ဆေးဝါးများကို အလွန်အကျွံသောက်သုံးခြင်းကြောင့် ခေါင်းကိုက်ခြင်း (MOH) ဆိုတာဟာ Triptans, Ergotamines, Opiates, NSAIDs နဲ့ Paracetamol လိုမျိုး ဆေးအပြင်းတွေ သို့မဟုတ် အကိုက်အခဲပျောက်ဆေးတွေကို မကြာခဏအသုံးပြုတာကြောင့် ဖြစ်လာတတ်တဲ့ ခေါင်းကိုက်ခြင်းဖြစ်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်း Migraine (မိသားစုမျိုးရိုးမှာ Migraine ရှိသူ) တွေမှာ အများအားဖြင့် တစ်လကို အနည်းဆုံး (၁၅) ရက်လောက် ခေါင်းကိုက်တာကို ခံစားရလေ့ ရှိတတ်ပါတယ်။ ခေါင်းကိုက်လို့ ဆေးသောက်‌ပေမယ့် တစ်ခါတလေမှာ ခေါင်းကိုက်တာကို ပိုဖြစ်စေပြီး အဲတာကို Rebound headaches လို့ ခေါ်ပါတယ်။

???? ဒီလို Medication overuse headache ကို ဘယ်လိုစစ်ဆေးရှာဖွေပြီး ရောဂါအတည်ပြုမလဲ….

လူတစ်‌ယောက်ဟာ အပြင်းစား အကိုက်အခဲပျောက်ဆေးတွေကို အနည်းဆုံး (၃) လကြာ သုံးစွဲတဲ့အခါ MOH ကို ခံစားရတတ်ပါတယ်။ ပါရာစီတမောနဲ့ NSAIDs လို ဆေးတွေကို တစ်လမှာ (၁၅) ရက် ဒါမှမဟုတ် (၁၅) ရက်ထက် ပိုပြီး သောက်တဲ့အခါမျိုး၊ Ergotamine၊ Triptans၊ Opioids နဲ့ စပ်ဆေးတွေကို တစ်လမှာ (၁၀) ရက် ဒါမှမဟုတ် (၁၀) ရက်ထက် ပိုပြီးသောက်နေရင်တော့ MOH ဖြစ်နိုင်ခြေ အလွန်များပါတယ်။

???? ဘယ်လိုအရာတွေက Medication overuse headache ကို ဖြစ်စေနိုင်လဲ….

အကိုက်အခဲပျောက်ဆေးတွေကို လစဉ် ရက်အနည်းငယ်အတွင်း အကန့်အသတ်နဲ့ သုံးရင်တော့ ဘေးကင်းပါတယ်။ တစ်ခါတစ်ရံ တစ်လ၊ နှစ်လလောက်မှာ အကိုက်အခဲပျောက်ဆေးတွေကို ရက်နည်းနည်းလောက် ပိုတိုးပြီးသုံးဖြစ်တဲ့အခါမှာလည်း ဘေးကင်းပါသေးတယ်။ ဒါပေမယ့် အကိုက်အခဲပျောက်ဆေးတွေကို ပုံမှန်စွဲပြီးသုံးနေရင်တော့ ဆေးဝါးများကို အလွန်အကျွံသုံးစွဲခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း (MOH) ဖြစ်နိုင်ခြေကို သိသိသာသာတိုးစေပြီး ဆိုးရွားတဲ့ သံသရာစက်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပါတယ်။

ဘယ်လိုလဲဆိုတာကို ပြောပြပါရစေ။ ဆေးအာနိသင်လျော့လာတဲ့အခါ ခေါင်းကိုက်တာကို ပြန်ခံစားလာရပြီး၊ ဆေးကိုရပ်လိုက်တဲ့အခါ ဆေးရပ်ခြင်းရဲ့နောက်ဆက်တွဲလက္ခဏာ (Withdrawal symptoms) တွေကို ခံစားရပါတယ်။ ဒီရောဂါလက္ခဏာတွေ သက်သာရာရဖို့ ဆေးတွေကို ထပ်ပြီးသောက်တာနဲ့ ဆေးအလွန်အကျွံသုံးစွဲတာတွေကို ထပ်ခါထပ်ခါ လုပ်မိလာပါတယ်။ ဒီလိုသံသရာလည်နေရင်း ကြာလာတဲ့အခါ အကိုက်အခဲပျောက်ဆေးတွေဟာ မူလနာကျင်ကိုက်ခဲမှုကိုတောင် မသက်သာစေတော့ဘဲ ပိုမိုနာကျင်ကိုက်ခဲမှုကိုသာ ဖြစ်စေပါတယ်။

???? ခေါင်းတစ်ခြမ်းကိုက်ခြင်း (migraine) နဲ့ ဆေးဝါးများကို အလွန်အကျွံသုံးစွဲခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း ဘယ်လိုကွာခြားလဲ….

Migraine ရှိသူတွေဟာ အများအားဖြင့် အချိန်တစ်ခုအတွင်းမှာ ကိုက်ခဲတာ၊ ပျို့အန်တာ၊ အော့အန်တာ၊ အလင်းရောင်နဲ့ အသံကို အလွန်အကျွံတုံ့ပြန်တာ စတဲ့ရောဂါလက္ခဏာတွေကို ခံစားရတတ်ပါတယ်။ ဒါပေမယ့် ကြားကာလတွေမှာတော့ ရောဂါလက္ခဏာတွေ ပျောက်ကင်းနေတတ်ပါတယ်။

ဆေးဝါးများကို အလွန်အကျွံသုံးစွဲခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း အမျိုးအစားကတော့ ရက်အများစု သို့မဟုတ် နေ့စဉ် အချိန်အတိုင်းအတာတစ်ခုမှာ ဆက်တိုက်ခေါင်းကိုက်‌နေတတ်ပါတယ်။ နောက်ပိုင်းမှာ ရက်အများစုခေါင်းကိုက်တာကို ခံစားရပြီး ခေါင်းတစ်ခြမ်းကိုက်တာကိုပါ အတူခံစားရတတ်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေအလွန်အကျွံသုံးစွဲတာဟာ Migraine ကို ကြိုတင်ကာကွယ်ပေးတဲ့ဆေးတွေရဲ့ အာနိသင်ကိုလည်း လျော့ကျစေနိုင်ပါတယ်။

???? Medication overuse headache ကို ဘယ်လိုကုသကြမလဲ….

ကုသနည်းကတော့ သောက်နေတဲ့ အပြင်းစားဆေးတွေကို ရပ်ပြီး ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ကုသဖို့ဖြစ်ပါတယ်။ ဒီလိုအကိုက်အခဲပျောက်ဆေးတွေ သောက်တာကို ရပ်ဖို့အတွက်က အသုံးပြုနေတဲ့ ဆေးအမျိုးအစားတွေနဲ့ လူနာရဲ့ကျန်းမာရေးအခြေအနေပေါ် မူတည်ပါတယ်။ အချို့လူတွေမှာ ဆေးတွေကို ချက်ချင်းရပ်နိုင်ပေမယ့် အခြားသူတွေမှာ တဖြည်းဖြည်းလျှော့ချပြီးမှရပ်ဖို့ လိုအပ်ပါတယ်။ အထူးဂရုစိုက်ကုသဖို့ လိုအပ်တဲ့အခြေအနေ၊ လက္ခဏာတွေရှိရင်တော့ ဆေးရုံတင်ဖို့ လိုပါတယ်‌။

???? စွဲသုံးနေတဲ့ဆေးတွေကို ရုတ်တရက် ရပ်လိုက်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ….

အဖြစ်အများဆုံးလက္ခဏာကတော့ ခေါင်းကိုက်တာပိုဆိုးလာတာ ဖြစ်ပါတယ်။ အခြားလက္ခဏာတွေကတော့ ပျို့အန်တာ၊ အိပ်ရေးမဝတာ၊ ဂနာမငြိမ်ဖြစ်တာ၊ ဗိုက်အောင့်တာ ဒါမှမဟုတ် ဝမ်းပျက်တာတွေ ဖြစ်နိုင်ပါတယ်။ Ergotamine၊ Triptans၊ Codeine သို့မဟုတ် Morphine အမျိုးအစားဆေးတွေကို ရုတ်တရက် ရပ်လိုက်တဲ့အခါ ကုသဖို့ခက်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်စေနိုင်ပါတယ်။ Aspirin, Ibuprofen သို့မဟုတ် Naproxen လို ပါရာစီတမောနှင့် NSAIDs တွေကတော့ ပြင်းထန်တဲ့ရောဂါလက္ခဏာတွေ ဖြစ်စေတာရှားပါတယ်။ ဆေးကို တဖြည်းဖြည်းချင်း ဖြတ်ခြင်းဟာ ပြင်းထန်တဲ့ရောဂါလက္ခဏာတွေ ဖြစ်နိုင်ခြေကို နည်းစေပါတယ်။

.

အကိုက်အခဲပျောက်ဆေးတွေ သုံးစွဲတာကို မရပ်တန့်ခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ပုံမှန်အနားယူတာနဲ့ အိပ်စက်တာ၊ ပျို့အန်ခြင်းကို သက်သာစေတဲ့ဆေး‌တွေသောက်တာ၊ ရေဓာတ်ကောင်းအောင် ထိန်းထားတာ၊ ကဖိန်းဓာတ်ကို ရှောင်ကြဉ်တာ၊ လှုပ်ရှားမှုတွေကို တတ်နိုင်သလောက် လျှော့ချတာနဲ့ ရေနွေးအိတ် ဒါမှမဟုတ် ရေခဲကပ်တာတွေကလည်း ဆေးဖြတ်တာကြောင့် ဖြစ်လာနိုင်တဲ့ ရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။

???? ဒါဆိုရင် Medication overuse headache မဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်နိုင်လဲ….

မကြာခဏ ခေါင်းတစ်ခြမ်းကိုက်တတ်သူတွေအတွက် ကြိုတင်ကာကွယ်ကုသမှုကို အကြံပြုလေ့ရှိပါတယ်။ ဒီလိုကုသမှုဟာ ခေါင်းကိုက်တဲ့ အကြိမ်ရေကို လျှော့ချပေးနိုင်တာကြောင့် အကိုက်အခဲပျောက်ဆေး သုံးစွဲရတဲ့နှုန်းကို နည်းစေပြီး ဆေးဝါးအလွန်အကျွံသုံးစွဲခြင်းကြောင့်ခေါင်းကိုက်ခြင်း ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ထိရောက်တဲ့ကြိုတင်ကာကွယ်ခြင်းဟာ အကိုက်အခဲပျောက်ဆေးတွေပေးတာမျိုး၊ ခေါင်းကိုက်တာကို ခဏတာသက်သာစေတာမျိုးထက် ခေါင်းကိုက်ခြင်းကို သေချာထိန်းချုပ်နိုင်ပြီး ပိုကောင်းစေဖို့ ရည်ရွယ်ပါတယ်။

.

ကြိုတင်ကာကွယ်ကုသမှု ယူထားပေမယ့်လည်း ခေါင်းကိုက်တာကို ခံစားရတတ်ပါသေးတယ်။ ပထမဆုံးလက္ခဏာကို ခံစားရတာနဲ့တစ်ပြိုင်နက် စောစောကုသတာဟာ ပိုမိုထိရောက်နိုင်ပါတယ်။ နောက်ထပ်ဆေးတွေကိုတော့ တစ်ရက်အတွင်း လိုအပ်သလောက်သာ သောက်သုံးသင့်ပါတယ်။

Reference: ????

https : // migrainetrust . org /understand-migraine/types-of-migraine/medication-overuse-headache/

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here