Dr Z နှင့် သူ့လူနာများ – အပိုင်း (၃)

0
254

တစ်နေ့ Dr Z ဆေးခန်းထိုင်နေတုန်း လူနာ ကလေးမလေး လာပြလေသည်။

လူနာ : “ ဆရာမ သမီးဗိုက်က တင်းတင်းနေလို့… အန်ချင်သလိုလည်း ဖြစ်တယ် “

Dr Z : “ ဘယ်လောက်ကြာပြီလဲ သမီး… ဒါထက် သမီးက မြို့ပေါ်က မဟုတ်ဘူးထင်တယ်နော် ဘယ်က လာပြရလဲ “

လူနာ : “ ၃-၄ ရက်ရှိပြီ ဆရာမ… သမီးက ရွာသာအေး (ရွာအမည်လွှဲ) က လာပြတာပါ”

Dr Z လည်း မေးမြန်းစမ်းသပ် စစ်ဆေးပြီးနောက်…

Dr Z : “ သမီးက အစာအိမ် နာနေတာပါ။ ဆေး တစ်ပတ်လောက် မှန်မှန်သောက်ရင် ကောင်းသွားမှာပါ။ ဒါပေမယ့် အစာအိမ်က မကြာခဏ ပြန်ပေါ်တတ်တယ်။ မတည့်တာ ရှောင်ရမယ်… သတိထားရမယ်နော်”

နောက် ၄-၅ ရက် ကြာသော်…

ရွာသာအေးရွာမှ နောက်ထပ် အဒေါ်ကြီးတစ်ဦး လာပြ ပြန်သည်။ ထိုအဒေါ်ကြီးလည်း အစာအိမ် လေနာနေသဖြင့် ကုသပေးလိုက်ပြန်သည်။

တစ်ပတ်ခန့်ကြာသော် ရွာသာအေးရွာမှ ဦးလေးကြီး တစ်ဦး ထပ်လာပြပြန်လေသည်။

Dr Z လည်း လူနာစာအုပ်ကိုဖတ်ပြီး လိပ်စာတွင် ရွာသာအေးဟု တွေ့လျှင်…

Dr Z : “ ဦးလေးရေ ဘာပြချင်တာလဲ။ ဦးလေးကရော ဗိုက်နာတာပဲလား “

လူနာ : “ ဟုတ်တယ် ဆရာမရေ… ကျုပ် လေထိုးလေအောင့် ထထနာနေလို့။ နောက် လေလည်း ခဏခဏ တက်တယ်”

Dr Z လည်း စမ်းသပ်စစ်ဆေး မေးမြန်းပြီး အစာအိမ်ဆေးများ ပေးရပြန်သည်။

Dr Z : ” ဦးလေးရယ် ကျွန်မတစ်ခုလောက် မေးပါရစေ။ ဦးလေးတို့ ရွာသာအေးရွာကလေ အစာအိမ်ရောဂါ တော်တော်ဖြစ်ကြတယ်နော်။ ကျွန်မဆီ လာသမျှ အစာအိမ်ရောဂါတွေချည်းပဲ တစ်ရွာလုံး အပူအစပ်တွေ အမြဲစားနေကြတာပဲလား “

လူနာ : ” ဟာ မဟုတ်ဘူးလေ ဆရာမ… ဆရာမက ကျုပ်တို့ရွာမှာ အစာအိမ်ကုတာ ကောင်းတယ်လို့ နာမည်ကြီးတယ်လေ။ အဲဒီတော့ ရွာက ဗိုက်နာတဲ့သူတွေက ဆရာမဆီ လာတာပေါ့။ တခြားရောဂါက ဆရာမဆီ မလာဘူး… တခြားဆရာဆီ သွားတာလေ”

Dr Z : (ဪ… အဲသလို ????)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here