၆လတစ်ကြိမ် သန်ချရန် (December,2023)

0
648

ကလေးက ဘယ်နှစ်နှစ် ရှိပြီလေ…
အဲဒါ သန်ချဆေး တိုက်လို့ရလား…
လူကြီးကရော သန်ချဆေး သောက်လို့ရလား…
ဒါမျိုးလေးတွေက မကြာခဏ အမေးများတဲ့ မေးခွန်းလေးတွေပါနော်။
ဘာကြောင့်များ သန်ချဆေး တိုက်ရ/သောက်ရမှာကို စိုးရိမ်ပြီး မေးမြန်းနေကြပါလိမ့် ???? ?
ငယ်ငယ်က ပြောကြတဲ့…
သန်ချဆေးသောက်အပြီး နှာခေါင်းထဲက၊ နားရွက်ထဲက၊ ပါးစပ်ထဲက သန်ကောင်တွေ ထွက်လာလိမ့်မယ် ကြောက်စရာကြီးဆိုတဲ့ အယူအဆမှားတွေကြောင့်များ ဖြစ်နေမလား မသိနော်။


ဘာကြောင့်မှန်း မသိပေမယ့် ပြောစရာရှိတာကိုတော့ ရဲရဲကြီး ပြောလိုက်ပါရစေ…
သန်ချဆေးကို တိုက်လို့/သောက်လို့ ရပါတယ်။
ဘယ်အရွယ်နေနေ ၄ လ (သို့) ၆ လ တစ်ကြိမ် သန်ချဆေး သောက်သင့်ပါတယ်… ကြိုတင်ကာကွယ်တဲ့အနေနဲ့ပါ။
သောက်ရမယ့် ပမာဏနဲ့ ဆေးအမည်ကတော့…

  • ၁ နှစ်နဲ့ ၂ နှစ်ကြား ကလေးဆိုရင် Albendazole 200mg
  • ၂ နှစ်အထက်ကစပြီး ဟိုးလူကြီးတွေအထိဆိုရင် Albendazole 400mg…. ၄ လခြား (သို့) ၆ လခြား တစ်ကြိမ်စီ သောက်သင့်ပါတယ်နော်။
    ဒါဆိုရင်တော့ ကိစ္စပြတ်ပြီ ထင်ပါတယ်။


    ကိစ္စမပြတ်သေးတာက ဘာကြောင့်များ သန်ချဆေးကို ၄ လ (သို့) ၆ လတစ်ကြိမ် သောက်ခိုင်းနေသလဲပေါ့…
    ဟုတ်တယ်နော်…
    ရှင်းပြပေးပါမယ်… ဒီလိုပါ
    တကယ်တော့ သန်ကောင်၊ တုပ်ကောင်၊ သံချိတ်​ကောင်၊ သံပြားကောင်၊ သံလုံးကောင်… ဘာတွေမှန်းမသိ စုံပလုံစိနေတဲ့ အကောင်တွေဟာ ခန္ဓာကိုယ်ထဲကို နည်းအမျိုးမျိုးနဲ့ ဝင်ရောက်ကူးစက်ပြီး ရောဂါမျိုးစုံကို ဖြစ်စေတတ်လို့ပါ။
    လူတော်တော်များများ သိကြတာကတော့ သန်ကောင်ဆိုတာ အူထဲမှာ နေကြတယ်/ ရှိကြတယ်… မသန့်ရှင်းတာတွေ စားမိရာကတစ်ဆင့် ကူးစက်တယ်ပေါ့နော်။
    ဒါပေမယ့် လက်တွေ့မှာတော့ အဲဒီထက်မကပါဘူး။
    အရေပြားမှာ၊ အသည်းမှာ၊ အဆုတ်မှာ၊ ဦးနှောက်နဲ့ အာရုံကြောမှာ၊ ကြွက်သားမှာ… စသဖြင့် နေရာမျိုးစုံမှာ သန်ကောင်တွေ ဝင်ရောက်ဒုက္ခပေးနိုင်ပါသတဲ့။
    (အလို… ဟုတ်ရော ဟုတ်ရဲ့လား)
    ဟုတ်ပါတယ်ဆိုနေ…
    မယုံရင် ဆက်ဖတ်ကြည့်
    စိတ်ဝင်စားဖို့ကောင်းတယ်။


    “ ဟဲ့… လက်သည်းတွေမှ အရှည်ကြီးပဲ… အထဲမှာလည်း ဂျီးတွေနဲ့ မရွံဘူးလား… အဲ့လက်နဲ့ ထမင်းစား… ပြီးရင် သန်ကောင်တွေ ဗိုက်ထဲရောက်လာမယ်… သွား… လက်သည်းသွားညှပ်”
    ဒါမျိုးတွေ ငယ်ငယ်က တော်တော်များများ ကြုံဖူးကြမယ် ထင်ပါတယ်နော် ????
    မသန့်ရှင်းတဲ့ အညစ်အကြေးတွေကို ကိုင်တွယ်ပြီး စားသောက်ရာမှတစ်ဆင့် သန်ကောင်တွေ ဗိုက်ထဲရောက်လာတတ်သလို. . . တစ်ခါတစ်ရံ အချို့သန်ကောင်အမျိုးအစားတွေဟာ တိရိစ္ဆာန်ရဲ့အသားထဲမှာ နေထိုင်ကြတာကြောင့် အသားဟင်းတွေကို သေချာချက်ပြုတ်ခြင်း မရှိရင်လည်း သန်ကောင်တွေ ကူးစက်ခံရနိုင်ပါတယ်။
    ဒါ့အပြင် တချို့သောသန်ကောင်တွေဟာ အရေပြားကို တိုက်ရိုက်ဖောက်ထွင်း ဝင်ရောက်နိုင်တာကြောင့် မြေပြင်ပေါ် ဖိနပ်မပါ ခြေဗလာနဲ့သွားတာ၊ မြေကြီးတွေ ကိုင်တွယ်ဆော့ကစားတာ/ ကိုင်တွယ်အလုပ်လုပ်ရတာ… ဒါမျိုးတွေမှာလည်း သန်ကောင် ကူးစက်ခံရနိုင်​ပါတယ်။
    ဒီလိုမျိုး အရေပြားကို ဖောက်ထွင်းလာတဲ့ အကောင်လေးတွေထဲကမှ တချို့အမျိုးအစားတွေက အရေပြားထဲမှာပဲ နေထိုင်ကြပေမယ့်. . . တချို့ကျ အရေပြားရဲ့အောက်အထိပါ ဆက်လက်ဖောက်ထွင်းပြီး သွေးကြောတွေကတစ်ဆင့် ခန္ဓာကိုယ်အနှံ့ဆီ ပျံ့သွားနိုင်ပါသတဲ့ ????
    အလို… ကြောက်စရာ။
    (ဪ… အခုပြောခဲ့တာက သန်ကောင်သားလောင်းလေးတွေ ဝင်ရောက်လာပုံအကြောင်းပါနော်။ သူတို့ဟာ အလွန်သေးငယ်ပြီး သာမန်မျက်စိနဲ့ မမြင်ရနိုင်ဘဲ အဏုကြည့်မှန်ဘီလူးနဲ့သာ မြင်ရမှာပါ။ တကယ့် သန်ကောင်အကြီးကြီးတွေ မဟုတ်သေးပါဘူး ????)


    အဲဒီတော့ ဘာတွေဆက်ဖြစ်လာနိုင်လဲ
    များသောအားဖြင့် အဆုတ်ထဲရောက်သွားတဲ့ သန်ကောင်သားလောင်း အများစုဟာ အသက်ရှုလမ်းကြောင်းတစ်လျှောက် ဆန်တက်ပြီး လည်ပင်းနားအရောက်မှာတော့ အစာရေမျိုပြွန်မှတစ်ဆင့် နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ အူလမ်းကြောင်းထဲ ဝင်ရောက်ကြပါတယ်။ အူထဲရောက်တဲ့အခါမှ သန်ကောင်အကြီးကြီးတွေ ဖြစ်ကြတာပေါ့။
    အချို့တွေကတော့ သားလောင်းအဆင့်နဲ့ပဲ အသည်းထဲမှာ၊ ကြွက်သားထဲမှာ၊ ဦးနှောက်နဲ့အာရုံကြောတွေမှာ ခိုအောင်းနေတတ်ပြီး အချိန်ကြာလာတဲ့အခါ အရည်အိတ်တွေ ဖြစ်စေပါသတဲ့။ ချက်ချင်းကြီး ဖြစ်တာတော့ မဟုတ်ဘူးနော်… နှစ်ပေါင်းများစွာ ဆယ်နှစ် ဆယ့်ငါးနှစ်လောက်နေမှ တဖြည်းဖြည်းချင်း ဖြစ်လာတာပေါ့။
    အဲဒီအခါ သူတို့တွေ ရောက်ရှိတဲ့နေရာပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေလည်း အမျိုးမျိုးဖြစ်နိုင်တာလေ….
    အရေပြားမှာ ခိုအောင်းနေတဲ့ သန်ကောင်သားလောင်းလေးတွေကြောင့် အရေပြားယားယံပြီး အနာတွေ ဖြစ်တတ်သလို အဆုတ်၊ အသည်း၊ ဦးနှောက် စတာတွေဆီ ရောက်တဲ့အခါ ချောင်းဆိုးတာ၊ လည်ပင်းနာတာ၊ ဖျားတာ၊ အသားဝါတာတွေကအစ တက်တာလိုမျိုး အာရုံကြောဝေဒနာတွေအထိ ဖြစ်နိုင်ပါသတဲ့။
    အူလမ်းကြောင်းထဲမှာ ရှိတဲ့အကောင်တွေကတော့ ဗိုက်အောင့်၊ ဗိုက်နာ၊ ဝမ်းလျှောလိုဟာမျိုးတွေ ဖြစ်စေတဲ့အပြင်၊ သန်ချိတ်ကောင်လို အမျိုးအစားတွေဟာ အူနံရံကို သူ့ရဲ့ချိတ်နဲ့ချိတ်ပြီး လူ့ခန္ဓာကိုယ်ရဲ့ သွေးနဲ့ သွေးထဲက အသားဓာတ် (ပရိုတင်းဓာတ်) တွေကိုပါ စုပ်ယူစားသုံးတာပေါ့။ ကိုယ့်အသွေးအသားတွေကို ပယ်ပယ်နယ်နယ် ဝါးတီးဆွဲနေတာပေါ့… ဒီကောင်တွေက ????????
    ဒါ့အပြင် တို့တွေစားလိုက်တဲ့ အာဟာရတွေထဲကမှ ဗီတာမင် B12 ကိုမှ ရွေးပြီးကြိုက်တတ်တဲ့ သန်ကောင်တွေကလည်း ရှိသေး။ ဆည်ဝမှာ ဗျိုင်းစောင့်သလို ကိုယ်စားလိုက်တဲ့ ဗီတာမင်တွေကို ဒင်းတို့ကဦးအောင် မျိုဆို့နေကြတော့ လူ့ခန္ဓာကိုယ်ဟာ အာဟာရမပြည့်ဝ၊ အသားဓာတ်ချို့တဲ့၊ သွေးအားတွေပါနည်းပြီး ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအထိပါ ဖြစ်ပေါ်လာစေတတ်ပါသတဲ့။
    ဒါတင်မက…
    (မကရင်လည်း ဗုံထမ်းပြီး ပြန်တော့ကွာ… ဖတ်ရတာ စိတ်ရှုပ်လာပြီ။ ဘာတွေမှန်းမသိ ကြောက်စရာကြီး)
    ဪ အင်း…
    ဒါဆိုရင်လည်း အဆုံးသတ်လေးတော့ ရေးပါရစေနော်
    တကယ်တမ်း ရေးမယ်ဆိုရင် A4 ဆယ်မျက်နှာမက ရေးလို့ရတယ် သန်ကောင်တွေအကြောင်းက…
    (အေး… အေး… အဆုံးသတ်တော့မှာဆို ရေး
    ဒါပေမယ့် တိုတိုပဲရေး ????)


    ကဲ… အဆုံးသတ်ပါပြီနော် ????
    ပြောချင်တာကတော့ အမျိုးစုံ ကြိုးခုန်နေတဲ့ သန်ကောင်မျိုးစိတ်တွေဟာ ခန္ဓာကိုယ်ထဲ နည်းလမ်းအမျိုးမျိုးနဲ့ ဝင်ရောက်လာနိုင်သလို…
    အူလမ်းကြောင်းသာမက တခြားနေရာတွေမှာပါ ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်တာကြောင့်…
    ကြိုတင်ကာကွယ်တဲ့အနေနဲ့ ၄ လ (သို့) ၆ လတစ်ကြိမ် သန်ချဆေး သောက်သင့်ပါကြောင်း၊ အထူးသဖြင့် ကလေးတွေမှာဆို ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကျန်းမာသန်စွမ်းစေဖို့ သန်ချဆေး ပုံမှန်တိုက်သင့်ပါကြောင်း၊ လူကြီးများလည်း သန်ချသင့်ပါကြောင်း ပြောကြားရင်းနဲ့ပဲ သောက်ရမယ့်ဆေးနဲ့ ဆေးပမာဏလေးကို နောက်တစ်ကြိမ် ပြန်ပြောပြပေးမယ်နော်…
    မှတ်ထားကြဦး…
  • ၁ ~၂ နှစ်ကြား ကလေးဆိုရင် Albendazole 200mg
  • ၂ နှစ်အထက်ကစပြီး ဟိုးလူကြီးတွေအထိဆိုရင် Albendazole 400mg…. ၄ လခြား/ ၆ လခြား တစ်ကြိမ်စီပါနော်။
    ညဘက် တိုက်ပေးရင် ပိုကောင်းပါတယ် ????
    အားလုံးပဲ… သန်ကောင် တုပ်ကောင် ကင်းဝေးလို့ ကျန်းမာပျော်ရွှင်သော ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းပေးလျက်….

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here