အာဟာရနဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေကို အပတ်စဥ် မျှဝေပေးခဲ့တဲ့အနက် ဒီတစ်ပတ်မှာတော့ ကလေးတွေ အစားကျွေးရ ပိုလွယ်အောင်၊ အစာချေးမများအောင် လုပ်ဆောင်ဖို့အချက် (၁၀) ချက်ကို တင်ဆက်ပေးလိုက်ပါတယ်နော်။ ဒါလေးတွေကတော့…
.
(၁) ကလေးတွေ မီးဖိုချောင်ကို လာရှုပ်တဲ့အခါ (ဒါမှမဟုတ်) ဟင်းချက်နေတာကို လာစပ်စုတဲ့အခါ သူတို့လုပ်နိုင်တာလေးတွေ၊ အန္တရာယ်မဖြစ်တဲ့ဟာတွေ ပေးလုပ်ခြင်းအားဖြင့် အစားအစာကို ပိုရင်းနှီးလာအောင် လုပ်နိုင်ပါတယ်။
(၂) ကျန်းမာရေးနဲ့မညီညွတ်တဲ့ မုန့်တွေ၊ တအားချိုတာတွေ၊ လေဖောင်းမုန့်တွေ၊ အရသာမှုန့် အများကြီးပါတဲ့ အာလူးကြော်ထုပ်တွေ၊ ကြာရှည်ခံ အသားချောင်း၊ ၀က်အူချောင်း၊ ကြက်အူချောင်းတွေ၊ အားဖြည့်အချိုရည်တွေ သောက်ခြင်းစားခြင်းကို ထိန်းချုပ်ပါ။ အကန့်အသတ် ထားပါ။
(၃) သရေစာအနေနဲ့ အသီးအနှံ များများစားတတ်အောင် သူတို့ပတ်၀န်းကျင်မှာ ထားထားပါ။ ကျွေးကြည့်ပါ။ စကျွေးခါစမှာ ငြင်းတာပုံမှန်ပါ။ အစားအစာအသစ်တစ်ခုကို အကြိမ် ၄၀ လောက် အရသာခံပြီးမှ ကလေးက ကြိုက်လာ စားလာတာမို့ လွယ်လွယ်နဲ့ လက်မလျှော့ပါနဲ့။ သူတို့ဘာသာ ကိုင်စားလို့ရတဲ့အရွယ်လေးတွေဖြစ်အောင် အဆင်သင့်လုပ်ထားပေးတာမျိုး လုပ်ပေးပါ။
(၄) တတ်နိုင်သမျှ ကလေးကို စိတ်ကြည်အောင် ထားပါ။ ခွန်အားပေးတာ၊ ချီးမွမ်းပေးတာတွေ မကြာခဏလုပ်ပါ။
(၅) ထမင်းစားချိန် ကျင့်ပေးတာမျိုး လုပ်ပေးပါ။ အစားအစာကို လွယ်လွယ်ကူကူ ကျွေးလို့ရအောင် မိသားစုထမင်း၀ိုင်း အလေ့အကျင့်ကို ကလေးတွေပါ ပါ၀င်နိုင်အောင် အတူတူလုပ်ဆောင်ပါ။ လူကြီးတွေစားတာကို ကလေးတွေက လိုက်ကြည့်ပြီး လိုက်စားတတ်လာတာမို့ အနီးကပ်နေသူတွေကလည်း စားပြဖို့ လိုပါတယ်။
(၆) အစာစားတဲ့အချိန်ကို မိသားစုတွင်း အချိန်ပေးလုပ်ပါ။ ထမင်းစားချိန် ဖုန်းသုံးတာတို့ တီဗီကြည့်တာတို့ကို လူကြီးတွေလည်း မလုပ်သင့်တဲ့အပြင် ကလေးကိုလည်း အစလုပ်မပေးပါနဲ့… အစားအစာကို စားတဲ့အချိန် အရမ်းကြာသွားတာရော မြန်သွားတာရောက မကောင်းပါဘူး။ အစားတစ်ခု စားတဲ့အခါ အရသာကို သိမှတ်ပြီး စိတ်ပါလက်ပါစားတာ ပိုကောင်းပါတယ်။
(၇) မစမ်းကြည့်ရသေးဘဲ ကလေးမကြိုက်လောက်ဘူးလို့ မသတ်မှတ်ပါနဲ့။ အကြိမ်ကြိမ် ပုံစံအမျိုးမျိုးပြောင်းကျွေးကြည့်ရင် ကြိုက်လာနိုင်ပါတယ်။
(၈) လူကြီးအစာ ကလေးအစာ မခွဲဘဲ ကျန်းမာရေးနဲ့ညီညွတ်တာကို လူကြီးတွေကပါ စားပြတာ၊ မောင်နှမတွေက စားပြတာမျိုးဆို ကလေးတွေက သူ့အလိုလို စားတတ်သွားပါတယ်။
(၉) ကာတွန်း၊ ရုပ်ရှင်၊ ဗီဒီယိုတွေထဲမှာ သူတို့ကြိုက်တဲ့ ဇာတ်ကောင်တွေ စားပြရင် သူတို့လည်း အပြင်မှာလိုက်စားကြပါတယ်။
(၁၀) ကလေးတွေကြိုက်နှစ်သက်တဲ့ ဇာတ်ကောင်ပါတဲ့ ပန်းကန်ခွက်ယောက်တွေ သုံးတာမျိုးလည်း လုပ်နိုင်ပါတယ်။
…
…
မလုပ်သင့်တာတွေက…..
• လူကြီးတွေကိုယ်တိုင်က အစားချေးများရင်၊ အစားရွေးရင် ကလေးတွေလည်း လိုက်အတုယူပြီး အစားကျွေးရ ခက်တတ်ပါတယ်။
• အဆော့သန်တဲ့ကလေးကို သူတို့ဆော့တဲ့နေရာနောက် ပတ်လိုက်ပြီး အစာလိုက်ခွံ့တာမျိုး မလုပ်ပါနဲ့။ ကလေးကို ထမင်းစားချိန်နဲ့ ဆော့ချိန် ခွဲခြားထားရမှာကို သင်ပေးပါ၊ အကျင့်လုပ်ပေးပါ။ ဆော့ကစားပြီး မောလာတဲ့အခါ သူ့အလိုလို ဗိုက်ဆာလာမှာကို ဆော့ရင်းနဲ့စားလိုက်တော့ အစားကို စားလိုက်မိမှန်းတောင်မသိဘဲ ဗိုက်ပြည့်သွားပြီး တကယ်စားရမယ့်အချိန်ကျ အများကြီးမစားနိုင်ရင် ကလေးအတွက် အာဟာရမပြည့်၀တာ ဖြစ်နိုင်ပါတယ််။
• စားလို့ဖြစ်ဖြစ် မစားလို့ဖြစ်ဖြစ် ဆူတာ၊ အစားအစာနဲ့ပတ်သက်ပြီး တအားဆူတာ၊ ကလေးတွေ စိတ်ထိခိုက်စေတာမျိုးတွေ မလုပ်ပါနဲ့။ သူတို့ စားကြည့်ပြီး မကြိုက်လို့ ထွေးထုတ်တာ၊ မစားတော့တာတွေကို နားလည်ပေးပြီး နောက်အကြိမ်တွေမှာ အဲဒီအစားအစာကိုပဲ ထပ်ကျွေးကြည့်ပါ။ ပုံစံပြောင်းပြီး ကျွေးကြည့်ပါ။ ကလေးတွေက သူတို့ကြိုက်တာဆို တအားစားပြီး ကိုယ်စားစေချင်တာကျ သိပ်မစားတာမျိုးက ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ တအားကြီး တွန်းအားပေးတာမျိုးတွေ မလုပ်ဘဲ စိတ်ရှည်ပေးပါ။
• ကလေးတွေ အစားအစာအသစ်ကို မကြိုက်ဘဲ မြည်းကြည့်ရင်တောင် ချီးမွမ်းပေးတာမျိုးတွေ လုပ်ပါ။ စားနိုင်သလောက်စားတာကို အသိအမှတ်ပြုပေးပါ။
• တစ်ခုခုကို စားစေချင်လို့ တောင်းပန်တာတွေ၊ အလိုလိုက်တာတွေ မလုပ်ဘဲ နောက်နေ့ နောက်အကြိမ်တွေမှာ ဆက်ကြိုးစားပါ။
• ကလေးတွေကို တအားကြီး ကျန်းမာရေးနဲ့ ညီညွတ်အောင်ဆိုပြီး သကြားလုံး၀မပါတဲ့ ရွေးချယ်မှုတွေ၊ ဆီလျှော့သုံးတာတွေ၊ အဆီနည်းတဲ့ နွားနို့တွေ စတာတွေကို မလုပ်သေးလို့ ရပါတယ်။ ဒါ့အပြင် ကလေးတွေက အလွန်ဆော့တာမို့ ကယ်လိုရီ လိုအပ်တယ်ဆိုပြီး မစားစားအောင် သကြားတွေ အများကြီးထည့်တာမျိုးတွေလည်း မလုပ်နဲ့ပေါ့နော်….. မျှမျှတတနဲ့ သင့်တင့်လျောက်ပတ်တာမျိုးလေးတွေ ကျွေးပေးခြင်းဖြင့် ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရအစုံအလင်ကို ရရှိစေပါတယ်လို့ အကြံပြုလိုက်ပါရစေ….
ကလေးတွေ အစာကျွေးရမခက်ဘဲ အကုန်စားပြီး ပုံမှန်ကြီးထွားဖွံဖြိုးအောင် ဆုမွန်ကောင်းလည်း တောင်းပေးလိုက်ပါတယ်….။
.
အာဟာရဆရာဝန်တစ်ဦး
တယ်လီကျန်းမာ
(ကိုးကား) Reference : ????
Pediasure abbott handout tips ,1. Nicklas TA, et al. J Am Diet Assoc 2008;108:1038-1047. 2. Zelman KM. Kid Nutrition: Quick Tips for Parents. Available at: https:// www. webmd. com /parenting/features/kid-nutrition-quick-tips-parents?print=true Date Accessed: April 2021. 3.
Food variety and a healthy diet. Available at: https:// www. betterhealth. vic. gov .au /health/healthyliving/food-variety-and-a-healthy-diet Date Accessed: April 2021. 4.
Nutrition and Menu Planning for Children in the Child Care Food Program. Available at: http:// www. floridahealth. gov /programs-and-services/childrens-health/child-care-food-program/nutrition/_documents/nmp-workbook-2013.pdf Date Accessed: April 2021. 5.
Mayo Clinic Staff. Nutrition and healthy eating. Available at: https:// www .mayoclinic. org /healthy-lifestyle/nutrition-and-healthy-eating/in-depth/fat/art-20045550?p=1 Date Accessed: April 2021.
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.