ကိုယ်ဝန်ဆောင်ခြင်းနှင့် ဆီးချိုရောဂါ Diabetes & Pregnancy (October,2023)

0
213

ကိုယ်ဝန်ဆောင်ခြင်းနှင့် ဆီးချိုရောဂါ

အမျိုးသမီးများဟာ ကိုယ်ဝန်လွယ်ထားတဲ့အချိန်မှာ ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုဖြစ်စဉ်များစွာ ‌ဖြစ်ပေါ်ပါတယ်။ ဒီအပြောင်းအလဲတွေထဲ သွေးတွင်းသကြားဓာတ် ထိန်းညှိခြင်းဆိုင်ရာ အပြောင်းအလဲသည်လည်း ထိပ်ဆုံးက ပါဝင်ပါတယ်။ အချို့အမျိုးသမီးများဟာ နဂိုက ဆီးချိုရောဂါအခံမရှိပါဘဲ ကိုယ်ဝန်ဆောင်ချိန်ရောက်မှ သွေးတွင်းသကြားဓာတ်များခြင်း ဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီအကြောင်းကို ဖတ်ကြည့်လိုက်ရအောင်နော်။

ကိုယ်ဝန်ဆောင်ခြင်းဟာ ဆီးချိုရောဂါအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိစေလဲ

အမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်တဲ့အခါ ခန္ဓာကိုယ်ထဲက သကြားဓာတ်တွေကို ထိန်းဖို့အတွက် အင်ဆူလင် လိုအပ်မှုက နဂိုထက် တိုးလာပါတယ်။ ဆီးချိုရောဂါရှိပြီးသူ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ဒီအချိန်မှာ သောက်‌နေကျဆေးကို ပိုတိုးဖို့ လိုအပ်လေ့ရှိပါတယ်။ ဆီးချိုကို ကောင်းစွာမထိန်းသိမ်းနိုင်ရင် မိခင်အတွက်ရော သန္ဓေသားအတွက်ပါ ဆိုးကျိုးတွေရှိပါတယ်။ ဆီးချိုရောဂါရှင်တစ်ယောက်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဆရာဝန်ကို ပိုမိုပြသပြီး ဆီးချို မှန်မှန်စစ်ဖို့ လိုပါမယ်။ အဲဒါမှ မိခင်ရော ကလေးပါ ကျန်းမာပါမယ်။

ကိုယ်ဝန်ဆောင်ဆီးချို (Gestational diabetes) ဆိုတာက‌ရော ဘာလဲ

ကိုယ်ဝန်ဆောင်ဆီးချို ဆိုတာကတော့ အရင်က ဆီးချိုရောဂါမရှိဘဲ ကိုယ်ဝန်ရှိချိန်မှ ပထမဆုံး ဆီးချိုဖြစ်လာတာကို ဆိုလိုပါတယ်။ ဒီအခြေအနေမှာတော့ ကလေးမွေးပြီးတဲ့အချိန်ရောက်ရင် အများအားဖြင့် သွေးတွင်းသကြားဓာတ်ဟာ ပုံမှန်ပြန်ဖြစ်သွားလေ့ ရှိပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ ကိုယ်ဝန်ဆောင်ဦးရေ ၂၀ ကနေ ၅၀ အထိမှာ အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဖြစ်ခြင်းဟာလည်း ဆီးချိုရောဂါရှင် ကိုယ်ဝန်ဆောင်ခြင်းလိုပဲ အမေရော ကလေးပါ ကျန်းမာရေးဆိုးကျိုးတွေ ရှိပါတယ်။ မီးဖွားပြီးရင် အများစုက သွေးတွင်းသကြားဓာတ် ပုံမှန်ပြန်ဖြစ်သွားလေ့ရှိပေမယ့် နောက်တစ်ကြိမ်ကိုယ်ဝန်ဆောင်ရင် သွေးတွင်းသကြားဓာတ် ပြန်များနိုင်ခြေရှိပါတယ်။ အနာဂတ်မှာ ဆီးချိုရောဂါ အမြဲ ဖြစ်တဲ့အဆင့် ရောက်လာနိုင်ခြေလည်း ရှိပါတယ်။

ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်စေတဲ့ အချက်များကတော့…

– သက်ကြီး ကိုယ်ဝန်ဆောင်ဖြစ်ခြင်း

– ကိုယ်အလေးချိန် BMI ၃၀ နှင့်အထက်ရှိခြင်း

– ဆေးလိပ်သောက်သုံးသူများ

– ယခင်က ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ဖူးသူများ

– ကိုယ်ဝန် တစ်ခုနှင့်တစ်ခု အချိန်ခြားမှု နည်းခြင်း

– ယခင်က အကြောင်းအရင်း မယ်မယ်ရရမရှိဘဲ ကလေးအသေမွေးဖူးခြင်း

– ယခင်က ကလေးကိုယ်အလေးချိန် ၄.၅ ကီလိုဂရမ် နှင့်အထက် ထွားကျိုင်းသော ကလေး (Big Baby) မွေးဖူးခြင်း

– မိသားစုအတွင်း ဆီးချိုရောဂါရှိခြင်း

– တောင်အာရှ၊ ရှေ့အလယ်ပိုင်း၊ ကာရေဘီယမ်ကျွန်းစုနွယ်ဝင်များ စသူတို့မှာ ပိုတွေ့ရလေ့ရှိပါတယ်။

ဘယ်လို စစ်ဆေးမှုတွေ လုပ်သင့်သလဲ

ကိုယ်ဝန်ဆောင် ဆီးချိုကို စစ်ဆေးခြင်းဟာ ရိုးရိုး ဆီးချိုရောဂါ စစ်ဆေးခြင်းနဲ့ နည်းနည်းတော့ ကွာပါတယ်။ ရိုးရိုး လက်ထိပ်ဖောက်ရုံမဟုတ်ဘဲ ဂလူးကို့စ်တိုက်ကျွေးပြီး တစ်နာရီအကြာနဲ့ နှစ်နာရီအကြာတို့မှာ သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်း Glucose Tolerance Test (GTT) ကို အသုံးပြုရပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ပထမဆုံးအကြိမ် ဆရာဝန်နဲ့ပြသချိန်မှာ ဆီးချိုရှိ/မရှိ လက်ထိပ်ဖောက်စစ်ဆေးခြင်း (သို့မဟုတ်) GTT စစ်ရန် လိုပါတယ်။ ဒီ စစ်ဆေး‌မှုက ပုံမှန်ဖြစ်တယ်ဆိုရင် ကိုယ်ဝန် ၂၄-၂၈ ပတ်အတွင်းမှာ တစ်ခါထပ်စစ်ရပါမယ်။

အပေါ်က ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်စေတဲ့ အချက်များရှိရင် GTT ကို ၂၄-၂၈ ပတ်မှာ စစ်ဆေးရပါမယ်။

ကိုယ်ဝန်ဆောင်ဆီးချိုကို ကုသခြင်း

ကိုယ်ဝန်ဆောင်ဆီးချိုဟာ မိခင်နှင့်ကလေးကို ထိခိုက်နိုင်တာ မှန်ပေမယ့် ဆေးကုသမှုခံယူရင် ဆိုးကျိုးတွေကို တားဆီးနိုင်ပါတယ်။

ကုသမှုမှာ – အစားအသောက်ထိန်းခြင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းတို့ အဓိက ပါဝင်ပါတယ်။ တစ်ခါတစ်ရံ ဆီးချိုကျစေဖို့ ဆေးဝါးများဖြစ်တဲ့ Metformin သောက်ဆေး၊ အင်ဆူလင် Insulin ထိုးဆေးတို့ လိုအပ်တတ်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလ ပြီးသွားတဲ့အခါ

ကိုယ်ဝန်ဆောင်ကာလအပြီး၊ ကလေးထွက်ပြီးသွားတဲ့အခါမှာတော့ ထိုးဆေး၊ သောက်ဆေးတွေကို အများအားဖြင့် ဆက်မလို‌တော့ပါဘူး။ အများစုက ပုံမှန်ပြန်ဖြစ်သွားလေ့ရှိပါတယ်။

ဒါပေမယ့် နောင်ကိုယ်ဝန်များမှာ ပြန်ဖြစ်နိုင်ခြေရှိပြီး အနာဂတ်မှာလည်း ဆီးချိုရောဂါ ဖြစ်နိုင်ခြေများပါတယ်။

ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ဖူးသူ အမျိုးသမီးများဟာ…

– ကိုယ်အလေးချိန် ထိန်းဖို့

– ကိုယ်လက်လှုပ်ရှား ပုံမှန်လုပ်ဖို့

– ဆေးလိပ်မသောက်ဖို့ လိုပါတယ်။

– ကိုယ်ဝန်ဆောင်ကာလကိုလည်း ကိုယ်ဝန် တစ်ခုနဲ့ တစ်ခု တအားမကပ်စေဖို့ သတိထားရပါမယ်။

– ကလေးမွေးဖွားပြီး ၆ ပတ်အကြာမှာ သွေးတွင်းသကြားဓာတ် ပြန်စစ်ရပါမယ်။

– တစ်နှစ်တစ်ခါ ဆီးချိုစစ်ခြင်း ပုံမှန်လုပ်ရပါမယ်။

နဂို ဆီးချိုရောဂါရှိသူ အမျိုးသမီးများအတွက်လည်း ကိုယ်ဝန်မဆောင်မီ သိသင့်တဲ့ အကြံပြုချက်များ

အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင် မိခင်ရောကလေးပါ ဆိုးကျိုးများနိုင်မှုကို လျှော့ချနိုင်ပါတယ်…

• ကိုယ်ဝန်မယူမီ သေချာစီစဉ်ပြီးမှ ယူသင့်ပါတယ်။ မတော်တဆ ကိုယ်ဝန်ရသွားခြင်းမှ ကာကွယ်နိုင်ရန် သားဆက်ခြားခြင်း သေချာလုပ်ရန် လိုပါတယ်။

• ကိုယ်ဝန်မဆောင်မီ၊ ကိုယ်ဝန်ဆောင်နေစဉ် အချိန်တိုင်းမှာ ဆီးချိုကို ပုံမှန်ထိန်းထားဖို့ လိုပါတယ်။ ဒါမှသာ ကလေးအသေမွေးခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ မွေးရာပါ ကိုယ်လက်အင်္ဂါချို့ယွင်းသော ကလေးများ မွေးခြင်းမှ ကာကွယ်နိုင်ပါမယ်။

• ဆီးချိုရောဂါရှင်တိုင်း အစားအစာ၊ ကိုယ်လက်လှုပ်ရှားအားကစားနှင့် ကိုယ်အလေးချိန်ထိန်းခြင်းဆိုင်ရာ လိုက်နာမှုများကို လုပ်ပါ။

• ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးများကို စစ်ဆေးကုသပါ။

• ရင်သွေးယူဖို့ စီစဉ်ထားခြင်းရှိပါက Folic acid 5 mg ကို ကိုယ်ဝန်မဆောင်မီ အချိန်မှစတင်၍ ကိုယ်ဝန် ၁၂ ပတ် ရောက်သည်အထိ သောက်သုံးပေးခြင်းဟာ မွေးရာပါ ကိုယ်လက်အင်္ဂါချို့တဲ့ခြင်းကို ကာကွယ်နိုင်ပါတယ်။

• နေထိုင်မကောင်းပါက သွေးထဲရှိ အက်ဆစ်ဓာတ်တစ်မျိုးဖြစ်သော Ketone စစ်ဆေးခြင်း လုပ်သင့်ပါတယ်။

• ကိုယ်ဝန်မဆောင်မီ ဆေးလိပ်ဖြတ်သင့်ပါတယ်။ အရက်ကို လျှော့သောက်သင့်ပါတယ်။ ကိုယ်ဝန်ရှိနေချိန်မှာတော့ ဆေးလိပ်၊ အရက်လုံးဝ မသောက်သင့်ပါ။

• ကလေးမွေးဖွားပြီးနောက် မိခင်နို့ရည် တိုက်ကျွေးခြင်းဟာ ဆီးချိုရောဂါကို ပိုမိုထိန်းပေးနိုင်တဲ့အပြင် ကိုယ်အလေးချိန် ထိန်းပေးနိုင်တာမို့ ဒီလိုလုပ်ဆောင်ဖို့ တစ်ခါတည်း စဉ်းစားထားသင့်ပါတယ်။

ဆီးချိုရောဂါကြောင့် ကိုယ်ဝန်အပေါ်မှာ သက်ရောက်မှုများကိုလည်း ဆက်ပြောပြပါရစေ…

◾ကိုယ်ဝန်ဆောင်ထားချိန်တွင် သက်ရောက်မှုများ

– လမစေ့ဘဲမွေးခြင်း (၃၇ ပတ်မတိုင်မီ စောစီးစွာမွေးဖွားနိုင်ခြေ) ပိုများပါတယ်။

– ကိုယ်ဝန်ပျက်ကျခြင်း (သို့မဟုတ်) မမွေးမီ ကလေးသေဆုံးနိုင်ခြေ တိုးလာခြင်း

– ကိုယ်အလေးချိန်ပိုများသောကလေး မွေးရခြင်းကြောင့် ကလေးမွေးဖွားရန် ပိုမိုခက်ခဲစေနိုင်ခြင်း၊ ကလေး ရေမြွှာရည်မွန်းခြင်း (fetal distress)

– ရေမြွှာရည်များလွန်းခြင်း (polyhydramnios)

– ကိုယ်ဝန်ဆောင်ချိန်အတွင်း ရောဂါပိုးဝင်လွယ်ခြင်း၊ ဖြစ်လျှင်လည်း ရောဂါပြင်းထန်နိုင်ခြင်း

– ခွဲစိတ်မွေးဖွားရန် လိုအပ်နိုင်တဲ့အန္တရာယ် ပိုများလာခြင်း

.

◾ကိုယ်ဝန်ဆောင်ပြီးနောက် ကလေးအတွက် သက်ရောက်မှုများ

– မွေးရာပါ ကိုယ်လက်အင်္ဂါချို့ယွင်းခြင်း

– သွေးတွင်းသကြားဓာတ်နည်းခြင်း (hypoglycemia)

– Respiratory distress syndrome (ခေါ်) အသက်ရှူလမ်းကြောင်းရောဂါ ဖြစ်ပွားခြင်း

– ကလေး အသားဝါခြင်း

– မွေးချိန်တွင် ဒဏ်ရာရနိုင်‌ခြေရှိခြင်း (birth injury)

– မွေးပြီးပြီးချင်း ကလေးသေဆုံးနိုင်ခြေ ပိုများခြင်း

.

◾မိခင်အတွက် သက်ရောက်မှုများ

– ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်းနှင့် သွေးခဲခြင်း

– သွေးတွင်းသကြားဓာတ် အလွန်မြင့်မားခြင်းကြောင့် သွေးတွင်း အက်ဆစ်ဓာတ်များခြင်း (ketoacidosis) (သို့မဟုတ်) သွေးချို အလွန်အမင်းကျဆင်းခြင်း

– မျက်စိပြဿနာများနှင့် ကျောက်ကပ်ဆိုင်ရာ ပြဿနာများအပါအဝင် ရေရှည်ဆီးချို နှီးနွယ်ရောဂါများ ပိုမိုဆိုးရွားလာနိုင်ခြင်း။

ဆီးချိုရောဂါရှိသူ ကိုယ်ဝန်ဆောင်များကို ထပ်မှာချင်တာကတော့…

• ကိုယ်ဝန်ဆောင်ချိန်တွင် သွေးတွင်းသကြားဓာတ် အမြဲ စစ်ဆေးသင့်ပါတယ်။

• ဆီးချိုကို ပုံမှန်အနေအထားရောက်အောင် သေချာထိန်းရပါမယ်။

• ဆရာဝန်ရက်ချိန်း မှန်မှန်ပြရပါမယ်။

• မီးဖွားတဲ့အခါ ဆေးရုံမှာပဲ ကလေးမွေးဖွားရပါမယ်။ မိခင်နဲ့ကလေးအတွက် အရေးပေါ် ကျန်းမာရေးချို့ယွင်းခဲ့ရင် အချိန်မီကုသမှု ရဖို့ပါ။

.

ဆီးချိုရောဂါဟာ သင်နှင့် သင့်ရင်သွေးအတွက် ကျန်းမာရေးပြဿနာများစွာ ရှိနိုင်တာ မှန်ပေမယ့် ပုံမှန် သွေးတွင်းသကြားဓာတ် စစ်ဆေးမှုများ၊ ကောင်းမွန်သော ကုသမှုများကို လိုက်နာရင် သင့်ကိုရော သင့်ရင်သွေးကိုပါ နေကောင်းကျန်းမာပြီး လှပတဲ့ မိသားစုဘဝများ ရရှိမှာဖြစ်ပါတယ်။။

အထူးကုသမားတော်တစ်ဦး

တယ်လီကျန်းမာ

Reference : ????

https:// patient. info /pregnancy/pregnancy-complications/diabetes-and-pregnancy

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here