လွန်ခဲ့တဲ့ နှစ်နှစ်က အချိန်ကို ပြန်သွားမယ်ဆိုရင် ဒီအချိန်က ကိုဗစ်နဲ့ ရှုပ်နေကြတဲ့ အချိန်ပေါ့။

အစိုးရ၊ ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်း၊ ပြည်သူ အားလုံးက အချင်းချင်း ဘယ်လိုပဲ ရန်ဖြစ်နေပါစေ၊ ဘုံရန်သူဖြစ်တဲ့ ကိုဗစ်ကို တိုက်ထုတ်ဖို့ ဝိုင်းဝန်းကြိုးစားနေကြတဲ့ အချိန်လေ။

stay at home တွေ၊ ဖွင့်ခွင့်မရှိတဲ့ ဆိုင်တွေ၊ ကန့်သတ်ချက်တွေ၊ အကြောက်တရားတွေနဲ့ အရင်က စည်ကားခဲ့တဲ့ နေရာတွေဟာ ခြောက်ကပ်လို့ပေါ့။ ဝန်ထမ်းတွေကလည်း အိမ်ပြန်လို့မရ၊ ခရီးထွက်လို့မရနဲ့ ဒီဇင်ဘာဟာ အရင်ကလို စည်ကားပြီး ပျော်စရာ မကောင်းတော့တာ အမှန်ပါပဲ။ (Sweet December လို့တောင် မပြောနိုင်)

ဖောင်ကြီးလိုနေရာမှာ၊​ သုဝဏ္ဏ အားကစားကွင်းလို နေရာမှာ၊ တခြား စေတနာရှင်တွေ လှူဒါန်းထားတဲ့ နေရာတွေမှာ ကိုဗစ်စင်တာကြီးတွေဆောက်ပြီး နိုင်ငံတကာအဆင့်မီ ကုသမှုတွေပေးခဲ့တာ ပြန်မြင်ယောင်မိပါရဲ့။

အသိ မေ့ဆေးဆရာဝန်တွေဆို တအားကို ပင်ပန်းခဲ့ပေမယ့် အဲ့ဒီနေ့ရက်တွေကို တသသ ပြန်ပြောတုန်းပေါ့။ အလားတူပဲ သမားတော်တွေ၊ ဆရာဝန်အငယ်တွေ၊ ဆရာမတွေ အားလုံးကလည်း တာဝန်ကျရာ ဆေးရုံတွေ၊ ဌာနတွေမှာ သေမင်းနဲ့အပြိုင် ကြိုးစားလိုက်ကြတာ။

PPE ဆိုတဲ့ အသုံးအနှုန်းကို ပြည်သူတွေတောင် သိတဲ့အထိ ကိုဗစ်က နာမည်သိပ်ကြီးခဲ့တာလေ။ PPE ချွတ်လိုက်တိုင်း ရေပြန်ချိုးရတဲ့အထိ ပူလောင်တဲ့ ရာသီဥတုထဲမှာ နဖူးကချွေး ခြေမကျအောင် တာဝန်တွေ ယူပေးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေရဲ့ ချွေးစက်တွေနဲ့ ခြယ်သထားလို့ တောက်ပနေတဲ့ အနာဂတ်ကို မြင်ရတဲ့အချိန်လေးပေါ့။ ကာကွယ်ရေးကိစ္စတွေ၊ ကျန်းမာရေး သတင်းအချက်အလက်တွေ၊ ကာကွယ်ဖို့ပစ္စည်းတွေကို ဖြန့်ဝေရတဲ့ နေရာတွေမှာ တာဝန်ယူထားတဲ့ သူတွေကိုလည်း မေ့လို့မရပါဘူး။

မှတ်မှတ်ရရ အဲ့ဒီ ဒီဇင်ဘာမှာပဲ၊ ကာကွယ်ဆေးထိုး လုပ်ငန်းတွေကို စတင်နိုင်ခဲ့တာပေါ့။ ပထမအကြိမ် ကာကွယ်ဆေးတွေ ထိုးပြီးလို့ အားလုံးက ပြုံးပျော်နေကြတဲ့အချိန်၊ ကန့်သတ်ချက်တွေ လျော့ချတဲ့အချိန်မှာပဲ အာဏာရူးတသိုက်က တိုင်းပြည်အာဏာကို အတင်းအဓမ္မ သိမ်းပိုက်လိုက်ပါလေရော။

ပြည်သူကိုချစ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ Civil Disobedience Movement လို့ခေါ်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ဦးဆောင်ကြရင်း တိုင်းပြည်ကို ကယ်တင်ဖို့ ကြိုးစားခဲ့ကြတာပေါ့။ တိုင်းပြည်ရဲ့ နှစ်ထပ်ကွမ်း ကျေးဇူးရှင်တွေလေ (အယ့်လယ်)။ သူတို့ဟာ အခမဲ့ဆေးခန်းတွေ ဖွင့်ကြတယ်၊ ဆန္ဒပြ ပြည်သူတွေကို ဝန်းရံကြတယ်၊ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပေးကြတယ်။ နွေဦးတော်လှန်ရေးမှာ ကျန်းမာရေးဝန်ထမ်းတွေဟာ ကျရာအခန်းကဏ္ဍမှာ အလှပဆုံး ကပြခဲ့ကြတာပေါ့။

နွေဦးတော်လှန်ရေးရဲ့ တဆစ်ချိုး အပြောင်းအလဲဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးမှာလည်း ကျန်းမာရေးဝန်ထမ်းတွေဟာ ရှေ့တန်းစစ်မြေပြင်အထိ စောင့်ရှောက်လို့။ မရွေးချင်ဘဲ ရွေးခဲ့ရတဲ့ စစ်လို အနိဋ္ဌာရုံမှာ စစ်ရဲ့ပြောင်းပြန် အသက်ကယ်တဲ့ အတတ်ကို ပြည်သူ့သားကောင်းတွေ၊ သမီးကောင်းတွေအတွက် ကျင့်သုံးခဲ့ကြတာပါပဲ။ ဒါ့အပြင် စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ကိုလည်း အခက်အခဲတွေအများကြီး ကြားထဲကနေ ကြိုးစားနေကြတယ်လေ။

စစ်ကြီးထဲမှာ ကိုဗစ်ကလည်း ဝင်ရှုပ်သေးတယ်။ ကိုဗစ်ကို Facebook လူမှုကွန်ယက်လို အများသုံး နေရာကနေ လိုအပ်တဲ့ကုသမှုတွေ ပေးနိုင်ရအောင် လူငယ်ဆရာဝန်ပညာရှင်တွေရဲ့ ကြိုးပမ်းမှုနဲ့ online ကိုဗစ်ကုသရေး platform တစ်ခု ပေါ်လာပါလေရော။ နောက်ပိုင်းမှာ တခြားကျန်းမာရေးပြဿနာတွေကိုပါ ဖြေရှင်းပေးဖို့ဆိုပြီး တယ်လီကျန်းမာ အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့တာပါပဲ။ (သမိုင်းလေး ပြန်ပြောပြတာ ဟီး)

အခုဆိုရင် တယ်လီကျန်းမာမှာ သက်ဆိုင်ရာ အထူးကုတွေနဲ့ “အခမဲ့” ဆွေးနွေးတိုင်ပင်ခွင့်ရနေတာ တစ်နှစ်ရှိနေပါပြီ။ ဒီလိုလုပ်ပေးနေတာ သိပ်ချစ်လို့ပေါ့။ ပြည်သူတွေကို ချစ်တဲ့၊ တိုင်းပြည်ကို ချစ်တဲ့စိတ်နဲ့ တနည်းမဟုတ် တနည်းနည်းနဲ့ ကျန်းမာရေးစောင့်ရှောက်နိုင်ဖို့ ဝိုင်းဝန်းကြိုးစားနေကြတာလေ။

တိုင်းပြည်ကို ဖျက်ဆီးတဲ့ လူ့ဘီလူးတွေက ကျန်းမာရေးစနစ်တွေကို ဖျက်ဆီးနေတာကို မကြည့်ရက်လို့၊ ပြည်သူတွေ ဒုက္ခပင်လယ်ဝေနေတာကို မကြည့်ရက်လို့ ဒီလိုတွေ လုပ်ပေးနေတာပါပဲ။ ဒီ အကူအညီတွေကို တယ်လီကျန်းမာရဲ့ စေတနာရှင်ဝန်ထမ်းတွေဟာ ငွေကြေးမရယူဘဲ မေတ္တာနဲ့ ကူညီနေကြတာပဲ ဖြစ်ပါတယ်။

ငဗစ်ပဲလာလာ၊ စစ်ပဲလာလာ၊ တယ်လီကျန်းမာဟာ အချစ်တွေနဲ့ ကာကွယ်ပေးနေဦးမှာပါ

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here