ပုံမှန်မဟုတ်သော မိန်းမကိုယ်သွေးဆင်းခြင်း (Dysfunctional Uterine Bleeding)

ပုံမှန်မဟုတ်သော သွေးဆင်းခြင်း (DUB) ဆိုတာ ပုံမှန်ရာသီလာတာနဲ့မတူဘဲ သွေးဆင်းတဲ့ရက်၊ သွေးဆင်းတဲ့ ပမာဏပုံစံတွေ ပြောင်းလဲခြင်းပဲ ဖြစ်ပါတယ်။ DUB ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး ဆရာဝန်တွေက DUB ကို ရာသီမမှန်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်တဲ့ သွေးဆင်းခြင်းလို့ ခေါ်ကြပါတယ်။

အမျိုးသမီးတွေရဲ့ သုံးပုံတစ်ပုံခန့်လောက်က ပုံမှန်မဟုတ်တဲ့ သွေးဆင်းခြင်း (DUB) ကို တွေ့ကြုံခံစားဖူးတယ်လို့ ဆိုပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး ပျိုဖော်စဝင်ချိန်နဲ့ ရာသီသွေးဆုံးချိန်တွေမှာ ပိုဖြစ်တတ်ပါတယ်။ အများအားဖြင့် DUB ဟာ ပြင်းထန်တဲ့ ရောဂါလက္ခဏာ မဟုတ်ပါဘူး။ အချို့ကိစ္စတွေမှာတော့ သိသာတဲ့သွေးဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။

???? ရောဂါလက္ခဏာတွေက ဘာတွေလဲ

• ရာသီချိန်မဟုတ်ဘဲ သွေးဆင်းခြင်း

• ရာသီလာစဉ် သွေးဆင်းများခြင်း

• ရာသီလာစဉ် သွေးဆင်းချိန်ကြာမြင့်ခြင်း

• ရာသီစက်ဝန်းမမှန်ခြင်း

• ရာသီမလာခြင်း

• သွေးဆုံးပြီးနောက် သွေးဆင်းခြင်း

• နာကျင်ကိုက်ခဲခြင်း

• အဖြူဆင်းခြင်း

• ကိုယ်အလေးချိန်ကျခြင်း

• အူလမ်းကြောင်းနဲ့ ဆီးလမ်းကြောင်းပြဿနာ စတာတွေ ခံစားရနိုင်ပါတယ်။

ပုံမှန်မဟုတ်တဲ့ သွေးဆင်းခြင်း (DUB) ရှိသူတွေမှာ သွေးအားနည်းရောဂါ၊ သွေးမတိတ်ရောဂါိနဲ့ ဟော်မုန်းပုံမမှန်မှုများလည်း ရှိနိုင်ပါတယ်။

???? ဘယ်လိုအကြောင်းအရာတွေကြောင့် ဖြစ်ရလဲ

အချို့သူတွေက သူများတွေထက် ရာသီလာချိန်ပိုများတတ်ပါတယ်။ ရာသီမမှန်ခြင်းတွေက DUB ဖြစ်စေတဲ့အကြောင်းအရင်း အမြဲတော့မဟုတ်ပါဘူး။ အချို့ရောဂါတွေနဲ့ ဆေးဝါးတွေဟာ ပုံမှန်မဟုတ်တဲ့ သွေးဆင်းခြင်း (DUB) ကို ဖြစ်စေနိုင်ပါတယ်။ ဒါတွေကတော့…

– သားအိမ်အလုံးတည်ခြင်း

– သားအိမ်ကြွက်သားနံရံများ ပွားလာခြင်း (adenomyosis)

– ကင်ဆာရောဂါများ

– သွေးမတိတ်ရောဂါ

– မျိုးဥကြွေခြင်းဆိုင်ရာရောဂါများ

– သားအိမ်အတွင်းမြှေးတစ်သျူး အပြင်ရောက်ခြင်း (endometriosis)

– မီးယပ်ခွဲစိတ်မှုများ

– တင်ပါးဆုံတွင်း ရောင်ရမ်းခြင်း (PID)

– နာတာရှည်အသည်းရောဂါ

– သားအိမ်ခေါင်းရောင်ခြင်း

– သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းများရှိခြင်း

– သားအိမ်ပြင်ပသန္ဓေတည်ခြင်း

– ကိုယ်ဝန်ပျက်ကျခြင်း စတာတွေအပြင်

– ကိုယ်ဝန်တားဆေးများ၊ သွေးကျဲဆေးများ၊ Aspirin စတဲ့ဆေးတွေဟာ DUB ကို ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် အရောင်ကျဆေး စတီးရွိုက်တွေဟာလည်း ပုံမှန်မဟုတ်တဲ့ မိန်းမကိုယ်သွေးဆင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

???? ဖြစ်ရတဲ့ ရောဂါအကြောင်းအရင်းကို ဘယ်လိုစစ်ဆေးရှာဖွေမလဲ

ဆရာဝန်က သင့်ရဲ့ ရာသီစက်ဝန်းနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ပါတယ်။ ဒါပြီးရင်တော့ ဖြစ်ရတဲ့ ရောဂါအကြောင်းအရင်းကို ရှာဖွေဖို့…

• ကိုယ်ဝန် ရှိ/မရှိ ဆီးစစ်ခြင်း

• သွေးစစ်ခြင်း

• သိုင်းရွိုက်လုပ်ဆောင်ချက် စစ်ဆေးခြင်း

• သံလိုက်ဓာတ်မှန် MRI ရိုက်ခြင်း

• မိန်းမကိုယ်တွင်းထည့် အာထရာဆောင်း ရိုက်ခြင်း

• သားအိမ်တွင်းစစ်ဆေးခြင်း

• အသားစယူစစ်ဆေးခြင်း စတာတွေ လုပ်နိုင်ပါတယ်။

???? ဘယ်လိုကုသကြမလဲ

ဟော်မုန်း ကိုယ်ဝန်တားဆေးများ — Estrogen နဲ့ Progestin ပါတဲ့ ကိုယ်ဝန်တားဆေးတွေဟာ သားအိမ်အလုံးတည်ခြင်း၊ မျိုးဥကြွေခြင်းနဲ့ သားဥအိမ်ရေအိတ်တည်ခြင်းကြောင့်ဖြစ်တဲ့ ရာသီသွေးဆင်းများခြင်းကို သက်သာစေပါတယ်။

ဟော်မုန်းကုထုံး — သွေးဆုံးချိန်မတိုင်ခင် ပုံမှန်မဟုတ်တဲ့ သွေးဆင်းခြင်းအတွက် သုံးနိုင်ပါတယ်။ ဒါပေမယ့် ဟော်မုန်းကုထုံးတွေက ဘေးထွက်ဆိုးကျိုးများတာကြောင့် ဆရာဝန်နဲ့ အမြဲတိုင်ပင်သင့်ပါတယ်။

Tranexamic acid — ရက်ရှည် သွေးအများကြီးဆင်းတဲ့သူတွေမှာ သုံးလေ့ရှိပါတယ်။

အကိုက်အခဲပျောက်ဆေးများ — နာကျင်ကိုက်ခဲပြီး သွေးဆင်းများတဲ့အခါ သောက်သုံးနိုင်ပါတယ်။

ခွဲစိတ်မှု — ဆေးဝါးတွေနဲ့ မသက်သာတဲ့အခါ ခွဲစိတ်မှုလုပ်ရတာမျိုးတွေ ရှိနိုင်ပါတယ်။

ပုံမှန်မဟုတ်တဲ့သွေးထွက်ခြင်းကို ဖြစ်စေတဲ့ဆေးတွေ သုံးနေတာကို ရပ်တာ၊ ဆေးပြောင်းသုံးတာတွေ လုပ်သင့်ပါတယ်။

???? နောက်ဆက်တွဲပြဿနာတွေက ဘာတွေလဲ

ပုံမှန်မဟုတ်တဲ့ သွေးဆင်းခြင်း (DUB) ကြောင့် ရက်ရှည်သွေးဆင်းနေတဲ့အခါ ကလေးမရနိုင်တော့တာ၊ သွေးအားနည်းတာ၊ သွေးပေါင်ကျတာတွေအပြင် မကုသဘဲထားတဲ့အခါ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။

Reference: ????

https:// www. medicalnewstoday. com /articles/what-does-dysfunctional-uterine-bleeding-mean#complications

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here