သွေးဝမ်းသွားခြင်း Dysentery (October,2023)

0
200

Bloody diarrhea, Dysentery (သွေးဝမ်းသွားခြင်း)

Dysentery (သွေးဝမ်းသွားခြင်း) ဘာကြောင့်ဖြစ်လဲဆိုရင် ခန္ဓာကိုယ်ထဲကို ပြင်ပကနေ ပိုးတွေဝင်ခြင်းကြောင့်ဖြစ်ပါတယ်။ အထူးသဖြင့် မသန့်ရှင်းတဲ့၊ ရောဂါပိုးပါနေတဲ့ အစားအစာနဲ့ ရေတို့ကို ‌စားသုံးမိခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ အူလမ်းကြောင်းတစ်လျှောက် ပိုးဝင်ပြီး သွေးဝမ်းသွားခြင်းကို ဖြစ်စေတာပါ။

..

..

Types (အမျိုးအစား)

အဓိကအားဖြင့် နှစ်မျိုးခွဲလို့ ရပါတယ်။

၁။ Bacillary dysentery

Shigella လို့ခေါ်တဲ့ bacteria ကြောင့်ဖြစ်တဲ့ သွေးဝမ်းသွားခြင်းပါ။

.

၂။ Amoebiasis or Amoebic Dysentery

Entamoeba histolytica လို့ခေါ်တဲ့ amoeba ကြောင့်ဖြစ်တာပါ။ ဒီနိုင်ငံမှာ အဖြစ်များဆုံးပုံစံပါ။ ပြင်းထန်တဲ့ အခြေအနေတွေမှာဆို အသက်အန္တရာယ်ဆုံးရှုံးမှုအထိ ဖြစ်နိုင်ပါတယ်။

အမျိုးအစား ၂ မျိုးလုံးကတော့ မစင်မှတစ်ဆင့် (fecal-oral route) ကပဲ ကူးပါတယ်။

အဓိကအားဖြင့်တော့ တစ်ကိုယ်ရေသန့်ရှင်းမှု (Personal Hygiene) မကောင်းလို့ ဖြစ်တာများပါတယ်။ မြစ်ကမ်းဘေးတွေမှာ အိမ်သာတွေဆောက်ထားကြပြီး စွန့်ပစ်တဲ့အခါ မလုံတာတို့၊ အလေးသွားပြီး စွန့်ပစ်ပစ္စည်းတွေကို သေချာမစွန့်ပစ်ခဲ့ရင် မြစ်ကြောင်းတစ်လျှောက် ရောဂါပိုးပါသွားတတ်ပါတယ်။ ဘယ်လိုနေရာတွေမှာ အဖြစ်များသေးလဲဆိုတော့ ရေကူးကန်တွေ၊ မူကြိုကျောင်းတွေနဲ့၊ သက်ကြီးလူအိုရုံတွေမှာ outbreak အဖြစ်များတတ်ပါတယ်။

..

..

Symptoms (ရောဂါလက္ခဏာများ)

၁၊၊ ကိုယ်ပူခြင်း

၂၊၊ ဗိုက်ကြွက်သားများ ညှစ်ထားသလို နာခြင်း

၃၊၊ ဝမ်းသွားလျှင် သွေးစများ၊ အချွဲများပါခြင်း

(ရောဂါပြင်းထန်ပါက ၁ နာရီလျှင် ၁ လီတာလောက်အထိ ဝမ်းအရည်များ သွားတတ်ပါတယ်)

၄၊၊ မူးဝေခြင်း

၅၊၊ အန်ခြင်း အစရှိသည်တို့ ဖြစ်စေနိုင်ပါတယ်။၊

..

..

Treatment (ကုသခြင်း)

များသောအားဖြင့် ရောဂါမပြင်းထန်ရင် (Oral rehydration therapy) ရေဓာတ်ဖြည့်ခြင်းဖြင့် ကုသနိုင်ပါတယ်။ ထွက်သလောက် ပမာဏအတိုင်း ရေပြန်သောက်ပေးခြင်းအပြင် လိုအပ်ပါက ဓာတ်ဆားရည် သောက်‌လို့ရပါတယ်။ ရောဂါပိုးကြောင့် ကူးတာဖြစ်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ ပုံမှန်ဇီဝဖြစ်စဉ်အရ ပြန်လည်တိုက်ထုတ် ကုသပေးနိုင်ပါတယ်။

ဒါပေမယ့် ကလေးငယ်‌တွေ၊ သက်ကြီးပိုင်းတွေအတွက်တော့ သွေးဝမ်းသွားရင် မပေါ့ဆဖို့လိုအပ်ပါတယ်။ ကလေးငယ်လေးတွေရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံအရ သက်လတ်ပိုင်း လူငယ်တွေနဲ့ မတူတာကြောင့် ဝမ်းသွားလွန်းလို့ ရေဓာတ်ခမ်းခြောက်လာရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ အဲဒါကြောင့် ကလေးငယ်တွေဝမ်းသွားတာဆိုရင်သတိထားသင့်ပါတယ်။ လိုအပ်ပါက ဆေးရုံ၊ဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်ရန် လိုအပ်နိုင်ပါတယ်။

..

..

Prevention (ကာကွယ်ခြင်း)

ဒီရောဂါအတွက် အရေးကြီးဆုံးအပိုင်းဆိုလည်း မမှားပါဘူး။ အဓိကလုပ်ဆောင်ရမှာကတော့ နှစ်ပိုင်းရှိပါတယ်…

၁။ သူများကို မကူးစက်မိအောင် ဘယ်လိုကာကွယ်ရမလဲ ဆိုတာနဲ့

၂။ သူများဆီက မကူးအောင် ဘယ်လိုကာကွယ်ရမလဲ ဆိုတာပါ။

.

(၁) သူများကိုမကူးအောင် ဘယ်လိုကာကွယ်မလဲ

– အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင်ဆေးပါ။

– အိမ်မှာ ကလေးငယ်တွေ ရှိရင်လည်း လက်ဆေးနည်းကို သေချာသင်ကြားပေးပါ။

– တခြားသူကို ဟင်းချက်ကျွေးတာတွေ၊ ထမင်းပွဲပြင်ပေးတာတွေကို ရောဂါလက္ခဏာပျောက်ပြီး ၄၈ နာရီထိ မလုပ်သင့်ပါ။

– အိမ်သာအတွင်းရှိပစ္စည်းများ ရေပိုက်၊ ဘိုထိုင်၊ ရေပိုက်ခေါင်း အစရှိသည်တို့ကို နေ့စဉ်ပိုးသတ်ပါ။

– ရောဂါလက္ခဏာ သက်သာပြီးသည်အထိ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ပါ။

.

(၂) သူများဆီကမကူးအောင် ဘယ်လိုကာကွယ်မလဲ။

– အိမ်သာ မတက်ခင်နှင့် တက်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင်ဆေးပါ။

– အစာမစားမီနဲ့ စားပြီးတိုင်းလည်း လက်ဆေးဖို့မမေ့ပါနဲ့။

– ရေကို ကျိုချက်ပြီးမှ သောက်သုံးပါ။

– လမ်းဘေးအစားအစာတွေစားတိုင်း သေချာစွာချက်ပြုတ်ထားတာကိုပဲ စားပါ။

– ကလေးငယ်တွေကို ပစ္စည်းတွေကိုင်အပြီး ပါးစပ်၊ နား၊ နှာခေါင်း၊ မျက်စိထဲ လက်မထည့်မိအောင် ဂရုစိုက်ပေးပါ။

အထက်ကဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့ သွေးဝမ်းသွားခြင်းရောဂါ မဖြစ်အောင်၊ မပြန့်ပွားအောင် ဂရုတစိုက် ပြုလုပ်ပေးသင့်ပါတယ်။ ရောဂါလက္ခဏာ‌ပြင်းထန်ပါက နီးစပ်ရာ‌ ဆေးရုံ၊ ဆေးခန်းသို့ အမြန်သွားရောက်သင့်ကြောင်း သတိ‌ချပ်စေချင်ပါတယ်။

Reference : ????

https:// www. nhs. uk /conditions/dysentery/

https:// medbroadcast. com /condition/getcondition/dysentery

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here