ကိုယ်ဝန်ဆောင်မီးဖွားရမှာ ကြောက်တဲ့ရောဂါ (December,2023)

0
280

ကိုယ်ဝန်ဆောင်ကာလဟာ အမျိုးသမီးတွေအတွက် တစ်ဆစ်ချိုး ​အပြောင်းအလဲ ကြုံကြရတဲ့ကာလဖြစ်တာမို့ စိတ်ပူပန်စရာကောင်းလှတာ အမှန်ပါပဲ။

ကိုယ်ဝန်ဆောင်ချိန် ကိုးလပြီးလို့ ကလေးမွေးဖွားချိန်ရောက်ပြန်တော့လည်း ကိုယ်တိုင်အတွက်ရော၊ မမြင်ရသေးတဲ့ ရင်သွေးငယ်လေးအတွက်ပါ အသက်အန္တရာယ် စိုးရိမ်စရာအခြေအနေတစ်ရပ်မို့ ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ရပ်ဆိုရင်လည်း မမှားပြန်ပါဘူး။

ဒီလိုမျိုး ကလေးယူ၊ ကိုယ်ဝန်ဆောင်မီးဖွားရမှာကို ကြောက်တာဟာ ပုံမှန်ဖြစ်တတ်တဲ့ စိတ်ကလေးဆိုပေမယ့် ဒီကြောက်စိတ်၊ စိုးရိမ်ပူပန်စိတ်ကြောင့် မိမိရဲ့နိစ္စဓူဝ လုပ်ငန်းဆောင်တာတွေကို ထိခိုက်မယ်၊ အလွန်အမင်း ကြောက်လန့်အားကြီးနေမယ်ဆိုရင်တော့ ကိုယ်၀န်အတွက်ရော၊ မိခင်နဲ့ ရင်သွေးငယ်အတွက်ပါ အဆင်မပြေနိုင်တော့ပါဘူး။

????‍???? ဒီလိုမျိုး ကိုယ်ဝန်ဆောင်မီးဖွားရမှာ ကြောက်တဲ့စိတ်ရောဂါ/ စိတ်အခြေအနေကို ဆေးပညာအခေါ်အရ “ Tokophobia” လို့ခေါ်ဆိုပြီး သူဟာ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမွေးဖွားရချိန်နဲ့ ဆေးရုံတက်ရချိန်မှာ ဖြစ်လေ့ရှိတတ်တဲ့. . .

– Obesophobia (ဝမှာကြောက်တဲ့ရောဂါ)

– Algophobia (နာမှာကြောက်တဲ့ရောဂါ)

– Latrophobia (ဆရာ၀န်ကိုကြောက်တဲ့ရောဂါ)

– Nosocomephobia (ဆေးရုံဆေးခန်းကြောက်တဲ့ရောဂါ)

– Trypanophobia (ဆေးထိုးအပ်ကြောက်တဲ့ရောဂါ)

– Pedophobia (ကလေးကြောက်တဲ့ရောဂါ)

– Haphephobia (အကိုင်အတွယ်ခံရမှာကြောက်တဲ့ရောဂါ) စတဲ့ အခြားသော ​ကြောက်စိတ်လွန်ရောဂါအမျိုးအစားတွေနဲ့ တွဲဖက်ဆက်စပ်ပြီး ဖြစ်လေ့ရှိပါသတဲ့။

ကဲ… ကြံကြံဖန်ဖန် Phobias အမျိုးအစားတွေ ဖတ်အပြီးမှာတော့ အခု ကိုယ်ဝန်ဆောင်မီးဖွားရမှာ ကြောက်တဲ့ရောဂါ (Tokophobia) အကြောင်း ဆက်ရအောင်ပါနော်…

????‍???? Tokophobia ဟာ ကလေးတစ်ခါမှမမွေးဖူးတဲ့ သားဦးကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာလည်း ဖြစ်တတ်သလို ရှေ့ကိုယ်ဝန်မှာ မီးဖွားရခက်ခဲ့တာ၊ ဒါမှမဟုတ် ကလေးအဖတ်မတင်တာ စတဲ့ဖြစ်ရပ်တွေ ကြုံခဲ့ရလို့ ဒီကိုယ်ဝန်မှာ သိပ်ကြောက်နေရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

• ကိုယ်ဝန်လွယ်ရမှာကို ရှက်ရွံသူတွေ (ဥပမာ – အရင်က အဓမ္မမတော်မတရား ပြုကျင့်ခံခဲ့ရလို့ ကိုယ်ဝန်ရမှာကို ကြောက်ခဲ့ရဖူးတဲ့ အခြေအနေရှိဖူးသူတွေ)

• ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းရဲ့ နောက်ဆက်တွဲအခြေအနေတွေ ဘာတစ်ခုမဖြစ်စေချင်ဘဲ ပုံမှန်လေးသာ ကလေးမွေးဖွားပြီးစီးဖို့ စိတ်ဖိစီးမှုရှိသူတွေ

• ကိုယ်ဝန်လွယ်ချိန်၊ ကလေးမွေးဖွားချိန်မှာ ဖြစ်တတ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဟာ လူတိုင်းမှာ မဖြစ်နိုင်ဘူး၊ မိမိမှာလည်း ဖြစ်ဖို့ရာခိုင်နှုန်း အတိုင်းအတာတစ်ခုထိ နည်းပါးတယ်ဆိုတာကို မသိရှိသူတွေ

• က်ိုယ်ဝန်အပ်ချိန်၊ ကလေးမွေးဖွားချိန်မှာ ဆရာဝန် (OG) ရဲ့အကိုင်အတွယ်ခံရမှာ ကြောက်သူ၊ ရှက်ရွံ့တတ်သူ အမျိုးသမီးတွေ (ဒါက ကြံကြံဖန်ဖန်ဆိုပေမယ့် တကယ့်ကို Tokophobia ဖြစ်စေတဲ့ အချက်တွေထဲက တစ်ချက်ပါပဲ)

• ကိုယ်ဝန်ဆောင်မီးဖွားရလို့ အလုပ်ပျက်မှာ ကြောက်သူတွေမှာ Tokophobia ဖြစ်ဖို့ ရာနှုန်းပိုများစေပါတယ်။

နောက်ပြီး အခြားသူတွေရဲ့ ကိုယ်ဝန်ဆောင်မီးဖွားချိန်မှာ အသက်ဆုံးရှုံးရသည်အထိ ကြုံခဲ့ရတဲ့ ဖြစ်ရပ်ဇာတ်လမ်းတွေကို ကြားရပါများတာကလည်း Tokophobia ဖြစ်ဖို့ရာ အားပေးနေတဲ့ အချက်တစ်ချက်ပါပဲ။

????‍???? Tokophobia ရှိတဲ့ အမျိုးသမီးဟာ. . .

– ပထမဆုံးအနေနဲ့ ကိုယ်ဝန်ရဖို့ကြောက်တော့ အမျိုးသားနဲ့ အတူနေရမှာပါကြောက်ပြီး အတူမနေဖြစ်တော့ဘူး။

– ကိုယ်၀န်ရပြန်တော့လည်း က်ိုယ်ဝန်ဆောင်ချိန်အတွင်း မမြင်ရသေးတဲ့ ရင်သွေးငယ်ကလေးအတွက် ရင်ခုန်စိတ်လှုပ်ရှားနေရမယ့်အစား ကြောက်စိတ်၊ စိုးရိမ်စိတ်ကသာ ပိုအားကြီးနေမယ်။

– မိမိ ကိုယ်ဝန်ဆောင်ထားရပါတယ် ဆိုတာကိုတောင် ဖုံးကွယ်ပစ်ဖို့ ကြိုးစားတာအထိ ဖြစ်နိုင်သလို

– ချစ်ရတဲ့ ခင်ပွန်းသည်အပါအဝင် ချစ်ရသူတွေနဲ့ ဝေးကွာသလို ခံစားလာရတတ်ပါတယ်။

.

ဒီလို အတွေးတွေ ဖြစ်လာပြီးနောက်. . .

• ကိုယ်၀န်ပျက်ကျပါစေတော့လို့ တွေးကောင်းတွေးမယ်။

• တကယ်လည်း ကိုယ်ဝန်ဖျက်ချပစ်ဖို့ ကြံစည်ကြိုးစားမယ်။

• ကလေးမွေးလာရင်လည်း ရင်သွေးငယ်ကို မွေးစားဖို့/ ပေးပစ်ဖို့ ကြံစည်ကြိုးစားမယ်။

• ဒါ့အပြင် ချောချောမွေ့မွေ့ မွေးဖွားလိုတဲ့ အချက်တစ်ခုတည်းနဲ့ မလိုအပ်ဘဲ ခွဲစိတ်မွေးဖွားချင်နေတာမျိုးလည်း ရှိနိုင်ပါမယ်။

????‍???? ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ မိမိမှာ Tokophobia ရှိကြောင်း ဆရာဝန်နဲ့ပြသပြီး ကိုယ်ဝန်အပ်ချိန် မိမိရဲ့စိုးရိမ်ကြောက်ရွံ့စိတ်ကို အမှန်အတိုင်း ဝန်ခံထုတ်ဖော် ပြောကြားခြင်းဖြင့် ဆရာဝန်က အကြမ်းဖျဥ်းသိရှိပြီး လိုအပ်ပါက ကုသပေးလို့ ရနိုင်ပါတယ်။

Tokophobia ဟာ ကုသရင် ပျောက်ကင်းနိုင်တဲ့ စိတ်အခြေအနေတစ်ခုပါ❗️

– CBT လို့ခေါ်တဲ့ စိတ်ကုထုံးတွေ

– လိုအပ်ရင် ဆရာဝန်ညွှန်ကြားချက်နဲ့ အသုံးပြုနိုင်တဲ့ စိတ်ရောဂါကုသ ဆေးဝါးတွေ

– စိတ်စိုးရိမ်ပူပန် ကြောက်ရွံ့မှုကို လျော့ပါးသက်သာစေမယ့် Yoga ဆော့တာ၊ တရားထိုင်တာ၊ အသက်ရှုလေ့ကျင့်ခန်းပြုလုပ်တာလို စိတ်အပန်းဖြေနည်းလမ်းတွေနဲ့ Tokophobia လျော့ပါးအောင်၊ ပျောက်ကင်းအောင် ကုသပြီး ကျန်းမာတဲ့ကိုယ်ဝန်ဆောင်ချိန်နဲ့ ဘေးကင်းတဲ့မီးဖွားချိန်အတွက် စိတ်အေးချမ်းသာစွာ ကြိုးစားပြင်ဆင်နေထိုင်လို့ ရပါတယ်။

.

မေမေတို့အနေနဲ့လည်း မိမိလို ကိုယ်ဝန်ဆောင်မိခင်အချင်းချင်း တွေ့ဆုံတာ၊ အားပေးတာ၊ မိမိခံစားချက်တွေကို ထုတ်ဖော်ဝေမျှတာ…ဒါမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ်။

(အင်တာနက် Facebook မှာလည်း ကိုယ်ဝန်သည်တွေအတွက် နွေးထွေးတဲ့ အသိုက်အဝန်းငယ်လေးတွေ ရှိတာကြောင့် မိမိဘာသာ ရှာဖွေချိတ်ဆက်ပြီး အချင်းချင်း ခံစားမျှဝေ အားပေးကြဖို့ အကြံပြုလိုက်ပါရစေနော်…)

Reference: ????

Cleveland Clinic : Tokophobia (Fear of Childbirth)

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here