“စနစ်ပျက်ထဲမှာ ဆရာဝန်စစ်စစ်ဖြစ်နိုင်သလား”

0
259

အာဏာသိမ်းမှုနောက်ပိုင်း ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေ ရာချီပြီး ဖမ်းဆီးခံရ၊ သတ်ဖြတ်ခံနေရတဲ့ ကာလမှာ စစ်ကောင်စီလောက်အောက်ခံ တီဗီချန်နယ်တစ်ခုကတော့ “ဆရာဝန်စစ်စစ်ဖြစ်ချင်တယ်” ဆိုတဲ့ ဇာတ်လမ်းကို ထုတ်လွှင့်နေပါတယ်။ စနစ်ပျက်ထဲမှာ ဆရာဝန်စစ်စစ်ဖြစ်နိုင်ရဲ့လား ?

ရန်ကုန်မြို့ရဲ့ အကြီးဆုံးဆေးရုံတစ်ခုရဲ့ သားဖွားမီးယပ်ဌာနမှာဖြစ်ပါတယ်။ Labour room လို့ခေါ်တဲ့ မွေးခန်းထဲမှာ ဖြန်းကနဲ ဖြန်းကနဲ ရိုက်သံကိုကြားရတော့ ကျနော် လန့်သွားပြီး အပြေးဝင်သွားမိတယ်။

“ဟဲ့ ကောင်မ နင်ညှစ်မှာလား”

“မညှစ်ရင် ခလေးသေနိုင်တယ်နော်”

ဆိုတဲ့ လူနာအပေါ်လေးစားမှုမရှိတဲ့ စကားသံတွေကိုပြောနေသူက အတိုင်ပင်ခံ သားဖွားမီးယပ်အထူးကုတစ်ယောက်။ ပြောနေရင်းနဲ့ပဲ ဒူးထောင်ပေါင်ကားထားတဲ့ လူနာရဲ့ ပေါင်ကို ဖြန်းကနဲ ဖြန်းကနဲ ရိုက်ပြီး ကလေးထွက်အောင် ညှစ်ခိုင်းနေလေရဲ့။

“ ငါတို့က နင်တို့ဆီက တပြားမှ ယူထားတာမဟုတ်ဖူး …. အစိုးရလစာက ငါတို့ဆေးရုံလာတဲ့ ကားဆီဖိုးတောင် ရှိတာမဟုတ်ဖူး ”

သူကဆက်ပြောအပြီး ကလေးထွက်လာတဲ့ လူနာခမျာ မျက်ရည်တွေနဲ့ လက်အုပ်လေးချီလျှက်။

………………………………………..

“ကျမတို့ ဆေးလေးတွေ ရောင်းအားကျနေလို့ စောင့်ရှောက်ပါအုံးဆရာ”

အခြားဌာနတစ်ခုရဲ့ အကြီးဆုံးပါမောက္ခဆရာဝန်တစ်ယောက်ရဲ့ အခန်းထဲမယ် ဆေးကုမ္ပဏီဝန်ထမ်း လှပချောမောတဲ့ကောင်မလေးက ပြောလိုက်ပါတယ်။

“ဆေးရုံရှေ့က ဆေးဆိုင်မှာတင်ထားပါတယ်ဆရာ….နောက်လ အင်္ဂလန်က ဆေးပညာဆွေးနွေးပွဲ conference သွားဖို့ လေယာဉ်လက်မှတ်၊ ဟော်တယ်၊ အလည်အပတ် အားလုံး ကျမတို့ အားလုံးစီစဉ်ပြီးပါပြီဆရာ….လိုအပ်တာရှိသေးရင်လဲအချိန်မရွေးပြောပါနော်”

“အခု ကျနော့်အခန်းထဲက အဲကွန်းက ဟောင်းနေပြီမအေးတော့ဖူးဗျာ”

“ဟုတ်ကဲ့ဆရာ…. နောက်နေ့ အသစ်တစ်လုံး လာတပ်ပေးလိုက်ပါမယ် ဆရာ”

…………………………………………..

“ခင်ဗျားစစ်ထားတဲ့ ဓာတ်ခွဲခန်းကို ဆရာ မကြိုက်ဘူး…. အခု အားလုံးကို ဆရာစစ်နေကျ ဓာတ်ခွဲခန်းမှာ ပြန်စစ်ရမယ်”

လူနာက နားမလည်သူမို့ စုထားတဲ့ ငွေလေးတွေကို ကျစ်ကျစ်ပါအောင်ကိုင်ပြီး အခန်းထဲက ပြန်အထွက် ဆရာဝန်ရဲ့အခန်းကို ဓာတ်ခွဲခန်းဝန်ထမ်းလေးက ဝင်သွားပါတယ်။

“အခုလို သမီးတို့ဆီမှာ အမြဲစစ်ပေးတဲ့ ဆရာ့ကို ကျေးဇူးတင်ပါတယ်ဆရာ “

စာအိတ်လေးကို မသိမသာစားပွဲပေါ်ပေးလိုက်ပါတယ်။ စာအိတ်ထဲ တစ်လလုံး ဆရာဝန်ကလွှဲထားတဲ့ လူနာအားလုံးဆီက ဝင်ငွေရဲ့ ၂၀ ရာနှုန်းကိုထည့်ထားပြီးသားဖြစ်ပါတယ်။

“အခြားလိုအပ်တာ ရှိရင် အချိန်မရွေးပြောပါဆရာ”

…………………………………………….

ဒါတွေဟာ စာရေးသူတို့ ဆေးလောကမှာ ခေတ်အဆက်ဆက် လူမသိသူမသိဖြစ်နေတဲ့ လှိုက်စားမှုတွေထဲက တစ်ချို့တလေပဲဖြစ်ပါတယ်။ လူနာတွေဟာ အဆင့်အတန်းမမှီတဲ့ ကျန်းမာရေးစနစ်ကို ရယူဖို့ကိုတောင် အင်မတန်ခက်ခဲပါတယ်။ မကောင်းတဲ့စနစ်ရဲ့ အကျိုးရလဒ်တွေကို မြိန်ရေယှက်ရေ ရယူတဲ့သူတွေရှိသလို ရရာနေရာကနေ တော်လှန်ပြောင်းလဲဖို့ကြိုးစားခဲ့သူတွေလဲရှိပါတယ်။

ဆေးရုံတွေမှာ တစ်နှစ်စာ ဆေးတင်ဒါရဖို့အတွက် အကြီးဆုံးဆေးရုံအုပ်ကို ကုမ္ပဏီတွေက “ဂါ” တာတွေကြောင့် မလိုအပ်တဲ့ဆေးတွေများနေပြီး လိုအပ်တဲ့ဆေးတွေမရှိတာ။ ဆေးကျောင်းတွေမှာ တချို့ ဘွဲ့လွန်တန်းတွေဝင်ခွင့်ရဖို့ တာဝန်ရှိသူနဲ့မတည့်ရင် အဖယ်ခံရတာတွေ ။ ကြီးနိုင်ငယ်ညှင်းဝါဒတွေ ။ ဇီးသီးဗန်းမှောက်တာတွေ အမျိုးမျိုးရှိကြပါတယ်။

ဒါ့အပြင် အစိုးရလစာကောင်းကောင်းမရတဲ့ ဆရာဝန်တွေဟာ ဝင်ငွေအတွက် အပြင်ဆေးခန်းပေါင်းစုံမှာ ညနေပိုင်းကစပြီး ထိုင်ကြရ။ လူနာများလွန်းတဲ့ ဆရာ့ဆရာတွေမှာ လူနာကို အချိန် ၅ မိနစ်ပြည့်အောင်မပေးနိုင်တဲ့အဖြစ်တွေဟာ လူနာတွေ ခေတ်အဆက်ဆက် ငြီးတွားခဲ့ကြတဲ့ ပြဿနာတွေဖြစ်ပါတယ်။

နယ်ကို ပြောင်းရပြီဆိုရင်လည်း အပြင်ဆေးခန်းထိုင်ကောင်းတဲ့ နယ်မြို့ကိုရဖို့ အဆင့်ဆင့် လာဘ်ပေးရလေ့ရှိတဲ့အပြင် တစ်ချို့အကပ်ကောင်းသူတွေဆိုရင် မြို့ကြီးတွေမှာပဲ လှည့်ပတ်ပြီး တာဝန်ကျနေအောင် အဆင့်ဆင့် “ဂါ” ကြရပါတယ်။

နည်းစနစ်တကျ လူနာကိုကုသလိုသူ ဆရာဝန်တွေ ၊ ကျင့်ဝတ်ရေးရာကို အလေးထားကြတဲ့ ဆရာဝန်ကြီးငယ်တွေဟာ ဒီစနစ်ကိုမကြိုက်လို့ ခေတ်အဆက်ဆက်မှာ အံကြိတ်ခဲ့ကြပြီး ၂၀၁၅ ဝန်းကျင် စစ်တပ်က စစ်ဆရာဝန်တွေ အရပ်ဘက်ပြောင်းလာမှုမှာတော့ တစ်စုတစ်စည်းထဲ black ribbon campaign နဲ့ တော်လှန်ခဲ့ကြပါတယ်။

၂၀၂၁ အာဏာသိမ်းမှုမှာ ကျန်းမာရေးဝန်ထမ်းအမြောက်အများ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာဟာ အစိုးရတစ်ခု၊ လူပုဂ္ဂိုလ်တစ်ချို့ကို ကြိုက်ချင်းမကြိုက်ချင်းထက် အများကြီးပိုပါတယ်။ ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကာလ ပြည့်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကာလတွေမှာ နိုင်ငံရေးစနစ် ကောင်းခြင်းမကောင်းခြင်းဟာ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေကို ဆရာဝန်စစ်စစ် ၊ ကျန်းမာရေးဝန်ထမ်းကောင်းဖြစ်အောင် ဘယ်လို အကျိုးပြုနိုင်သလဲဆိုတာနဲ့ စနစ်ပျက်ထဲမှာ ဆရာဝန်စစ်စစ် မဖြစ်နိုင်ဖူးဆိုတာ ပိုပြီးထင်ရှားသွားစေခဲ့ပါတယ်။

ဆေးမရှိတဲ့ ဆေးရုံတွေ ၊ ချစားမှုတွေနဲ့ ပြည့်နှက်နေတဲ့ စနစ်ပျက်ထဲမှာ ဆရာဝန်စစ်စစ် ဖြစ်နိုင်တယ်လို့ပြောရင် ကျနော်ကတော့ ရယ်မိမှာပါပဲ။ စကစက မတရား အာဏာရယူ ဆရာဝန်တွေကိုဖမ်းစီးသတ်ဖြတ်တဲ့ကာလ…ကိုဗစ်တတိယလှိိုင်း စနစ်ပျက်ကြီးထဲ လူနာမရေတွက်နိုင်အောင် သေဆုံးခဲ့ခြင်းဟာ သက်သေအဖြစ်ရှိခဲ့ပြီးဖြစ်ပါတယ်။

အာဏာရှင်တွေဟာ ပျက်ယွင်းနေတဲ့ စနစ်ကို တည်ဆောက်တယ်။ အဲဒီ့ ပျက်ယွင်းနေတဲ့ စနစ်ရဲ့ လာဘ်လာဘတွေနဲ့ ဝန်ထမ်းတွေကို သာယာအောင် သွေးဆောင်ပြီး အာဏာကိုတည်ဆောက်ခဲ့ကြတာ သမိုင်းသက်သေပဲဖြစ်ပါတယ်။

တကယ်တော့…

“ စနစ်ပျက်ထဲမှာ ခြစားဆရာဝန်ပဲဖြစ်နိုင်ပါတယ်။ ဆရာဝန်စစ်စစ် မဖြစ်နိုင်ကြောင်းပါ ”

ဒေါက်တာမင်းမောင်

တယ်လီကျန်းမာ

LEAVE A REPLY

Please enter your comment!
Please enter your name here