“ ကလေးမီးဖွားပြီးခါစ အမျိုးသမီးများ ဆီးမထိန်းနိုင်ခြင်း ပြဿနာ”
ဒီပြဿနာဟာ ကမ္ဘာပေါ်က ကလေးမီးဖွားပြီး အမျိုးသမီး (၃) ယောက်မှာ (၁) ယောက် တွေ့ကြုံ ခံစားကြရတဲ့ ပြဿနာပါ။ မိမိ တစ်ဦးတစ်ယောက်ထဲမှ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဆီးမထိန်းနိုင်တာမျိုး မဟုတ်ပါဘူးနော်။
..
????ကလေးမွေးပြီး ဘာလို့ ဆီးမထိန်းနိုင်ရတာလဲ
ကိုယ်ဝန်ဆောင်ချိန် ထွက်လာတဲ့ ဟော်မုန်းတွေရယ်၊ ကလေးမီးဖွားခြင်းကြောင့် တင်ပါးဆုံကြွက်သားတွေအားနည်းတာရယ် ပေါင်းပြီး ဆီးမထိန်းနိုင်ခြင်း ဖြစ်တာပါ။
အမျိုးသမီးတချို့မှာ ကလေးမီးဖွားပြီးနောက် အပြင်မှာ သွားလာနေရင်း ချောင်းဆိုး၊ နှာချေ၊ ရယ်မိရင် ဆီးအနည်းငယ်ထွက်ကျတာမျိုး ဖြစ်တတ်သလို၊ တချို့ကတော့ ဆီးအကုန်မထိန်းနိုင်ဘဲ ထွက်ကျတတ်ပါတယ်။
..
????ဘယ်လို အမျိုးသမီးတွေမှာ အဖြစ်များလဲ
– ကိုယ်ဝန်ဆောင်ချိန် ဆီးလမ်းကြောင်း (သို့) ဝမ်းလမ်းကြောင်း ပြဿနာရှိသူ
– ကလေးရိုးရိုးမွေးဖွားတဲ့သူ
– ကလေးမွေးချိန် ကြာမြင့်တဲ့သူ
– ကလေးမွေးဖွားရခက်ခဲပြီး လေစုပ် (သို့) ညှပ် အသုံးပြုမွေးဖွားရသူ
– ပထမဆုံး သားဦးကလေး မွေးဖွားသူ
– ထွားတဲ့ကလေး မွေးဖွားရသူ စသူတွေမှာ ဖြစ်တတ်လေ့ ရှိပါတယ်။
(ကိုယ်ဝန်ကို ပထမဆုံးအကြိမ် ခွဲမွေးသူတွေမှာတော့ ၅-၁၀% လောက်ပဲ ဖြစ်တတ်ကြပြီး၊ (၃) ကြိမ်အထိ ကိုယ်ဝန်ခွဲမွေးဖူးရင်တော့ ရိုးရိုးမွေးတဲ့မိခင်တွေနဲ့ ဖြစ်နိုင်ခြေအတူတူ ဖြစ်သွားမှာပါ)
..
????ကလေးမွေးပြီး ဆီးမထိန်းနိုင်တာကို ဘယ်လိုပြန်ထိန်းကြမလဲ
ဆီးအိမ်ကို ပြန်လေ့ကျင့်ပါ။ ဆီးအိမ်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဖိခံထားရတာဖြစ်တာမို့ ဆီးအိမ်ထဲ ဆီးနည်းနည်းရှိတာနဲ့ကို ဆီး ခဏခဏ သွားချင်တတ်ပါတယ်။ ဒါကြောင့် ဆီးကို ဆီးအိမ်ပြည့်ပြီး အလွန်သွားချင်တဲ့အချိန် (အချိန် ၂ နာရီလောက်ကြာမှ) ဆီးထိန်းပေးပြီး ဆီးပြန်သွားခြင်းကို လေ့ကျင့်ပေးပါ။
တင်ပါးဆုံကြွက်သားတွေ သန်မာလာအောင် လေ့ကျင့်ခန်း သေချာပြန်လုပ်ပေးပါ။ လေ့ကျင့်ခန်းဆိုတာ ခုန်ပေါက်တဲ့လေ့ကျင့်ခန်း မလုပ်ရပါဘူး။ Pelvic Floor ကြွက်သားတွေကို သန်မာစေတဲ့ Kegal exercise လေးတွေ တစ်နေ့ နာရီဝက် အနည်းဆုံးကစားပေးပါ။ Kegal exercise လုပ်ရတာ အင်မတန်လွယ်ကူပြီး Pelvic floor အတွက် အကျိုးသက်ရောက်မှု မြန်ပါတယ်။ တချို့လေ့ကျင့်ခန်းဆို ထိုင်စကားပြောနေရင်းတောင် တင်ပါးဆုံကြွက်သားကျုံ့ပြီး ကစားလို့ရပါတယ်။
တစ်ခုသတိထားရမှာက Kegal exercise ဆော့တဲ့အခါ ပိုမိုထိရောက်အောင် တင်ပါးကြွက်သားတွေကို သေချာညှစ်ကစားပေးပါ။ နားလည်တတ်ကျွမ်းတဲ့သူတွေ ကစားပြတဲ့ Video ကို ကြည့်ပြီးဖြစ်စေ၊ Trainer နဲ့ဖြစ်စေ သေချာကစားပေးပါ။
လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်ဆေး (သို့) ခွဲစိတ်တာမျိုးလည်း ပြုလုပ်ပေးလို့ ရပါတယ်။
..
????ဆီးမထိန်းနိုင်ခြင်း သက်သာအောင် ဘယ်လိုကာကွယ်ရမလဲ
• အမျှင်ပါသော အသီးအရွက် နေ့စဉ်စားပေးပါ။
• ရေကို တစ်နေ့ (၂) လီတာလောက် သောက်ပေးပါ။ (တစ်နေ့ကို ရေဘယ်လောက်ပဲ သောက်ပါဆိုပြီး ဆရာဝန်က ကန့်သတ်ထားသော လူနာမှလွဲ၍)
• Pelvic floor လေ့ကျင့်ခန်း တစ်နေ့ မိနစ် (၃၀) ကြိုတင် လေ့ကျင့်ပေးထားပါ။
• အလေးမတာ၊ ခုန်ပေါက်ကစားတာမျိုး မလုပ်ရပါဘူးနော်။ လမ်းလျှောက်တာ၊ လှေကားတက်တာမျိုးကတော့ ရပါတယ်။
• ဆေးလိပ်သောက်တတ်ရင် ရပ်ပါ/ဖြတ်ပါ။
• ကိုယ်အလေးချိန်ကို အတတ်နိုင်ဆုံး ပုံမှန်ဖြစ်အောင် ကြိုးစားလျှော့ပါ။
• ဝမ်းချုပ်မခံဘဲ ပုံမှန် ဝမ်းသွားအောင် နေပါ။ လိုအပ်ရင် ဝမ်းပျော့ဆေး သောက်လို့ ရပါတယ်။
• ဆီးလမ်းကြောင်းပိုးဝင်သလို၊ ဆီးအမြဲသွားချင်နေသလိုဖြစ်ရင် ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ပါ။
..
????မီးဖွားအပြီး ဆီးမထိန်းနိုင်တဲ့ အမျိုးသမီးများကို ဘယ်လို စောင့်ရှောက်ပေးရမလဲ
မီးဖွားပြီး အမျိုးသမီးအများစုဟာ သက်လတ်ပိုင်းဖြစ်တာကြောင့် ဆီးမထိန်းနိုင်ခြင်းက လူနာကို စိတ်ပိုင်းဆိုင်ရာအားငယ်မှုပါ ပေးနိုင်ပါတယ်။
ဒါကြောင့် လူနာရဲ့ အမျိုးသား၊ ပတ်ဝန်းကျင်၊ မိသားစုက အပြစ်တင်ခြင်းမလုပ်ဘဲ ပိုပြီးကြင်နာပေးပြီး ကူညီပေးပါ။
ဆီးမထိန်းနိုင်တဲ့အမျိုးသမီး အပြင်သွားမယ်ဆို Pad ခံတာမျိုး underwear ၊ ထမီ စသည်တို့ အပိုဆောင်းသယ်တာမျိုး လုပ်ပေးပါ။
မိမိသွားတဲ့နေရာမှာ အိမ်သာ ဘယ်နားရှိလဲ လေ့လာပါ။
ရယ်တဲ့အချိန်၊ ချောင်းဆိုး နှာစေးချိန်ဆို ပေါင်နှစ်ဖက်ကို စိပြီး ခြေထောက်ချိတ်ပေးထားပါ။
နောက်ဆုံးအနေနဲ့ ကျွန်မအတွေ့အကြုံအရ မီးဖွားပြီးခါစ မေမေအများစုမှာ ဒီလိုမျိုးဖြစ်တတ်တာကို တွေ့ရပါတယ်။ လေ့ကျင့်ခန်းသေချာပြန်လုပ်ရင် သက်သာသွားကြပါတယ်။ တခြားနိုင်ငံတွေမှာလည်း ဒီလို အလားတူပြဿနာရှိလို့တောင် ပညာပေးဇာတ်ကားတွေ ရိုက်ကြပါတယ်။ ဒီကိစ္စဟာ ရှက်ရွံ့စရာ မဟုတ်ပါဘူး။
ကလေးမွေးထားတဲ့ မေမေတို့အားလုံး အဆင်ပြေကြပါစေရှင်။
Dr Cool
တယ်လီကျန်းမာ
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.