HIV ဘယ်အချိန် စစ်ရမလဲ (November,2023)

0
397

ဒီဇင်ဘာလည်း နီးလာပြီ…

ဒီဇင်ဘာနီးလို့ ဆောင်းအေးအေးမှာ ဆွေးဆွေးလေး ကွေးနေချင်ပေမယ့်လည်း တချို့သောဆရာဝန်တွေမှာတော့ ဇောချွေးတွေ ပျံနေဆဲပေါ့။

ဟုတ်ပါတယ်…

တယ်လီရဒ် – TeleRed က ဆရာဝန်တွေ အလုပ်များလာပြီလေ။

TeleRed ဆိုတာ ဘာကြီးလဲ…

ဘာလို့ အလုပ်တွေများလာလဲ မှန်းကြည့်ကြမလား။

(စဉ်းစားပြီးရင် ဆက်ဖတ်ကြည့်ရအောင်နော်)

TeleRed ဆိုတာကတော့ HIV လူနာတွေကို သီးသန့်ကြည့်ရှုပေးနေတဲ့ ဆေးခန်းလေးတွေပေါ့။

ကမ္ဘာပေါ်မှာ ရောဂါအလိုက် ဘာရောဂါနေ့၊ ညာရောဂါနေ့ဆိုပြီး သတ်မှတ်ထားတာတွေ ရှိတဲ့အလျောက် ဒီဇင်ဘာလ တစ်ရက်နေ့ကတော့ ကျွန်မတို့ TeleRed ရဲ့အလှည့်…

World AIDS Day ပေါ့နော်။

ဘာဖြစ်လို့ ရောဂါတွေကို တစ်နှစ်မှာ တစ်ရက် သတ်မှတ်ကြတာလဲဟင်….

ကျန်တဲ့ ရက်တွေဆို ဒီရောဂါခံစားနေရတဲ့သူတွေကို ဂရုမစိုက်ကြတာလား ????

တကယ်တော့ ဂရုမစိုက်တာ မဟုတ်ပါဘူးနော်။

ရောဂါအသီးသီး ခံစားနေရတဲ့ သက်ဆိုင်သူ ကာယကံရှင်တွေဟာ တစ်နှစ်ပတ်လုံးမှာ နေ့စဉ်နေ့တိုင်း ရောဂါရဲ့ဆိုးကျိုးတွေကို ကိုယ်တိုင်ကြုံတွေ့ ခံစားနေရတာကို ကျန်းမာရေးဝန်ထမ်းတွေက စာနာနားလည် သိရှိကြပါတယ်။

အခု World AIDS Day လိုမျိုး ကမ္ဘာ့သက်ဆိုင်ရာရောဂါ နေ့တွေ/ လတွေ/ ရက်သတ္တပတ်တွေမှာတော့ ရောဂါရှိသူတွေသာမကဘဲ သူတို့ရဲ့ မိသားစုဝင်တွေ၊ အခြား ရောဂါမရှိသူတွေနဲ့ ကျန်းမာရေးစောင့်ရှောက်ပေးသူတွေ အားလုံးအတွက် အသိပညာနဲ့ အတွေ့အကြုံဖလှယ်မှုတွေ ပိုတိုးစေဖို့ ရည်ရွယ်ထားတာပါ။

– ကူးစက်ရောဂါတွေဆို ကူးစက်တာတွေ လျှော့ချလို့ရအောင်

– မကူးစက်နိုင်တဲ့ ရောဂါတွေ (ဥပမာ – သွေးတိုး၊ ဆီးချို၊ ကင်ဆာ) ဆို မဖြစ်ပွားဖို့ လျှော့ချတဲ့ နည်းလမ်းတွေနဲ့ ကုသမှုနည်းလမ်းတွေကို လူအများဆီ မျှဝေပေးတာတွေအပြင်…

– ရောဂါတွေအကြောင်း လူစိတ်ဝင်စားမှု ပိုရအောင်လုပ်ဖို့အတွက် ဒီလိုသတ်မှတ်ထားကြတာ ဖြစ်ပါတယ်နော် ????

တစ်မျိုးခေါ်ရင် ကန်ပိန်းပေါ့။

ဒီကာလဆို ပိုပြီး ဒီအသုံးအနှုန်းကို ရင်းနှီးကြတယ်လေနော်။ လိုအပ်တဲ့နေရာတွေကို အချိန်တိုအတွင်း ထောက်ပံ့မှုနဲ့ အကူအညီတွေရောက်ဖို့ “ ငါတို့မှာ ငါတို့ပဲ ရှိတယ်” ဆိုတဲ့အတွက် ဒီလိုကန်ပိန်းတွေကတစ်ဆင့် ငွေအား၊ စိတ်ဓာတ်ခွန်အားတွေ ပေးကြသလိုမျိုးပေါ့။

အခုလို ရောဂါတွေနဲ့ ပတ်သက်တဲ့ ရက်တွေ၊ လတွေမှာ ဆိုရင်လည်း ပုံမှန်ထက်ပိုပြီး အသိအမှတ်ပြုဖို့၊ အချင်းချင်း စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေပေးဖို့၊ ကိုယ်ရဲ့ ရောဂါနဲ့အတူတကွ ကြံ့ကြံ့ခံ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို အချင်းချင်း အားသစ်လောင်း မျှဝေပေးဖို့တွေအတွက် ပိုအားထည့်ဖြစ်တာပေါ့။

ရှေ့လတွေတုန်းက ကမ္ဘာ့တီဘီရောဂါနေ့နဲ့ World Suicide Preventation Day တွေမှာ တယ်လီကျန်းမာကနေ ဉာဏ်စမ်းပဟေဠိ အဖြေညှိ ပြိုင်ပွဲလေးတွေ လုပ်ပေးခဲ့တာရော အမှတ်ရကြသေးလားမသိ…

ဒီဇင်ဘာတစ်ရက်နေ့ World AIDS Day ရောက်ရင်လည်း အဲဒီလိုမျိုး အထူးဉာဏ်စမ်းပဟေဠိလေး ပြုလုပ်ပေးဖို့ အစီအစဥ် ရှိပါတယ်နော်။

အဲဒီမတိုင်ခင် ဒီတစ်ပတ်လုံးနီးပါးတော့ HIV, AIDS နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာလေးတွေ၊ ကျွန်မတို့ လူနာတွေ၊ မိသားစုဝင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲလေးတွေကို မျှဝေပေးပါမယ်နော်။ တခြား ထပ်သိချင်တာလေးတွေ၊ မရှင်းတာလေးတွေ၊ ထောက်ပြပြောချင်တာလေးတွေဆိုလည်း အချိန်မရွေး ကွန်းမန့်နဲ့ မက်ဆင်ဂျာမှာ လာပြောပေးလို့ရတယ် ????

HIV/ AIDS လို့ပြောလိုက်ရင် လူအတော်များများက ကိုယ်နဲ့ သိပ်မဆိုင်တဲ့ကိစ္စလို့ စဉ်းစားမိတတ်ကြမယ် ထင်ပါတယ်။

ရောဂါပိုးရှိတဲ့သူကိုဆိုရင်လည်း ခွဲခြားဆက်ဆံမှုလေးတွေက မသိမသာဖြစ်စေ၊ သိသိသာသာဖြစ်စေ ရှိတတ်ကြတာ သတိထားမိကြမှာပါ။ ဒါပေမယ့် အခုတော့ ပြည်သူလူထုက ကျန်းမာရေး အသိပညာတွေ တိုးပွားလာတဲ့အလျောက် အရင်ခေတ်ထက်စာရင် အများကြီး သိသိသာသာ လျော့နည်းလာပါပြီ။

အရင်ခေတ်က HIV ပိုးရှိတယ်ဆိုတာနဲ့ ပြေးတွေးမိကြတာက “ဒီတစ်ယောက် လိင်ကိစ္စ ပွေရှုပ်လို့ ဖြစ်မယ်” ဆိုပြီး ဖြစ်မလားမသိ။ ဒါပေမယ့် လိင်ကိစ္စမှရယ်မဟုတ်ဘဲ ကူးစက်နည်းလမ်းမျိုးစုံ ရှိတာကိုလည်း တယ်လီကျန်းမာ စာဖတ်သူအများစုက သိပြီးသား ဖြစ်ကောင်းဖြစ်မှာပါ။

ရောဂါပိုးရှိနေတဲ့ သွေးသွင်းရာမှတစ်ဆင့်၊ ပိုးရှိ ကိုယ်ဝန်ဆောင်မိခင်ကနေ ကလေးကိုတစ်ဆင့်၊ ပိုးရှိတဲ့အပ် စူးရာကနေတစ်ဆင့်၊ ပိုးရှိဆေးထိုးအပ် သို့မဟုတ် ဆေးဖျော်တဲ့ အရည်တွေ မျှသုံးရာမှတစ်ဆင့်၊ ခန္ဓာကိုယ်မှာရှိတဲ့ ပေါက်ပြဲဒဏ်ရာမှတစ်ဆင့် သို့မဟုတ် မျက်လုံးကတစ်ဆင့် ပိုးရှိသွေးဝင်တာ အစရှိသဖြင့်ပေါ့။

(မကူးနိုင်တဲ့ နည်းလမ်းလေးတွေကိုတော့ ခဏချန်ထားလိုက်ဦးမယ်နော်…မေးကြည့်ချင်လို့ပါ)

မကူးစက်နိုင်တဲ့ နည်းလမ်းလေးတွေ ကိုယ်ကသိပြီးသားဖြစ်ရင်တော့ အများသူငါ သိရအောင် ကောမန့်ထဲ ဖြေပေးထားပါဦး ????

အဲဒီတော့ လိင်မှတစ်ဆင့် ကူးစက်ခဲ့တယ်ပဲ ထားပါဦး… တစ်ဖက်က ပြန်စဉ်းစားကြည့်ရင် လူရယ်လို့ ဖြစ်လာခဲ့တဲ့ အခါမှတော့ အတူနေတယ်၊ လိင်ဆက်ဆံတယ်ဆိုတဲ့ကိစ္စက အဆန်းမှ မဟုတ်တာလေ။ ဒါကို အပြစ်ဆိုစရာရှိတယ်လို့တော့ ကျွန်မတော့ မမြင်ဘူး။

safe sex ဖြစ်အောင်၊ အန္တရာယ်ကင်းအောင် အကာအကွယ်နဲ့ ဖြစ်ဖို့၊ ကျင့်ဝတ်ညီဖို့ကတော့ အရေးကြီးတာပေါ့။ တစ်ခါတလေကျတော့လည်း “တစ်ခါတည်းပါ” ဆိုတာကနေ ကံမကောင်းဘဲ ကူးသွားမိတာတွေလည်း ရှိတာပေါ့။ ဒီကောင်လေး၊ ဒီကောင်မလေး ဘာပိုးမှရှိမယ့်ပုံ မပေါ်ပါဘူး၊ ငါတစ်ခါလောက် ကွန်ဒုံးမသုံးတာ၊ ငါသူ့ကို ကွန်ဒုံးမသုံးခိုင်းလည်း ရမှာပါ ဆိုရာကနေ ကူးသွားတတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ပါတနာ (လိင်ဆက်ဆံဖော်) များတဲ့သူတွေဆို ကွန်ဒုံးကတော့ မဖြစ်မနေကို သုံးသင့်တာပေါ့နော်။ ၂ ဦး ၂ ယောက်လုံးက သူ့အပြင် ပါတနာမရှိ၊ တကယ့်ကို ယုံကြည်ရတယ်၊ သွေးပုံမှန်စစ်ကြတယ်၊ အခြား ကူးစက်နိုင်တဲ့ နည်းလမ်းတွေ လုံးဝမလုပ်ကြဘူး ဆိုရင်တော့လည်း ဒီအတွဲတွေကတော့ ကူးစက်နိုင်ခြေ မရှိသလောက် နည်းမှာပေါ့လေ။

ဒါပေမယ့်လည်း ကိုယ့်ပုံမှန်ပါတနာရဲ့ ရာဇဝင်နဲ့ လက်ရှိအခြေအနေတွေကိုတော့ ပွင့်ပွင့်လင်းလင်း သိနားလည်ထားဖို့ လိုမှာပါ။ အဲဒါကြောင့် ဘာနည်းလမ်းနဲ့ ထိတွေ့ခဲ့တယ်ဖြစ်ဖြစ်၊ ကိုယ့်မှာ risk (ဖြစ်နိုင်ခြေ) ရှိနိုင်တယ်လို့ သံသယရှိရင် သွေးစစ်ကြည့်ဖို့က အရေးကြီးပါတယ်နော်။

ဒါဆို HIV ပိုး ရှိ/မရှိ သိဖို့ ဘယ်လောက်တစ်ခါ စစ်ရမလဲ။

အမေရိကန်နိုင်ငံရဲ့ ရောဂါထိန်းချုပ်ရေး ဗဟိုဌာန (CDC) ကတော့ ဒီလိုပြောထားပါတယ်။ အသက် ၁၃ နှစ်နဲ့ ၆၄ နှစ်ကြားရှိတဲ့ ဘယ်သူမဆို တစ်သက်မှာ အနည်းဆုံး တစ်ခါတော့ HIV ပိုး စစ်ဆေးထားမှု ရှိသင့်ပါတယ်တဲ့။ ကူးစက်နိုင်ခြေများတဲ့သူတွေ (risk factor အချို့ရှိသူတွေ) ကတော့ တစ်နှစ်တစ်ခါလေး ပုံမှန် စစ်ဆေးသင့်ပါတယ်တဲ့။

တကယ်လို့ သင်ဟာ –

• အမျိုးသားချင်း လိင်ဆက်ဆံခဲ့ဖူးသူဖြစ်ရင်

• HIV ပိုးရှိသူနဲ့ စအိုမှတစ်ဆင့် (anal) သို့မဟုတ် မိန်းမကိုယ်မှတစ်ဆင့် (vaginal) လိင်ဆက်ဆံမိခဲ့သူဖြစ်ရင်

• နောက်ဆုံး HIV ပိုးစစ်ဆေးခဲ့ပြီး နောက်ပိုင်းမှာ လိင်ဆက်ဆံဖော် တစ်ဦးထက်ပိုခဲ့တာ ရှိရင်

• ဆေးထိုးအပ်၊ ဆေးထိုးပြွန်နဲ့ အခြား အသားထဲ၊ အကြောထဲ ထိုးသွင်းတဲ့နေရာမှာ သုံးတဲ့ပစ္စည်းတွေ (ဥပမာ – မိုးရေ၊ ဆေးဖျော်တဲ့ အရည်) မျှဝေသုံးစွဲခဲ့မိတာ ရှိရင်

• အခကြေးငွေယူပြီး သို့မဟုတ် မူးယစ်ဆေးသုံးရဖို့အတွက် လိင်ဆက်ဆံပေးခဲ့တာရှိရင်

• HIV ပိုးမဟုတ်ဘဲ အခြား လိင်ကတစ်ဆင့် ကူးစက်ထားတဲ့ ရောဂါတစ်ခုခု (ဥပမာ – ကာလသားပိုး၊ ဆီးပူညောင်းကျ အစရှိသဖြင့်) ကို လတ်တလော ကုသခံထားခဲ့ရတာရှိရင်

• အသည်းရောင်အသားဝါပိုး သို့မဟုတ် တီဘီရောဂါပိုး ကုသမှုခံယူထားခဲ့တာမျိုး ရှိခဲ့ရင်

• အပေါ်မှာဖော်ပြထားတဲ့ အချက်တွေထဲက တစ်ခုမဟုတ်တစ်ခု ငြိတဲ့သူနဲ့ အတူနေဖူးတာမျိုးရှိရင်

• အကြောင်းမသိတဲ့သူနဲ့ (ဥပမာ – one night stand သို့မဟုတ် လူချင်းတော့သိနေတယ် သူ့ရဲ့ လိင်ဆက်ဆံမှု ရာဇဝင်တွေ ကိုယ်မသိနိုင်တဲ့ အချိန်တွေမှာ) အတူနေခဲ့ဖူးတာမျိုးရှိရင်….

အနည်းဆုံး တစ်နှစ်တစ်ခါ HIV ပိုး ပုံမှန်စစ်သင့်တဲ့ သူတွေထဲမှာ ပါပါတယ်တဲ့။

မိမိဟာ ပုံမှန်လိင်ဆက်ဆံမှုရှိတဲ့ gay သို့မဟုတ် bisexual အမျိုးသား ဖြစ်တယ်ဆိုရင်တော့ သုံးလကနေ ခြောက်လတစ်ကြိမ် ပုံမှန်လောက် အမြဲစစ်ဆေးပေးပါတဲ့။ အပေါ်မှာ ဖော်ပြထားတာတွေထဲ ပါသလိုလို၊ မပါသလိုလိုနဲ့ မသေချာရင် စိုးရိမ်တတ်ရင် တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ပြီးတော့လည်း ဒီအတိုင်းကွက်တိမဟုတ်ဘဲ ဆရာ/ဆရာမတို့ ညွန်ကြားသလို စစ်လို့ရပါတယ်တဲ့နော်။

**အရေးကြီးဆုံး မှာချင်တဲ့ အချက်လေးကတော့ ချစ်သူ အသစ်ဖြစ်ဖြစ်၊ ပါတနာ အသစ်ပဲဖြစ်ဖြစ် ရလာခဲ့ရင် ပထမဆုံး အတူမနေခင်မှာ သွေးစစ်ကြဖို့ပါ။**

ကိုယ်ရဲ့ လိင်မှုရေးရာကိစ္စတွေနဲ့ မူးယစ်ဆေးသုံးခဲ့သူဖြစ်ရင်လည်း အဲဒီအကြောင်းလေးတွေ ပြောပြထားဖို့လိုပါတယ်။ HIV ပိုးရှိသူ/သိသူဖြစ်ရင်လည်း ပိုးရှိကြောင်း၊ အေအာတီဆေး သောက်နေသူဆိုရင်လည်း ဆေးသေချာသောက်နေကြောင်း၊ နောက်ဆုံး ပိုးကောင်ရေ HIV Viral Load အခြေအနေလေးတွေ ပြောပြစေချင်ပါတယ်။

အစပိုင်းမှာ အားယူပြီးပြောရမလို ဖြစ်နိုင်ပေမယ့် ခုရှုပ်မှ နောင်ရှင်း ဆိုသလို သိထားတော့မှ အချင်းချင်း တိုင်တိုင်ပင်ပင် ဆက်လျှောက်သွားလို့ရမှာလေနော်။ အရင်ခေတ်က ဒီကိစ္စတွေဆို မပြောသင့် မကြားသင့်သလို လုပ်ခဲ့ကြရာကနေ အခု ကျန်းမာရေးအသိပညာတွေ ကြွယ်ဝလာကြတော့ ဒီကိစ္စတွေသည် ရှက်စရာမဟုတ်ဆိုတာ အထူးတလည် ပြောပြစရာမလိုတော့ဘူးလို့လည်း ထင်ပါတယ်။

ကျွန်မရဲ့ ဆရာဝန်သက်တမ်းတစ်လျှောက် တိုင်တိုင်ပင်ပင် ချစ်ချစ်ခင်ခင် positive – negative အတွဲလေးတွေ (Serodiscordant couples) အသက်အရွယ်စုံ အများကြီး တွေ့ဖူးပါတယ်။ ကျွန်မရဲ့လူနာ အေအာတီဆေး သောက်နေတဲ့သူတွေအတွက် သိပ်ထူးဆန်းတဲ့ ကိစ္စမဟုတ်ပေမယ့် HIV ပိုးအကြောင်းအရာနဲ့ သိပ်မရင်းနှီးတဲ့သူတွေက ဒါမျိုးကြားရင် အလွန်ထူးဆန်းတယ် ထင်တတ်ကြပါတယ်။

တကယ်ကတော့ ဉာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာကြောင့်လို့ပဲ ပြောရမယ်ထင်တယ်။ ရောဂါပိုး ကူးနိုင်/မကူးနိုင်ဆိုတဲ့ နည်းလမ်းတွေသိတယ်၊ ပုံမှန် သွေးစစ်ဆေးမှု ခံယူကြတယ်၊ ဆေးသောက်နေရတဲ့ ပါတနာက အေအာတီဆေးလေးကို သေချာသောက်ပေးတယ်၊ မလိုအပ်ပဲ ကြောက်ရွံနေတာတွေ ခွဲခြားဆက်ဆံတာတွေ မရှိတဲ့အတွက် လူမှုဆက်ဆံရေးမှာ အဆင်ပြေကြတယ်။ ပါတနာတွေဆိုလည်း relationship မှာ အဆင်ပြေကြတယ်ပေါ့။

တစ်ဦးနဲ့တစ်ဦး ပွင့်ပွင့်လင်းလင်း ဖွင့်ပြောထားကြတဲ့အခါမှာ နောက်ဆံတင်းရတာမျိုး၊ ဖုံးကွယ်ထားရတာမျိုး မရှိဘဲ လိုအပ်တဲ့အချိန်တိုင်း တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဖေးဖေးမမ ရှိတဲ့အတွက် ကြုံလာတဲ့အခက်အခဲတွေကို တူတူရင်ဆိုင်နိုင်တယ် ဆိုတာမျိုးလေးတွေ ဝမ်းသာဖွယ် အတော်တွေ့ရပါတယ်။

အဲဒါကြောင့် လူနာတစ်ယောက်ရောက်လာပြီး ဆေးသောက်နေတယ်ဆိုရင် ကိုယ်နဲ့ရင်းနှီးတဲ့သူ သို့မဟုတ် မိသားစုဝင် တစ်ဦးဦးကို ဖွင့်ပြောထားပြီးလား (disclosure status) ကို အမြဲမေးဖြစ်တယ်။ “ပြောထားပါတယ်၊ သူတို့ကလည်း ကူညီရိုင်းပင်းကြပါတယ်” ဆိုလို့ကတော့ တယ်လီရက် (TeleRed) က ဆရာဝန်တွေ ကိုယ့်လူနာအစား ပျော်ချက်ပဲ။ နောက်ပိုင်းကိစ္စတွေအတွက် အတူရင်ဆိုင်မယ့်သူတွေ ရှိလို့ပေါ့။

အကြောင်းအရာ အမျိုးမျိုးကြောင့် ဖွင့်မပြောရသေးဘူးဆိုလည်း အရင်းနှီးဆုံး သူငယ်ချင်း၊ မိသားစုဝင် ဘယ်သူ့ကို ပြောလို့ရမလားဆိုတာမျိုး လူနာနဲ့ ဆရာဝန် ခေါင်းချင်းဆိုင်ကြတာပေါ့လေ။ နောက်ဆုံး ဘယ်သူမှ မရှိလည်း ကိစ္စမရှိဘူး၊ ဒီဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ ရှိနေသေးတာပဲ မဟုတ်လား… အတူတူ အကြံထုတ်ကြရတာပေါ့။

ပထမဆုံးရက်မှာပဲ ခေါင်းစဉ်တွေအများကြီး ပြောမိသွားလား မသိဘူး။

နောက်ရက်တွေမှာတော့…

– ကိုယ့်ရဲ့ ရောဂါပိုးအခြေအနေကို တစ်ဦးတစ်ယောက်ကို ဖွင့်ပြောထားဖို့ (disclosure) ဘာလို့အရေးကြီးကြောင်း

– sero-discordant couple အကြောင်း

– အေအာတီ ဆေးကို အချိန်မှန် မိနစ်မလွဲ သောက်သုံးခြင်း (Good Adherence) က ဘာလို့အရေးကြီးကြောင်း

– ဒီဆရာဝန်တွေ၊ သူနာပြုတွေ၊ ကောင်ဆယ်လာတွေ ဘာလို့ ကောင်းဆဲလင်း ကောင်းဆဲလင်းပဲ (counselling) တောက်လျှောက်ပြောနေရကြောင်း

(တစ်နည်းပြောရရင် HIV/ ART နဲ့ ပတ်သက်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဘာလို့ စကားအလွန်ပြောနိုင်ကြကြောင်း – အခုတောင် စာအရှည်ကြီး ဖတ်နေရပြီ မဟုတ်လား)

– U=U၊ စီဒီဖိုး၊ HIV ပိုးကောင်ရေ စစ်ဆေးခြင်း

– ပီအီးပီ ပက်(ပ်) PEP ၊ ပီအာအီးပီ ပရက်(ပ်) PREP ၊ အေအာတီဆေး အမျိုးအစားလေးတွေ အကြမ်းဖျဥ်းနဲ့ ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးလေးတွေ

– ဆေးမတိုး HIV ပိုး

– ဖြစ်တတ်တဲ့ တွဲဖက်ပြင်းထန်ရောဂါ… အစရှိတဲ့ အကြောင်းလေးတွေ ပြောပြပေးမယ်နော်။

တခြား သိချင်တာလေးတွေ၊ ပြောချင်တာလေးတွေ ရှိရင်လည်း ကွန်းမန့်ထဲမှာ ရေးပေးသွားလို့ရပါတယ်။

.

HIV, ART တွေနဲ့ ပတ်သက်ပြီး ကျွန်မတို့နဲ့ တိုက်ရိုက် တိုင်ပင်ချင်တယ်၊ မေးမြန်းချင်တယ်ဆိုရင်လည်း တယ်လီကျန်းမာ မက်ဆင်ဂျာကနေတစ်ဆင့် တယ်လီရက် (TeleRed) ဆေးခန်းကို ဘွတ်ကင်တင်ထားလို့ရပါတယ်။ တယ်လီကျန်းမာ ပြည်သူ့ ဆေးခန်းတွေရဲ့ ထုံးစံအတိုင်း အခမဲ့ပါနော်….။

နေကောင်းကျန်းမာ စိတ်ချမ်းသာကြပါစေ ????

-ဒေါက်တာ မာယာ-

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here