည်းမျိုးစုံဖြင့် အမျိုးမျိုးချက်ပြုတ်စားဖို့အကြံပေးလိုပါတယ်။
တစ်ပတ်မှာ ငါး ၃ ကြိမ်လောက် စားပေးတာမျိုးလည်း ကောင်းပါတယ်။
အငန်နဲ့ အဆီအဆိမ့် လျော့စားသင့်ပါတယ်။
အရက်ပါ၀င်တဲ့ ယမကာများကို ချင့်ချိန်သောက်သင့်ပါတယ်။
.
.
အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီးတစ်ဦး
တယ်လီကျန်းမာ
Reference:
Miller EF. Nutrition Management Strategies for Nonalcoholic Fatty Liver Disease: Treatment and Prevention. Clin Liver Dis (Hoboken). 2020 May 7;15(4):144-148. doi: 10.1002/cld.918. PMID: 32395240; PMCID: PMC7206319.
❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.