???? မိမိတို့ရဲ့ ဆန္ဒပန်းတိုင်တွေ ပြည့်စုံအောင်မြင်စေဖို့ Vision board ကို အသုံးပြုကြည့်ရအောင်

ပထမဆုံးအနေနဲ့ vision board ဆိုတာ ဘာလဲ။

Vision board ဆိုတာက မိမိတို့ ဖြစ်ချင်တဲ့ဆန္ဒတွေ၊ အောင်မြင်မှုတွေ၊ ပန်းတိုင်တွေကို နေ့စဉ်နေ့တိုင်း မျက်လုံးထဲမှာ မြင်ယောင်နေစေဖို့ ဓာတ်ပုံတွေ၊ စာသားတွေကို စုစည်းထားတာဖြစ်ပါတယ်။

ဒါတွေကို နေ့စဉ်ကြည့်ပေးခြင်းဖြင့် မိမိတို့ လိုအင်ဆန္ဒတွေကို သေချာသိလာမယ်။ လမ်းမလွဲတော့ဘူး၊ မမေ့တော့ဘူးပေါ့။

Vision board ကို ကိုယ်မြင်ရတဲ့နေရာမှာ ထားခြင်း၊ နေ့စဉ်ကြည့်ခြင်းဖြင့် မိမိရည်မှန်းချက်၊ ဆန္ဒတွေကို သေချာသိပြီး အမြန်ဆုံး ကိုယ်ဖြစ်ချင်တဲ့ပုံရိပ်အတိုင်း ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။

ဘာလို့ vision board က ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေ မြန်မြန်ဖြစ်စေတာလဲ။

ပထမဆုံးအချက်က ရုပ်ဝတ္ထုကိုဦးစားပေးတဲ့ခေတ် (Digital ခေတ်) ကြီးထဲမှာ ကျွန်တော်တို့ရဲ့အာရုံက တစ်ချိန်လုံး ဟိုရောက်ဒီရောက် ဖြစ်နေတတ်ပါတယ်။ ဒီအချိန်မှာ vision board ကို နေ့စဉ်မြင်ယောင်ခြင်းဖြင့်၊ မိမိအာရုံကို မိမိလိုချင်တဲ့ဆန္ဒ၊ ပုံရိပ်ပေါ်မှာ ထားလိုက်ခြင်းဖြင့် ကိုယ်လိုချင်တဲ့ လမ်းကြောင်းပန်းတိုင်ကို ပိုပြီးအာရုံစိုက်မိသွားခြင်းကို ဖြစ်စေမှာပါ။

နောက်တစ်ချက်က နေ့စဥ်အကြောလျှော့ရင် တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး လျှော့လာနိုင်တယ်မို့လား။ ဒါက ဘာလို့လဲဆိုရင် နေ့စဉ်အကြောလျှော့ပေးခြင်းဖြင့် ဦးနှောက်ကို ငါလုပ်နိုင်တယ်ဆိုတာကို အသိပေးနေသလိုဖြစ်လို့ပါ။ ထိုနည်းတူပဲ ပုံရိပ်တွေကို နေ့စဉ်မြင်ယောင်တဲ့အခါမှာ မသိစိတ်ကို ငါလုပ်နိုင်တယ်ဆိုပြီး နေ့စဉ် သတိပေးသလိုဖြစ်တာကြောင့်ပါ။

Vision board ကို ဘယ်လို အသုံးပြုကြမလဲ

မနက်ခင်း အိပ်ရာနိုးစဖြစ်စေ၊ ညအိပ်ရာဝင်ခါနီးဖြစ်စေ၊ မိမိသိမ်းဆည်းထားတဲ့ vision board ကို အသေးစိတ်သေချာကြည့်လိုက်ပါ။ ပြီးရင် ဒီထဲက အကြောင်းအရာတွေကို ဘာကြောင့်လုပ်ဖို့လိုအပ်လဲ တွေးကြည့်ပါ။ ဒီထဲက အကြောင်းအရာတွေ အကုန်လုံးကို လုပ်နိုင်ပြီးနောက် ဖြစ်လာမယ့်ကိုယ့်ရဲ့ခံစားချက်ကို စဉ်းစားကြည့်ပါ။ ပြီးရင်တော့ မျက်လုံးကို မှိတ်ပြီး vision board ထဲက အကြောင်းအရာတစ်ခုချင်းကို မိမိကိုယ်တိုင် အပြင်မှာလုပ်နေသလို စိတ်ကူးယဉ်ကြည့်ပါ။ ပြီးရင် အသက်ရှူပြီး ၄ စက္ကန့်လောက် အသက်အောင့်ပြီး ပါးစပ်ကနေ ပြန်ထုတ်လိုက်ပါ။

ဒီနောက် မျက်လုံးကိုဖွင့်လိုက်ပြီး အချက်တစ်ခုချင်းစီရှေ့မှာ “ ငါ” ဆိုတာလေးထည့်ပြီး ရွတ်လိုက်ပါ။ ဥပမာ- “ ငါ အချိန်မှန်အိပ်ရာထမယ်” ဆိုတာမျိုးပေါ့…

ဒါဆိုရင်တော့ ဒီနေ့တစ်နေ့တာအတွက် vision board လုပ်ငန်းစဉ် ပြီးဆုံးသွားပါပြီ။

နေ့စဉ်ဘဝမှာလည်း ဖြည်းဖြည်းချင်း vision board ထဲက အကြောင်းအရာတွေကို ကြိုးစားပြီးလုပ်ဖို့လည်း လိုအပ်ပါတယ်နော်။ တကယ်မလုပ်ဘဲ vision board ကြီးပဲ မြင်ယောင်နေလို့လည်း မရပါဘူး။

အောင်မြင်ဖို့၊ ချမ်းသာဖို့ စသဖြင့် vision board တွေ ရှိပေမယ့် တယ်လီကျန်းမာရဲ့ vision board မှာတော့ ကိုယ်ကျန်းမာ စိတ်ချမ်းသာကျန်းမာဖို့ နေ့စဉ်လုပ်ရမယ့် အကျင့်လေးတွေ ပါဝင်မှာ ဖြစ်ပါတယ်။

ကဲ… ဥပမာအနေနဲ့ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးအတွက် နမူနာ vision board နှစ်ခုကို လေ့လာကြည့်ရအောင်ပါ…

????ကိုယ်ခန္ဓာကျန်းမာဖို့ (Vision board for physical health)

• အချိန်မှန် အိပ်မယ်။ အချိန်မှန် အိပ်ရာထမယ်။

အချိန်မှန်အိပ်ခြင်းနဲ့ အချိန်မှန်အိပ်ရာထခြင်းဖြင့် မိမိခန္ဓာကိုယ်ရဲ့ ဇီဝနာရီ ပုံမှန်ဖြစ်တာကြောင့် အားအင်ပိုတိုးပြီး တစ်နေ့တာလုံး လန်းဆန်းစေပါတယ်။

ဒါပေမယ့် သင်ဟာ လူငယ်တစ်ဦး၊ ညဇီးကွက်တစ်ဦးဆိုရင် ညဘက်ကို အချိန်မှန်မအိပ်နိုင်ရင်တောင် မနက်ဘက်ကို အချိန်မှန်ထခြင်းဖြင့် တူညီတဲ့ အကျိုးကျေးဇူးကို ရရှိနိုင်ပါတယ်။ ပထမဆုံးစပြီး အကျင့်လုပ်တဲ့နေ့ရက်တွေမှာ ခက်ခဲနိုင်ပေမယ့် တစ်ပတ်လောက်ဆက်တိုက် ပုံမှန်အကျင့်ဖြစ်သွားပြီဆိုရင်တော့ အရင်ကထက် သိသိသာသာ အားအင်ပြည့်နေတာကို တွေ့ရပါလိမ့်မယ်။

.

• တစ်နေ့ကို ရေ အနည်းဆုံး ၂- ၃ လီတာ သောက်မယ်။

ကျန်းမာတဲ့ အမျိုးသားတစ်ဦးဟာ တစ်နေ့ကို အနည်းဆုံး ရေ ၄ လီတာခန့်သောက်ဖို့ လိုအပ်ပြီး ကျန်းမာတဲ့ အမျိုးသမီးတစ်ဦးဟာ တစ်နေ့ကို အနည်းဆုံး ရေ ၃ လီတာခန့် သောက်ဖို့လိုပါတယ်။ ရေသောက်ခြင်းဖြင့် အသားအရည်လှခြင်း၊ ဆီး၊ ဝမ်းမှန်ခြင်း၊ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်ရွက်မှု အားကောင်းခြင်း စတဲ့ကောင်းကျိုးများစွာ ရရှိနိုင်ပြီး ရေသောက်နည်းလျှင် ဆီးနှင့်ကျောက်ကပ်ရောဂါများ၊ ဝမ်းချုပ်ခြင်း၊ အသားအရေ ခြောက်ကပ်ခြင်း၊ အဝလွန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စတဲ့ဆိုးကျိုးများ ရရှိနိုင်လို့ နေ့စဉ်ရေသေချာသောက်ခြင်းက အရေးကြီးလှပါတယ်။

.

• တစ်နေ့ ၁၅ မိနစ် လေ့ကျင့်ခန်းလုပ်မယ်။

လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဟာ ရောဂါဖြစ်ပွားမှုနှုန်းကို လျှော့ချပေးရုံသာမက လေ့ကျင့်ခန်းလုပ်ခြင်းက ထွက်လာတဲ့ ဟော်မုန်းတွေဆကြောင့် စိတ်ဖိစီးမှုပြေပျောက်ခြင်းအကျိုးပါ ရရှိနိုင်တဲ့အတွက် ခန္ဓာကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးကိုပါ တိုးတက်စေနိုင်ပါတယ်။

.

• အစားပုံမှန်စားမယ်။ ဗိုက်ပြည့်အောင်မစားဘူး။ ကြေညက်အောင် သေချာဝါးစားမယ်။ ဗိုက်အဆာမခံဘူး။ အာဟာရရှိတဲ့ အစားအစာတွေသာ ရွေးစားမယ်။

လူတစ်ယောက် နေ့စဉ်အလုပ်တွေ လုပ်နိုင်ဖို့ အားအင် (energy) ကို အစားစားခြင်းမှ ရရှိတာဖြစ်တဲ့အတွက် နည်းမှန်လမ်းမှန် စနစ်တကျ လတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားဖို့ကလည်း အလွန်အရေးကြီးပါတယ်။

.

• ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေတဲ့အရာတွေ (ဥပမာ ဆေးလိပ်၊ အရက်၊ ကွမ်း၊ ကော်ဖီ) ကို တတ်နိုင်သလောက် လျှော့မယ်။ ရှောင်နိုင်ဖို့ကြိုးစားမယ်။

ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ကွမ်းစားခြင်းဟာ များပြားတဲ့ ရောဂါတွေကိုဖြစ်စေတဲ့ အကြောင်းအရာတွေဖြစ်တာမို့ တတ်နိုင်သလောက် ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အခုခေတ်လူငယ်တွေအနေနဲ့ ကော်ဖီအလွန်အကျွံသောက်သုံးခြင်းဟာ ရင်တုန်ခြင်း၊ ညဘက်အိပ်မပျော်ခြင်း စတဲ့ ဆိုးကျိုးတွေရှိတာမို့ တတ်နိုင်သလောက်လျှော့ပြီး သောက်သုံးသင့်ပါတယ်။

.

• ကွန်ပျူတာ၊ တီဗီ၊ ဖုန်းတွေ သုံးတဲ့အချိန် (Screen time) လျှော့ကြည့်မယ်။

Screen time များခြင်းဖြင့် အဝလွန်ခြင်း၊ မျက်လုံးနဲ့ဆိုင်သော ပြဿနာများ၊ ခါးနာခြင်း၊ အိပ်မပျော်ခြင်း စတဲ့ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။

.

• ကောင်းမွန်တဲ့ အကျင့် (habits) တွေကို တစ်ကြိမ်မှာတစ်ခုစီ ကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲကို ထည့်မယ်။

လက်မလျှော့ဘဲ ဇွဲရှိရှိနဲ့ ရေရှည်အကျင့်တွေကို စွဲမြဲသည်ထိ ကြိုးစားမယ်။ ဒီလိုကြိုးစားနိုင်တဲ့ အပြုအမူ(mindset) ရှိတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ဆုချမယ်။

အကျင့်တစ်ခု ဖြစ်မြောက်ဖို့ဆိုရင် ၂၁ ရက်ကြာ တောက်လျှောက်လုပ်ဖို့ လိုအပ်ပါတယ်။ နေ့စဉ်မလုပ်နိုင်ရင်၊ မလုပ်ဖြစ်ရင် ဝမ်းမနည်းဘဲ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ဘဲ ငါလုပ်နိုင်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားပေးပါ။ နောက်တစ်ရက်ရောက်ရင် တတ်နိုင်သမျှ ကြိုးစားပြီး ပြန်စပါ။ အလေ့အကျင့်ကို အောင်အောင်မြင်မြင် လုပ်နိုင်ပြီဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ်ဆုချဖို့ မမေ့ပါနဲ့နော်။

????စိတ်ကျန်းမာစေဖို့ (Vision board for mental health)

• ဘဝအတွက် ရုန်းကန်လှုပ်ရှား ကြိုးစားနေရင်း တတ်နိုင်သလောက် အနားယူဖို့ အချိန်ပေးမယ်။

တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ကြုံရဆုံရလူ့ဘဝအတွင်းမှာ ကျွန်တော်တို့ အမေ့ဆုံးအရာက သက်တောင့်သက်သာ အနားယူဖို့ပါ။ နေ့စဉ်နေ့စဉ် အလုပ်တွေလုပ်ရင်း အနားယူဖို့မေ့လျော့တဲ့အခါ ပင်ပန်းနွမ်းနယ်ခြင်း၊ ရောဂါထူခြင်း၊ စိတ်နဲ့ဆိုင်တဲ့ရောဂါများဖြစ်ပွားလာခြင်းများ ဖြစ်လာနိုင်ပါတယ်။ အနားယူတယ်ဆိုတာက တစ်ယောက်နဲ့တစ်ယောက် ကွဲပြားပါတယ်။ တချို့အတွက် သီချင်းနားထောင်တာ/ဆိုတာ ဖြစ်မယ်။ တချို့က စာဖတ်တာဖြစ်မယ်။ တချို့က ခရီးသွားတာဖြစ်မယ်။ မိမိ ကြိုက်နှစ်သက်တဲ့အရာ (activity) တွေနဲ့ အနားယူပါနော်။

.

• တစ်နေ့တာအတွက် ဂျာနယ် (journal) ရေးမယ်။

ဂျာနယ်ရေးခြင်းဖြင့် စိတ်ဖိစီးမှု လျော့ကျမယ်။ မိမိအတွေး၊ ခံစားချက်တွေကို နားလည်လာမယ်။ စိတ်ဓတ်ကျတာတွေကို ကာကွယ်လာနိုင်ပါမယ်။

ဂျာနယ် ဘယ်လိုရေးကြမလဲ။ မိမိအဆင်ပြေသလို စိတ်တိုင်းကျ ရေးလို့ရပါတယ်။ အနာဂတ်ကမိမိဆီ စာရေးတာဖြစ်နိုင်သလို၊ အတိတ်ကမိမိဆီလည်း ဖြစ်နိုင်ပါတယ်။ တစ်စုံတစ်ယောက်စီကိုလည်း ဖြစ်နိုင်သေးတာပါပဲ။ တစ်နေ့တာ အတွေးတွေကို ချရေးတာဖြစ်နိုင်သလို ဒေါသတွေ စိတ်မကျေနပ်တာတွေ ပေါက်ကွဲရာနေရာလည်းပဲ ဖြစ်နိုင်တာပဲနော်။

.

• အချိန်ဆွဲတာ ရှောင်မယ်။ အရေးကြီးတဲ့ အလုပ်တွေကို အရင်လုပ်မယ်။

Procrastinate (အချိန်ဆွဲခြင်း) ဟာ ကြာလာရင် စိတ်ဖိစီးမှုဖြစ်လာနိုင်တာမို့ လုပ်ရမယ့်အလုပ်တွေ တအားများနေရင် အရေးကြီးတဲ့အလုပ်တွေကို အချိန်မဆွဲဘဲ အရင်လုပ်လိုက်ပါ။ မိမိကိုယ်ကို အချိန်ဆွဲပြီးလုပ်မိနေလားဆိုတဲ့ အသိရှိဖို့လည်း အရေးကြီးပါတယ်။ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တဲ့အရာတိုင်းက မိမိပြုပြင်ပြောင်းလဲဖို့လိုတယ်ဆိုတဲ့အသိ (awareness) ရှိဖို့ လိုအပ်ပါတယ်။

.

• Mindfulness (သတိရှိခြင်း) လေ့ကျင့်ခန်းတွေကို အချိန်ပေးပြီး လုပ်မယ်။

သတိရှိခြင်း (mindfulness) ဖြင့် ပစ္စုပ္ပန်မှာနေထိုင်ခြင်းက စိတ်ရောကိုယ်ပါ ကျန်းမာစေတယ်။ ဆက်ဆံရေးတွေ ကောင်းမွန်စေတယ်။ နေ့စဉ် အချိန် ၅ မိနစ်ခန့်ပေးရုံနဲ့ သိသိသာသာ နေလို့ကောင်းလာတာကို ခံစားမိလာပါလိမ့်မယ်။

အရင်ဆုံး သက်တောင့်သက်သာ ရှိမယ့်နေရာမှာ ထိုင်လျက်ဖြစ်စေ၊ လဲလျောင်းပြီးဖြစ်စေ၊ မျက်စိဖွင့်လျက်ဖြစ်စေ၊ ပိတ်လျက်ဖြစ်စေ မိမိသက်တောင့်သက်သာ ခံစားရသလို နေလိုက်ပါ။ အသက်ရှူတာကို သတိထားကြည့်ပါ့မယ်။ ရှူသွင်းလိုက်တဲ့လေဟာ နှာခေါင်းကနေ အဆုတ်ထဲ၊ အဲဒီကနေ ရင်ဘတ်တခုလုံးပြည့်သွားတာကို သတိထားကြည့်လိုက်ပါ။ အတွေးတွေ၊ အနီးနားက အသံတွေ၊ မိမိအာရုံရောက်သွားတဲ့ အရာတွေတိုင်းအတွက် သစ်ရွက်တွေကို လေက တစ်ရွက်ချင်းတိုက်သွားသလို တစ်ခုချင်းစီ အသိအမှတ်ပြုပေးလိုက်ပါ။ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီ သတိထားပြီး ကြည့်ကြစို့။ ခေါင်းကနေစပြီး မျက်ခုံး၊ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ အာခေါင်၊ လည်ပင်း၊ ပုခုံး၊ ရင်ဘတ်၊ ဝမ်းဗိုက်၊ ကျော၊ လက်မောင်းတစ်ခုချင်းစီ၊ လက်တစ်ချောင်းချင်းစီ၊ ပေါင်၊ ခြေသလုံး၊ ခြေဖဝါးတွေကို သတိထားကြည့်ကြည့်ပါ။ ခြေချောင်းတစ်ခုချင်းစီ ပြီးသွားရင် တစ်ဆင့်ချင်း ခေါင်းဘက်စီပြန်လာပါ။ ပြီးဆုံးသွားပြီဆိုရင်တော့ ဖြည်းဖြည်းချင်းထလိုက်ပါ။ လေ့ကျင့်ခန်း ပြီးဆုံးသွားပါပြီ။ တစ်နေ့ ၅ မိနစ်ခန့် အချိန်ပေးခြင်းဖြင့် အတွေးတွေ စိတ်ခံစားချက်တွေကို သတိရှိလာပြီး စိတ်ပေါ့ပါးကြည်လင်လာပါလိမ့်မယ်နော်။

.

• မိတ်ဆွေတွေနဲ့ အချိန်ပေးပြီး စကားပြောမယ်၊ မိသားစုချင်း ထွေရာလေးပါးစကားပြောမယ်။

လူ့စိတ်သဘောသဘာဝအရ သံယောဇဉ် (Connection) ကို တောင့်တကြပါတယ်။ အချိန်ပေးပြီး မိမိချစ်ရသူတွေနဲ့ စကားပြောခြင်းဖြင့် စိတ်ဖိစီးမှု‌လျော့ပါးမယ်။ မိမိတို့အဆင်မပြေဖြစ်တဲ့အချိန် ဒုက္ခတွေရင်ဆိုင်ရချိန်မှာ ထောက်ပံပေးမယ့်၊ အတူရှိနေပေးမယ့်အရာ (support system) တွေ တည်ဆောက်နိုင်တာဖြစ်လို့ ချစ်ခင်ရတဲ့သူတွေကို အချိန်ပေးဖို့မမေ့ပါနဲ့နော်။

.

• ကျေးဇူးတင်တတ်တဲ့ အလေ့အကျင့်ကိုမွေးမြူမယ်။

ဘာတွေကို ကျေးဇူးတင်ကြမလဲ။ မိမိတို့ကို အသက်ရှင်ရတာ ပိုလွယ်ကူစေတဲ့ မိမိတို့အတွက် အရေးကြီးတဲ့ အရာတွေကို ကျေးဇူးတင်ကြမယ်။ ပထမဆုံး နေ့စဉ် မိုးလင်းမိုးချုပ် အသက်ရှူပေး၊ နှလုံးခုန်ပေးနေတဲ့ မိမိတို့ခန္ဓာကိုယ်ကို ကျေးဇူးတင်တတ်ဖို့လိုပါတယ်။ စိတ်ကဖြစ်လိုသမျှ လိုက်လုပ်နေတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ကျေးဇူးတင်လို့ရပါတယ်။ တခြားမိသားစု၊ ချစ်ရတဲ့သူ၊ အလုပ်ရှင် စသဖြင့် ခေတ္တခဏလေး မျက်လုံးလေးမှိတ်ပြီး မိမိဘဝရဲ့ ကျေးဇူးတင်ထိုက်တဲ့သူတွေကို ကျေးဇူးတင်လိုက်ခြင်းဖြင့် စိတ်ကြည်လင်မယ်။ အခက်အခဲတွေ ရင်ဆိုင်ရရင် ငါ့မှာ အရေးကြီးတဲ့ အရာတွေ ရှိနေသေးပါလားဆိုတာ သတိပြုမိလာမယ်ဆိုတော့ ဒါလေးကိုလည်း နေ့စဉ်ဘဝထဲမှာ အချိန်ပေးဖို့ မမေ့ပါနဲ့နော်။

အခုပြောပြထားခဲ့သလိုမျိုး မိမိတို့ရဲ့ ဆန္ဒပန်းတိုင်တွေ ပြည့်စုံအောင်မြင်စေဖို့အတွက် Vision board လေးတွေကို လက်တွေ့ အသုံးပြုကြည့်ကြရင်း….

အားလုံးပဲ နှစ်သစ်မှာ စိတ်သစ်လူသစ် မိမိဖြစ်ချင်တဲ့ ဆန္ဒတွေ အကုန်ဖြစ်မြောက်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here